Chapter 22_U

13.8K 1.1K 34
                                    

ညနေစောင်းတော့ ခန့်မင်းညိုတို့လင်ခင်ပွန်းနှစ်ယောက် ပွဲဈေးတန်းသွားရန်အတွက် ရေမိုးချိုးကာ ရှိုးစမိုးထုတ်ကြတော့သည်။

ခန့်မင်းညိုက စပို့စ်ရှပ်အင်္ကျီနက်ပြာရောင်နှင့် ဂျင်းဘောင်းဘီကို ဝတ်ထားသည်။

ခန္ဓာကိုယ်နှင့် ကွက်တိဖြစ်နေသော စပို့စ်ရှပ်အင်္ကျီနက်ပြာရောင်က ခန့်မင်းညို၏ယောက်ျားပီသပြီး ကျစ်လစ်တောင့်တင်းသောခန္ဓာကိုယ်ကို ပိုပေါ်လွင်စေသည်။

ကျစ်လစ်သန်မာသော ခြေတံရှည်ကြီးများကို ပိုင်ဆိုင်ထားသည့် ခန့်မင်းညိုက ဂျင်းဘောင်းဘီဝတ်ထားတာကြောင့် ခါတိုင်းထက်ပိုမိုဆွဲဆောင်မှုရှိကာ ချောမောခန့်ညားနေသည်။

"မြတ်လေး အဆင်သင့်ဖြစ်ပြီလား"

"ဟုတ်"

အိပ်ခန်းအတွင်းမှ အဝတ်အစားလဲကာ အခန်းအပြင်သို့ ထွက်လာသည့် မြတ်လေးက ဘောင်းဘီရှည်အနက်ရောင်လေးနှင့် ရှပ်အင်္ကျီအပြာရောင်လေးအား ဝတ်ထားကာ အပေါ်မှ ဆွယ်တာဆင်စွယ်ရောင်လေးထပ်ဝတ်ထားသည်။

ခန့်မင်းညိုမှာတော့ အလှကြီးလှကာ အလွန်ချစ်စရာကောင်းနေသည့် သူ့ခင်ပွန်းလေးကို ငေးမောကြည့်နေမိတော့၏။

မြတ်လေးကတော့ သူ့ယောက်ျား၏ သူ့အားပေါက်ထွက်မတတ်ကြည့်နေသော အကြည့်စူးစူးများကြောင့် မနေတတ်တော့။

ရှက်လာသည်မှာ မျက်နှာပင် ပူနွေးလာသည်အထိ။

ခန့်မင်းညိုက မြတ်လေးအနား တိုးကပ်သွားလိုက်ပြီး မြတ်လေး၏ ရှပ်အင်္ကျီကော်လံအား ဆွယ်တာ အပြင်ဘက်သို့ထုတ်ပေးလိုက်ကာ သေချာပြင်ပေးလိုက်သည်။

"ကိုယ့် အမျိုးသားလေးက အရမ်းချော ... အရမ်းချစ်စရာကောင်းနေတော့ ကိုယ် ပွဲဈေးတန်းကိုတောင် ခေါ်မသွားချင်တော့ဘူး"

ခန့်မင်းညိုက ထိုသို့ပြောတော့ မြတ်လေးက ရှက်ပြုံးလေးပြုံးလိုက်ပြီး ပြောလာ၏။

"အကို က အရမ်းစကားတတ်တာပဲ ... အရင် အကိုနေခဲ့တဲ့နေရာမှာ ဒီလိုစကားမျိုးနဲ့ လူဘယ်နှစ်ယောက်လောက်ကို အပိုင်ချုပ်ဖူးလည်း မသိဘူး"

အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)Where stories live. Discover now