အပိုင်း(၁)

232 14 1
                                    

အပိုင်း (၁)
X city ၏ ပထမဆုံးသော ပြည်သူ့ဆေးရုံ (၁)

ဘတ်စ်ကားသည် လမ်းတစ်လျှောက် ချောမွေ့၊ ငြိမ့်ညောင်းစွာ မောင်းနှင်နေပေသည်။ ဆောင်းဦးနှောင်းပိုင်း အချိန်ခါသမယလေး၏ နေ့လည်ခင်းတွင် တောက်ပပြီး နွေးထွေးလွန်းသည့် နေရောင်ခြည် တန်းလေးက၊ ဘတ်စ်ကား ပြတင်းပေါက်မှ တစ်ဆင့် ချီလဲ့ရွမ်၏ ခန္ဓာကိုယ်ပေါ်သို့ ဖြာကျနေပြီး၊ သူ့ကို သက်သောင့်သက်သာ ဖြစ်နေစေပေသည်။ ဘေးတစ်ဖက်ခုံ၌ ထိုင်ရင်း သူ့ချစ်သူကောင်လေးဖြင့် ဖုန်းမှတစ်ဆင့် ရန်ဖြစ်စကားများနေသော၊ ကောင်မလေးသာ ရှိမနေရင်တော့၊ ဒီတစ်ခေါက်ခရီးဟာ သူသွားဖူးသမျှထဲမှာ အငြိမ်းချမ်းဆုံးခရီးတစ်ခု ဖြစ်ကောင်းပါရဲ့။

ဒါပေမယ့်လည်း သူ့ရဲ့ ပျက်သွားတဲ့ကွန်ပျူတာကို ပြန်ပြင်ရမှဖြစ်တာကြောင့် ဒီခရီးထွက်လာခဲ့ကြောင်း ပြန်စဉ်းစားမိရင်း၊ သူ မပျော်နိုင်တော့ပေ။

ချီလဲ့ရွမ် အနေနဲ့ အခုချိန်ထိ နားမလည်နိုင်ဖြစ်နေသေးပေသည်။ သူက ရိုးရှင်းလှပြီး၊ PC ဖြင့် မပြောနှင့်၊ ဖုန်းနှင့်ပင် အေးအေးဆေးဆေး ကစားနိုင်သည့် သာမာန်ဂိမ်းလေး တစ်ခုကို ကစားခဲ့ခြင်းဖြစ်သော်ငြား၊ အဆုံးသတ်ရလဒ်အနေနဲ့ သူ့ ကွန်ပျူတာ မျက်နှာပြင်ဟာ မည်းသွားခဲ့လေသည်။ ဒါက လုံးဝကို ပြက်လုံးတစ်ခုလိုဘဲ၊ ဒီကွန်ပျူတာကို သူ လအနည်းငယ်လောက်ကမှ ဝယ်ခဲ့တာလေ!

'ဒါပေမယ့်လည်း... ပြန်တွေးကြည့်ရရင် ထိုဂိမ်းက အတော်တော့ ကြောက်ဖို့ကောင်းသား...'

ထို ဂိမ်းက လတ်တလောမှာ လူငယ်တွေကြား အလွန်ရေပန်းစားနေသည့် "Nightmare game" ဟု အမည်ရှိသော ဂိမ်းပင်ဖြစ်သည်။ လွန်ခဲ့တဲ့နှစ်ရက်က ဂိမ်းဖိုရမ်မှာ သူ ထိုဂိမ်းကိုရှာတွေ့ခဲ့တာဖြစ်ပြီး၊ လွယ်တကူပင် ဒေါင်းလုတ် လုပ်နိုင်ခဲ့သည်။ သာမာန် နာမည်၊ ဂိမ်း screen shot တွေ ကြိုမပြထားသည့် ဂိမ်းတစ်ခု၊ သူ့အနေနဲ့ ထိုဂိမ်းကို စမကစားခင်မှာ ဘယ်လိုအရာတွေက ဖျော်ဖြေဖို့ စောင့်နေမလဲ ဆိုတာအတွက် စိတ်လှုပ်ရှားနေခဲ့သည်။ အဆုံးတွင်တော့ ထိုဂိမ်းရဲ့ မြင့်မားသည့် graphic အရည်အသွေးကြောင့် သူ မအံ့ဩဘဲ မနေနိုင်ခဲ့ပေ။

Welcome to the nightmare game Where stories live. Discover now