CHAPTER - 28 🙆 Zawgyi 🙆

481 16 0
                                    

မေလ၏ လဆန်းရက်ပိုင်းများတွင် တက္ကသိုလ်တို့၏ ဒုတိယနှစ်ဝက် ကျောင်းဖွင့်ရာသီ ပြန်လည် ရောက်ရှိလာ၍ ခက်ဆစ်တို့ ကျောင်းပြန်တက်ရပါသည်။ သို့ရာတွင် ကျောင်းဖွင့်ဖွင့်ချင်း ပထမတစ်ပတ်အတွင်းမှာတော့ စာသင်ချိန်မရှိသည်ကများ၍ ခက်ဆစ်တို့ အားလပ်ကြပါ၏။ ထို့ကြောင့် အားလုံးဆုံသည့် အားလပ်ရက် တစ်ရက်တွင်တော့ သူတို့ ကုသိုလ်တော်ဘုရားသို့ ထွက်ခဲ့ကြပါသည်။

ကြားရက်ဖြစ်၍ ဘုရားတွင် ဘုရားဖူးလာသူ နည်းသဖြင့် တိတ်ဆိတ်သည်။ ဘုရားမုခ်ဦးရှေ့က ကြာပန်းဆိုင်ကလေးများထံ ခက်ဆစ်က ကြာပန်းတစ်စည်း သွားဝယ်လိုက်သည်။ သက်တံ့က ခက်ဆစ် ဝယ်လာသည့် ကြာပန်းတစ်စည်းကို မြင်တော့...

"ခက်ဆစ်...၊ ကြာပန်းက ဘာလုပ်ဖို့လဲ"

"ကြာပန်းပါဆို ငါ ပန်ဖို့ ဟေ့... ငါ ပန်ဖို့ ဟုတ်ပြီလား"

ဘုရားကပ်ရန် ဝယ်လာမှန်း သိသိရက်နှင့် လာမေးသည့် သက်တံ့အား ခက်ဆစ်က မြင်ပျင်းကပ်ကပ်နှင့် ခပ်ရွဲ့ရွဲ့ ပြန်ဖြေလိုက်တော့ သက်တံ့တစ်ယောက် ရယ်ပါ၏။

"ဘုရားကပ်ဖို့ မှန်း သိပါတယ်ဟ...၊ ဘုရား မကပ်ခင် ငါ့ကို ခဏ ငှားပါလား"

စကား မရှိ၊ စကား စ, ကတည်းက ‌သက်တံ့ ဘာကို ရည်ရွယ်နေသည်ဆိုတာကို ခက်ဆစ် သိပါ၏။

"ပန်းကိုင်ပြီး ဓာတ်ပုံရိုက်မလို့ မလား...၊ မင်း ရိုက်မှတော့  နေ့သစ်ရော...၊ မိုင်းရော ရိုက်ကြတော့မယ်။ မင်းတို့ လက်စုံ ကိုင်ပြီးသွားတော့ ငါ့ ကြာပန်းလေးက ညှိုးသွားမှာပေါ့...၊ မငှားနိုင်ပါဘူး။ ကိုယ့်ဟာကိုယ် ရိုက်ချင်ရင် ကိုယ့်ပိုက်ဆံနဲ့ ကိုယ် ဝယ် ရိုက်၊ ငှားကြွားမလုပ်ချင်နဲ့"

ခက်ဆစ်တို့ စကားပြောနေသည်ကို ခပ်လှမ်းလှမ်းကနေ မသိမသာ ကြည့်၍ နားထောင်နေသည့် နေ့သစ်ပါ ကြားအောင် ခက်ဆစ်က အသံမြှင့်၍ ပြောလိုက်‌တော့ နေ့သစ်က မျက်စောင်းတစ်ချက် လှမ်းထိုး၏။ ဓာတ်ပုံရိုက်ရတာ ဝါသနာမပါသည့် ကွန့်မြူးကတော့ ပြုံးစိစိဖြင့် ခေါင်းညိတ်၍သာ နေခဲ့သည်။

"ဟာ... ခဏ ပေးလိုက်ပါ ခက်ဆစ်ရဲ့။ ကိုယ်လည်း ဓာတ်ပုံရိုက်ချင်လို့ပါ။ နော်..."

အချစ်စစ်ပုံပြင် 💙 အချစ်စစ်ပုံပြင် { COMPLETED}Where stories live. Discover now