နည်းပညာ တက္ကသိုလ် (မန္တလေး)
ခြေအစုံသည် မလှုပ်မယှက် ရပ်တန့်နေသည်။ အမိရင်ခွင်နှင့် နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့ရသည့် ကလေးငယ်တစ်ဦး မိခင်ရင်ခွင်အတွင်း ပြန်လည်ခိုဝင်ရသလို ဝမ်းနည်းသလို၊ ကြည်နူးသလို ခံစားချက်များက မီးခိုးလုံးကြီးများလို ရင်ခွင်အတွင်း လှိုက်တက်လာသည်။ တစ်ပြိုင်နက်တည်းမှာပင် ချစ်ရသူ၏ ခေါ်သံကလေးသဲ့သဲ့သည်လည်း နှလုံးသားတစ်ခွင် ပဲ့တင်လှိုက်သွားခဲ့ချိန်တွင် မျက်ဝန်းတို့ စွတ်စိုလာရသည်။ ခံစားချက်တို့ဖြင့် လှုပ်ခါနေသည့် နှလုံးသားငယ်ကို အံတစ်ချက် တင်းလျက် မေ့ဖျောက်ထားလိုက်ကာ မော်ကြည့်နေသည့် မျက်လွှာတို့ကို ပြန်ချထားလိုက်၏။
အမိတက္ကသိုလ်၏ မုခ်ဦးအရှေ့သို့ ခြေစုံရပ်လိုက်မိသည်နှင့် ဟိုးအရင် ကျောင်းသားဘဝ၏ ပုံရိပ်များသည် အမြင်အာရုံများတွင် တဖျက်ဖျက် လူးလွင့်ပြေးလွှားသွားသည်။ နည်းပညာတက္ကသိုလ်ကျောင်းသားအနေဖြင့် ကျောင်းတက်ခဲ့ရသည့် ပထမဆုံးနေ့ရက်ကလေးကို ပြန်လည် မြင်ယောင်ရသလို၊ သူငယ်ချင်းများနှင့် ရယ်မောပျော်ရွှင်ခဲ့သည့် နေ့ရက်များစွာကိုလည်း တမ်းတရသည်။ ဆရာ၊ ဆရာများနှင့် အမှတ်တရဖြစ်ရပ်များစွာကို ပြန်လည်ပုံဖော်မိသလို၊ ချစ်ရသူနှင့် ဆုံတွေ့ခဲ့ရသည့် နေ့ရက်တို့ကိုလည်း လွမ်းဆွတ်ရပြန်သည်။ သို့သော်… ကျွန်တော်သည် အခုတစ်ခေါက် ကျောင်းသို့ လာရောက်ခဲ့ရခြင်းမှာ ကျောင်းသားတစ်ဦးအနေနှင့် မဟုတ်တော့သလို၊ ချစ်သူ၏ အငွေ့အသက်များကို ဖမ်းယူ၍ အလွမ်းဖြေဖျောက်ရန် ကြိုးစားနေသူတစ်ဦးအနေဖြင့်လည်း မဟုတ်ခဲ့ပါ…။
“ဟာ… ဆရာ”
ပခုံးနှစ်ဖက်တွင် ဘားတပ်ထားသည့် ရှပ်အင်္ကျီ ဖြူလွလွကလေးနှင့် ပုဆိုး နက်ပြာရောင် ကွက်စိတ်ကလေးကို မသေမသပ် ဝတ်ဆင်ထားသည့် ကျောင်းသားကလေးသည် တက္ကသိုလ်ကြီး၏ ပင်မဆောင်ကြီးအရှေ့တွင် ခြေစုံရပ်နေသည့် ကျွန်တော့်ကို မြင်သည်နှင့် ကျွန်တော့်ဆီသို့ ပြာပြာသလဲ ပြေးလာသည်။ ကျွန်တော်သည် ထိုကျောင်းသားငယ်ကလေးကို ဖော်ရွှေလှိုက်လှဲစွာ ပြုံးပြလိုက်ရသည်။
YOU ARE READING
အချစ်စစ်ပုံပြင် 💙 အချစ်စစ်ပုံပြင် { COMPLETED}
Romance💙 BASE ON AUTHOR'S LIFE AND RELATIONSHIP 💙 မင်းဟာ ကိုယ့်အတွက် ပုံပြင်လေးတစ်ပုဒ် ဖြစ်နေခဲ့မယ်ဆိုရင်တောင်... ဘယ်တော့မှ ဟောင်းနွမ်းမသွားမယ့် ပုံပြင်... ဘယ်တော့မှ ရိုးအီမသွားမယ့် ပုံပြင်... တစ်နည်းအားဖြင့်... ကိုယ့်နှလုံးသားထဲက ဖြစ်တည်ပေါက်ဖွားလာတဲ့...