CHAPTER - 18 🙆 Unicode 🙆

1.3K 97 11
                                    

မိုင်းနှင့် ခက်ဆစ်တို့၏ ချစ်သူဖြစ်ကာစ နေ့ရက်များသည် ရင်ခုန်ကြည်နူးဖွယ်ရာ၊ ချိုမြိန်သာယာဖွယ်ရာအချိန်များနှင့် စက္ကန့်မလပ် ပြည့်နှက်၍ နေခဲ့ပါသည်။

မိုင်းကို ကျောင်းတက်ဖို့ သွားအခေါ် ဆိုင်ကယ်ပေါ် ရောက်သည်နှင့် မိုင်းက ဆိုင်ကယ်နောက်ကြည့်မှန်လေးအား ခက်ဆစ် မျက်နှာလေးနှင့် ချိန်ရွယ်၍ ရွှေ့ကာ မှန်ကလေးမှတဆင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍ စကားများ ပြောလျက် ရယ်မောပျော်ရွှင်ရသည်။ မြစ်ဆိပ်လမ်းသို့ အရောက်တွင် ခက်ဆစ်က မိုင်း၏ ခါးလေးကို အနောက်မှ ဖက်၍ ရင်ခုန်ကြည်နူးစွာ လိုက်ပါရသည်။

မနက်စာ မစားခဲ့ရသည့် တချို့သော နေ့ရက်များတွင် လမ်းကြုံသည့် လက်ဖက်ရည်ဆိုင် တစ်ဆိုင်ဆိုင်တွင် မျက်နှာချင်းဆိုင်ထိုင်လျက် မနက်စာ အတူတူစားကြရသည်မှာ သာယာရစ်မူးဖွယ်ရာပါပင်။ ကျောင်းသို့ ရောက်၍ အချိန်စောနေသေးလျှင် အတန်းထဲ တန်းမဝင်ကြသေးဘဲ တမာလမ်းကလေးရှိ ထိုင်ခုံကလေးတွင် ထိုင်လျက် စကားများ ဖောင်ဖွဲ့၍ ရယ်ရယ်မောမော ပြောနေတတ်ကြပြန်သည်။

နေ့လည်ပိုင်း အတန်းချိန်မရှိလျှင် တစ်နေရာရာသို့ သွားလည်ကြပြီးမှ အိမ်ပြန်ကြသည်။ တစ်ခါတလေ စိတ်ပါလျှင် အတန်းလစ်၍လည်း လျှောက်လည်တတ်ကြသေး၏။ တစ်ရက်မှာတော့ သူတို့နှစ်ယောက်သည် ညနေအတန်းချိန် အပြီးတွင် စိတ်ကူးပေါက်လျက် မန္တလေးတောင်ပေါ်သို့ တက်ခဲ့ကြပါသည်။

တောင်ခြေက ဆိုင်ကယ်အအပ်ခံရာ နေရာလေးတွင် ဆိုင်ကယ်ထားခဲ့လျက် မန္တလေးတောင်ခြေ မုခ်ဦးရှိ ခြင်္သေ့ကြီး နှစ်ကောင်ကြားမှ ဖြတ်၍ ခြေကျင်တက်ခဲ့လိုက်ကြသည်။ မိုင်းက တောင်ပေါ်သို့ မတက်ခင် ခြင်္သေ့ရုပ်ကြီးများကို စူးစူးစိုက်စိုက်ကြည့်၍...

"ခက်ဆစ်... ဒီမှာကြည့်... ခြင်္သေ့တွေ ထိုင်နေတဲ့ ဖင်ရဲ့အောက်မှာ အုတ်ခုံလေးနဲ့ ဆက်ထားတယ် တွေ့လား။ သေချာကြည့်ရင် ဘိုထိုင်အိမ်သာခွက်နဲ့မတူဘူးလား။ မသိရင်... ခြင်္သေ့တွေက အလေးထိုင်သွားနေသလိုပဲနော်"

မိုင်း ပြောမှ ခက်ဆစ်လည်း သေချာကြည့်မိကာ ခွက်ထိုးခွက်လန် ရယ်ရတော့သည်။ ရှာရှာပေါက်ပေါက် သိပ်တွေးတတ်သည့် မိုင်းကို ခက်ဆစ်က ကြည်နူးစွာ စိုက်ကြည့်လျက်...

အချစ်စစ်ပုံပြင် 💙 အချစ်စစ်ပုံပြင် { COMPLETED}Where stories live. Discover now