CHAPTER - 26 🙆 Unicode 🙆

1.3K 90 7
                                    

စာပို့ခွင့် မရှိတော့သော Facebook Account လေးအား သူ ယမ်းယောင်စွာ စိုက်ကြည့်နေမိသည်။ အရင်က ပို့ထားပြီးသည့် စာများအား လက်မလေးဖြင့် ဆွဲကြည့်၍ ပြန်ဖတ်နေရင်း အလွမ်းတို့ ပိုလာရသည်။

သူ မှားခဲ့ပါသည်။ သိပ်ကို မှားခဲ့ပါ၏။
သူ့ကို သိပ်ချစ်သည့် မဟော်ဂနီကောင်ငယ်လေးကိုမှ လိမ်လည်လှည့်စားမိသွားသည်။ လေးနက်လွန်းသည့် ကောင်လေး၏ အချစ်များကိုမှ သူ ပေါ့ပေါ့တန်တန် ပြုမူမိသည်။ ထိုအပြစ်များအတွက် ထိုက်သင့်သည့် အပြစ်ဒဏ်တို့ကို သူ အခုလက်ရှိ ခံစားပူလောင်ရပြီပဲ မဟုတ်လား။

သေချာ စဉ်းစားကြည့်လျှင် ခက်ဆစ်၏ လမ်းခွဲပစ်ပယ်ခြင်းကို ခံရမှ သူ ပူလောင်ခဲ့ရသည် မဟုတ်။ ခက်ဆစ် မသိအောင် မ, ချိန်းဆိုရာသို့ သွားတိုင်း သူ နောက်ကျောမလုံသလို ပူပန်နေခဲ့ရပါ၏။ မ,နှင့် ယှဉ်တွဲလှမ်းလျှောက်ရာ ခြေလှမ်းတိုင်းသည် စိုးထိတ်လန့်ရွံ့မှုများနှင့် လေးလံနေခဲ့ရပါသည်။ မ,နှင့် နီးကပ်ရသည့် စက္ကန့်တိုင်းကိုလည်း သူ စိတ်လွတ်လက်လွတ် မပျော်နိုင်ခဲ့သည်မှာလည်း အမှန်ပါပင်။

သူ့မှာ ချစ်နှင့်သူ ရှိပြီးလျက်နှင့် ခက်ဆစ်၏ အချစ်ကို လက်ခံချင်မိခဲ့သည့် သူ့ကိုယ်သူပဲ အပြစ်တင်ရမလား။ ဒါမှမဟုတ်...၊ အချိန်နောက်ကျမှ သူ့ဘဝထဲသို့ တိုးဝင်လာသည့် ခက်ဆစ်ကိုပင် သူ အပြစ်ဖို့ရမလား... သူ မသိတော့။

အခုချိန်မှာတော့ သူ သိတာ တစ်ခုတည်းရှိသည်။ သူ ခက်ဆစ်အား လက်လွတ်ဆုံးရှုံးမခံနိုင်ခြင်းပင် ဖြစ်ပါ၏။ အစကတော့ သူ ကိုယ်တိုင် မရှင်းလင်းနေသည့် ပုစ္ဆာတစ်ပုဒ်သည် အခုချိန်တွင်တော့ တိကျပြတ်သားစွာ အဖြေထွက်ခဲ့ပြီဖြစ်သည်။

စာမေးပွဲတစ်ခုတွင် ကိုယ် မဖြေနိုင်သည့် မှန်ကန်သော အဖြေအား ရွေးချယ်ရသည့် ပုစ္ဆာများကို စိတ်ဖြင့် ခန့်မှန်း ရွေးချယ်ဖြေဆိုခဲ့ရသလို အခုလည်း သူ အမှန်တကယ် ချစ်ရသည့် လူတစ်ယောက်အား ရွေးချယ်ရာတွင် နှလုံးသားအား ကြားခံအသုံးချလျက် မှန်ကန်စွာ ရွေးချယ်လိုက်နိုင်ပြီဟု သူ ထင်ပါ၏။

သူသည် ဆုံးဖြတ်ချက်တစ်ခုအား ပြတ်သားစွာ ချလိုက်ပြီး ဖုန်းနံပါတ်တစ်ခုအား ခေါ်ဆိုလိုက်ပါသည်။ တစ်ဖက်မှ ဖုန်းဝင်ဝင်ချင်းတွင် ကိုင်လိုက်သည်ဖြစ်၍ သူ့ဖုန်းအား စောင့်စားနေမှန်း သူ သိလိုက်ပါ၏။

အချစ်စစ်ပုံပြင် 💙 အချစ်စစ်ပုံပြင် { COMPLETED}Where stories live. Discover now