CHAPTER - 24 🙆 Zawgyi 🙆

485 11 0
                                    

လူး၍ လွန့်၍ တိုးဝှေ့လာသည့် လေပြည်လေးများတွင် နွေရနံ့ကလေးများ ကပ်ငြိတွယ်ပါလာသည်ကို သက်တံ့ရောင် သတိထားလိုက်မိသည်။ ထိုနွေရနံ့တို့ကို သက်တံ့ သိပ်မြတ်နိုးရပါသည်။ အထူးသဖြင့် နွေလေပြည်တို့ကို လှိုင်လှိုင်ရှုရှိုက်ရတတ်သည့် တန်ခူးလ၏ ဆန်းသစ်ဖူးပွင့်စ နေ့ရက်တို့ကို သက်တံ့ သိပ်ချစ်ရပြန်၏။

တစ်ဖန်ပြန်၍ လူးလွန့်နိုးထလာသည့် နွေ၏ အငွေ့အသက်များနှင့်အတူ သက်တံ့၏ နှလုံးသွေးများတွင် စွဲထင်ရစ်စွဲနေသည့် ဒဏ္ဍာရီလေးတစ်ပုဒ်သည်လည်း လှုပ်ရှားကြွနိုးလာပြန်သည်။ ထို့ကြောင့်လည်း ထိုဒဏ္ဍာရီကလေးရှိရာဆီသို့ ဦးတည်၍ ဆိုင်ကယ်ကလေး တစ်စီးဖြင့် သက်တံ့ ထွက်လာခဲ့ပါသည်။

နေရောင်ပင် မကွဲသေးသည့် မနက်ခင်း အစောပိုင်းဖြစ်လင့်ကစား တိုက်ခတ်လာသည့် လေပြည်ညင်းကလေးများသည် အေးစက်မနေဘဲ နွေးထွေးလျက် ရှိပါသည်။

သည်လေပြည်နွေးတွေဟာ သခင်မ မမဥ၏ ချစ်ခြင်းသစ္စာတရားတွေကို ရည်ညွှန်းကိုယ်စားပြုလေသလား...။ သည်လိုတွေးမိတော့ သက်တံ့ ကြက်သီးနွေးကလေးများပင် ဖြန်းခနဲ ထသွားရပါ၏။

သခင်မ စံမြန်းရာ သခင်မတောင်ခြေသို့ အရောက်တွင် ဆိုင်ကယ်လေးကို အပ်ထားခဲ့လျက် ‌ခြေကျင်တောင်တက်လမ်းကလေး၏ လှေကားထစ်လေးများကို နင်းဖြတ်လာခဲ့လိုက်သည်။ တောင်ခြေသို့ ခြေချလိုက်သည်နှင့် သခင်မ စံမြန်းရာ နန်းဆောင်အပြင်ဘက်က သရဖီပင်တို့မှ သရဖီပန်နံ့ကလေးများကိုပင် ရှုရှိုက်မလိုက်သလို ကဲကဲပိုပို တွေးထင်မိလိုက်သည်။

တောင်ခြေရှိ ပွဲဈေးတန်းကြီးသည်တော့ လှုပ်ရှားအသက်ဝင်ကာ အတန်အသင့် စည်ကားလျက် ရှိပြီ။ တောင်တက်လမ်း တစ်လျှောက်တွင်လည်း ပွဲတော်လာ ဧည့်သည်များ၊ သခင်မအား မိရိုးဖလာ ကိုးကွယ်ကြသူများဖြင့် ဆူညံစည်ပွက်လျက် ရှိပြီ။

ဟင့်အင်း...၊ သည်လို အစောပိုင်း အချိန်မှာတော့ သခင်မ၏ ပွဲတော်ကို လာရောက် လည်ပတ်သည့် ဧည့်သည်ဆိုတာထက် သခင်မထံ အခစားဝင် ပန်းလာဆက်သည့် ကိုးကွယ်ယုံကြည်သူများသာ ရှိနိုင်မည်ထင်သည်။ သက်တံ့ ကိုယ်တိုင်လည်း သခင်မအား  ပန်းဆက်ရန် အခစားဝင်ခြင်းပင် မဟုတ်လား။ တစ်နှစ်တွင် သည်တစ်ရက်သာ ရှိသည့် ပန်းဆက်ပွဲကလေးကိုတော့ သူ နှစ်စဉ်မပြတ် ဆင်နွှဲပါဝင့်လေ့ ရှိပါသည်။

အချစ်စစ်ပုံပြင် 💙 အချစ်စစ်ပုံပြင် { COMPLETED}Where stories live. Discover now