CHAPTER - 13 🙆 Unicode 🙆

1.5K 109 11
                                    

ကိုယ့်ကိုယ်ကိုယ် စိတ်တိုင်းမကျမချင်း ပြင်ဆင်ဖြီးလိမ်းပြီးနောက် မှန်တင်ခုံရှေ့တွင် ရပ်ရင်း ကိုယ်‌လုံးလေးအား တစ်ပတ်ပြည့်‌အောင် လှည့်ပတ်ကြည့်ပြီးချိန်တွင် မှန်ထဲက ကိုယ့်ပုံရိပ်ကလေးကို သဘောကျစွာ ပြုံးလိုက်မိသည်။ ဒုတိယနှစ် စတင်တက်ရောက်ရမည့် ပထမဆုံးနေ့ ဖြစ်နေ့ဖြစ်သည့်အတွက် ခက်ဆစ် အစွမ်းကုန် ပြင်ဆင်နေခြင်း မဟုတ်ပါ။ ကျောင်းစဖွင့်သည့် ရက်တွင် ကျောင်းမှာတွေ့ကြဖို့ သူနှင့် ချိန်းဆိုထားခြင်းကြောင့်သာ ဖြစ်ပါ၏။

ဆိုင်ကယ်ကလေးအား ခြံအပြင်တွန်းထုတ်လျက် အိမ်တံခါးများအား လိုက်ပိတ်ရသည်။ ထို့နောက် တံခါးမကြီးကို သော့ခတ်လျက် သော့ကလေးအား ခြံထောင့်ရှိ နတ်စင်ငယ်ကလေး၏ အတွင်းတွင် ရိုက်ထားသည့် သံချောင်းကလေးတွင် ချိတ်ထားခဲ့လိုက်သည်။

သည်အချိန်ဆိုလျှင် တီတီသည် အလုပ်သွားပြီဖြစ်၍ အိမ်တွင် ဘယ်သူမှ မကျန်ခဲ့သောကြောင့် အိမ်တံခါးများအား သော့ခတ်ခဲ့ရပါသည်။ ကျောင်းသွားခါနီး ခက်ဆစ်အား လက်ကလေး ဝှေ့ရမ်းနှုတ်ဆက်တတ်သည့် မေကြီး၏ ပုံရိပ်ကလေးကို မြင်ယောင်မိချိန်တွင် မေကြီးအား ရင်ထဲ နင့်အောင် လွမ်းရပြန်သည်။

"မေကြီးရေ... သား ကျောင်းသွားတော့မယ်"

မေကြီးအား စိတ်ထဲမှ နှုတ်ဆက်လိုက်ရင်း ဝေ့သီလာသည့် မျက်ရည်လေးများကို မျက်တောင်များ ခပ်သွက်သွက် ပုတ်ကာ သိမ်းဆည်းလိုက်ရ၏။ ထို့နောက် ဆိုင်ကယ်လေးအား စက်နှိုးကာ ကျောင်းသို့ ဦးတည်လျက် မောင်းနှင်လာခဲ့တော့သည်။

ခက်ဆစ် ကျောင်းသို့ ရောက်ချိန်တွင် ဆိုင်ကယ်စတန်းထဲတွင် ဆိုင်ကယ်နှင့် ကားများ သိပ်မရှိသေးပါ။ နည်းပညာတက္ကသိုလ်ကျောင်းသားများ၏ ထုံးစံအတိုင်း ကျောင်းဖွင့်ဖွင့်ချင်း ပထမအပတ်တွင် အတန်းတက်လေ့ မရှိကြဘဲ ဒုတိယအပတ်မှသာ စတတ်ကြသည်။ ထိုပထမအပတ်အတွက် ကျောင်းခေါ်ကြိမ်ကိုလည်း ဆရာ၊ ဆရာမများက အပြည့်ပေးလိမ့်မည်ဟု ကျောင်းသားများက ကိုယ့်အတွေးနှင့် ကိုယ် ယုံကြည်လက်ခံထားကြလေသည်။ ထိုကဲ့သို့ အမှန်တကယ် ပေး မပေးကိုတော့ ဆရာ၊ ဆရာမများကသာ သိနိုင်ပါလိမ့်မည်။

အချစ်စစ်ပုံပြင် 💙 အချစ်စစ်ပုံပြင် { COMPLETED}Where stories live. Discover now