Part 12

51 3 0
                                    

ဧည့်ခန်းထဲ ဝင်လိုက်သည်နှင့် မာမီ့ကို ဆိုဖာထက်ဝယ် အခန့်သား မြင်လိုက်ရသည်။ သူ့ကိုကြိုစောင့်နေသည်ထင်ပါရဲ့။

"မာမီ သား "

အကြည့်စူးစူးကြောင့် စောဒကတက်ရန် စကားစမိသည့်သူ၊ ရှေ့ပင်မဆက်ဝံ့တော့။

မာမီနှင့်တွေ့ပါက ခံစားနေရသမျှ အားလုံးကို ဖွင့်ပြောကာ စေ့စပ်ပွဲ ကိစ္စ ကို ရပ်နားစေမည်ဟု အားတင်းထားခဲ့သမျှက မာမီ့အကြည့်တစ်ချက်နဲ့တင် ရေစုန်မျောကုန်လေသည်။ မာမီ၏ ဩဇာအာဏာတွေက သူ့အပေါ် ဤမျှလောက် လွှမ်းမိုးထားသည်မှန်း ကြောက်လန့်တကြား သူသိလိုက်ရသည်။

မာမီက သူဆိုဖာပေါ်ထိုင်သည်အထိ စောင့်သည်။ ပြီးမှ သူ့ကိုတည့်တည့်ကြည့်ကာ တည်ငြိမ်စွာဖြင့် စကားစလာသည်။

"မာမီ လူကြီးချင်း အကြမ်းဖျင်းစီစဉ်ပြီးသွားပြီမို့ ဘယ်လိုအနှောင့်အယှက်မျိုးကိုမှ မမြင်မတွေ့ပါရစေနဲ့.. ဟုတ်ပြီနော် သား"

ယခင်လို အမိန့်သံဆန်ဆန်စကားထက် တောင်းဆိုမှုအချို့ပါသော မာမီ့ဆီမှ စကား။ ထိုတစ်ခွန်းထဲနဲ့တင် သူ စာစီလာသည့်စကားတွေက လည်ပင်းအဝမှာပဲ ပျောက်ရှကုန်လေပြီ။

မုန်းသည်။ မာမီကြိုးဆွဲသမျှ ကပြနေရသည့် ရုပ်သေးရုပ်ဘဝ ရောက်လာနေသည့် သူ့အဖြစ်ကို မုန်းသည်။

ဒီအခြေအနေကို သိအောင်လည်း မကြေညာရဲသည့်အဖြစ်။ တင်းကြပ်နေသည့်စိတ်တွေကို ရအောင်စုစည်းသည်။ ခံစားချက်တွေကို ရင်ထဲမဆန့်မပြဲ ချုပ်တီးရသည်။ ထိုအရာတွေကို ထုတ်ပြမိပါက ဘာတွေဆက်ဖြစ်လာနိုင်ကြောင်း သူသိနေသည်။ ဒယ်ဒီနှင့်တုန်းကလို မာမီ့အပေါ် အပူကပ်၍မရ။ ထို့ကြောင့် ဘာမှမဖြစ်သလို ဟန်ဆောင်ရ၏။ တည်ငြိမ်ဟန်ပေါ်အောင် ကြိုးစား ပုံဖော်ရ၏။

"ဘာကြောင့် အခုလိုမျိုး ရုတ်တရက် စီစဥ်ရတာလဲ မာမီ ."

"အရှင်းကြီးပဲလေ သားရယ်.. မာမီ့စိတ်ထဲ စိုးရိမ်နေရတဲ့
ဟိုကလေးမ ကျိန်စာတိုက်သွားသလို မာမီ့မျိုးဆက်မပြတ်စေချင်လို့.. "

မာမီက ယခုထက်ထိ ထိုကိစ္စကို စိတ်စွဲနေသည်တဲ့လား။ မာမီ့အစွဲတွေ အယူတွေ ကို သူဘယ်လိုပယ်ဖျောက်ပေးရမည်မှန်းပင် သူမသိတော့။

Wish You Were GAYWhere stories live. Discover now