"မအေးပါဘူးနော် ကိုကိုရှိတာပဲကို"

ကိုကို့ ဆီက ရယ်သံလွင်လွင်ထွက်လာသည်။ ကျေနပ်ခြင်းတွေရောယှက်နေတာ ချစ်နိုင်းခံစားမိ၏။ တကယ်လည်း ချစ်နိုင်းမအေးပါ။ ဒီတစ်ခေါက် သူက တိမ်ဂွမ်းလိပ်လေးများသဖွယ် ထူထဲလှသည့် အဖြူစွတ်စွတ် အနွေးထည်ကြီးကို ဝတ်ထားသည်။ အင်္ကျီနှင့်တွဲလျက်ပါသော ခေါင်းစွပ်က ခဲပုတ်ရောင်ဆံပင်လေးတွေကို အစနပင်မပေါ်စေရ။ပြီးတော့ ကိုကိုကလည်း အနားမှာရှိနေ၏။ အရင်တစ်ခါလို ရင်ခွင်ထဲထည့်ထား မပေးသည့်တိုင် ကိုကို့နှလုံးသားထဲမှာ ချစ်နိုင်းဟာ အခြေချထားခဲ့ပြီးပြီ။

ဒီတစ်ကြိမ် ပူတာအိုခရီးစဉ်ဟာ ချစ်ခြင်းမေတ္တာခင်းထားသည့် လမ်းခရီးသာဖြစ်ပါလိမ့်မည်။

လေဆိပ်ထဲကို ရောက်တော့ ချစ်နိုင်းတို့သိပ်မရှာလိုက်ရ။ အပြာရောင် ဂျာကင်အထူကြီဝတ်ထားသော ကိုဒီးရမ်က ထင်းထင်းကြီး ရပ်စောင့်နေခဲ့သည်။ ရဝမ်ကြီးဟာ ဂွမ်းခေါင်းစွပ်နက်ပြာကြီးကို ဝတ်ထားပေမဲ့ နည်းနည်းလေးတောင် ပြောင်းလဲသွားချင်းမရှိချေ။ နွေးထွေးသော အပြုံးတွေကို ဟိုးအဝေးကလှမ်းမြင်ရုံနှင့် ချစ်နိုင်းမှတ်မိနိုင်ခဲ့သည်။

လက်ထဲက အိတ်တွေကို လှမ်းယူလို့ ကားဆီခေါ်ဆောင်သွားသည့် ကိုဒီးရမ်က နှုတ်ဆက်စကားကို အဆက်မဖြတ်နိုင်။ သူက အတော်လေးဝမ်းသာကာ တက်ကြွနေပုံဖြင့် "ဆရာလေး‌တို့ကို သတိရနေတာ" ဟူသောစကားကို မိနစ်ပိုင်းအတွင်းမှာပဲ သုံးလေးခါထက် မနည်းဆိုတော့၏။

ကိုဒီးရမ်ရဲ့ ကားလေးပေါ်မှာတော့ ထုံးစံမပျက် "ကချင်မြေကိုလာပါ တကယ်ပျော်တယ်နော့ " "ဆွမ်ပရာဘွမ် သွေးချင်းတို့ပျော်ရာမြေ" စတဲ့ သီချင်းသံတို့က မြူးထူးစွာ ပျံ့လွင့်နေကြလျက်။ ချစ်နိုင်းရော ကိုကိုပါ နောက်ခုံမှာ ထိုင်ကြသည်မို့ ကိုဒီးရမ်က နောက်ဘက်ဆီထိ စကားလှမ်းလှမ်းပြောရ၏။

"ဟိုတယ်မှာ တည်းမယ်ဆိုတော့ အိမ်က အမျိုးသမီးက အားနာလို့လားပဲ မေးနေတာနော့.. ဆရာဦးကတော့ ဆရာလေးတို့စိတ်ကြိုက် လုပ်ပါစေပဲ ပြောနေတာ"

နှစ်ယောက်သား မျက်လုံးချင်းဆုံသွားကြကာ တစ်ယောက်နှင့် တစ်ယောက် မျက်ခုံးပင့်လို့ သူပြောငါပြော ဖြစ်ကုန်ကြ၏။ ဆရာဦး စီစဉ်ပေးသည်ဆိုပေမဲ့ ကာယကံရှင် သူတို့သဘောအရဖြစ်သည်မှာ အမှန်။ဒါကို ကိုဒီးရမ်လက်ခံအောင် လိမ်လိမ်မာမာပြောနိုင်မှ ဖြစ်မည်။ ချစ်နိုင်း ဟာ ရူးချင်းယောင်ဆောင်နေသည့် ကိုကို့ကို နှုတ်ခမ်းကိုက်ပြလိုက်သည်။ဒီလိုနှင့် ကိုကိုပဲ အရင် လက်လျှော့သွားရ၏။

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Where stories live. Discover now