Chapter-10

15.3K 1.6K 124
                                    

Unicode

ခရီးစဉ်အစ

လေယာဉ်ပေါ်မှ ခြေချသည်နှင့် စိမ့်ခနဲတိုးဝင်လာသော အအေးဓာတ်က လူကိုပင်တုန်တက်သွားစေသည်။ ဆစ်ခနဲ ထိုးကိုက်လာသောအကြောတို့ကြောင့် လှေကားမှဆင်းနေရင်း မြှောက်ကြွမြှောက်ကြွလုပ်နေရသည်။
မှန်းထားသည့် ပတ်ဝန်းကျင်ရှုခင်းနှင့် ကွဲလွဲစွာ အုံ့မှိုင်းနေသည့် မြူခိုးမြူရိပ်တွေကြောင့် အနီးနားဝန်းကျင်ကို သဲသဲ‌ကွဲကွဲမြင်ဖို့တောင် အတော်အားစိုက်နေရ၏။

လေဆိပ်ထဲမဝင်ခင် နောက်ကဆင်းလာသည့်
အုပ်စုကိုစောင့်နေတုန်း အနားရောက်လာသည့်လူတစ်ဦး။ နှာဖျားထဲတိုးဝေ့လာသည့်
ကိုယ်ရနံ့ကြောင့် ချစ်နိုင်းရင်ထဲချက်ချင်းနွေးထွေးသွားသည်။ အေးစက်နေသည့် မျက်နှာပင်သွားတွေပေါ်အောင်ပြုံးမိတော့ အာခံတွင်းတစ်ခုလုံး ချက်ချင်းအေးစက်ခြောက်ကပ်သွားရ၏။

အငွေ့တထောင်းထောင်းထနေသည့် ဝင်သက်ထွက်သက်တွေကြား ဘေးနားကသူဆီ
ငေးမိတဲ့အခါ အေးစိမ့်လွန်းသောတောအုပ်ထဲ ထိုးဖောက်ဝင်ရောက်လာသည့် နေတစ်စင်းကဲ့သို့ စိတ်မှာနွေးထွေးရ၏။ အညိုရောင် ကုတ်အင်္ကျီအရှည်ကြီးဖြင့် ခံ့ညားလှသည့်ကိုကိုက ချစ်နိုင်းဘေးမှာရပ်လို့နေခဲ့သည်။

နှုတ်ခမ်းနှင့် နှာခေါင်းဆီမှ အငွေ့တထောင်းထောင်းထွက်နေသော်လည်း ကိုကိုက ချစ်နိုင်းလောက်အေးနေပုံမပေါ်။
သူ့ကျောပိုးအိတ်ကို တစ်ဖက်ထဲလျှိုလွယ်ထားရင်း လက်တွေကိုအင်္ကျီအိတ်ထောင်ထဲ
ထိုးထည့်လို့ထားသည်။ အနက်ရောင်ဘောင်းဘီရှည် ၊အနက်ရောင်ရှူးဖိနပ် ၊ အနက်ရောင်ဆွယ်တာ အားလုံးက ကိုကို့ကိုပိုပြီး
ငေးမဝဖြစ်‌စေနိုင်၏။

စိတ်မကောင်းစရာကတော့ ဒီလိုခံ့ညားမှုမျိုးကို ဘယ်သူကမှ အာရုံစိုက်မနေနိုင်တာပါပဲ။
အေးလွန်းလို့သွားချင်းရိုက်နေတဲ့အချိန်
မြူတွေကြားထဲ ဘယ်သူ့ဘယ်သူမှ ပြူးပြဲကြည့်ချိန်မရ။ ချစ်နိုင်းကသာ ကိုကို့အနားတိုးကပ်နေတာမို့ သေချာမြင်နေရတာဖြစ်သည်။

"ကို..ကို .."
လေပိတ်ခံထားရသလို တိုးတိုးလေးမေးလာသည့် အသံကြောင့် သျှမ်းငုံ့ကြည့်တော့
သူ့ဘေးနားမှာ လက်ပိုက်ထားလျက် တစ်ကိုယ်လုံးကုန်းကွနေသည့် ချစ်နိုင်းအောင်က
သူ့အင်္ကျီစတွေကို အတင်းဆွဲနေခဲ့သည်။
အေးစက်လွန်းလို့ ချစ်နိုင်းအောင်မျက်နှာတစ်ခုလုံးက ဖြူဖျော့နေပြီး ပလက်တီနမ်ကွင်းကလေးများ အတန်းလိုက်ဝတ်ထားသည့် နားရွက်ဖျားတွေဟာ ရဲတွတ်လျက်ရှိသည်။

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Where stories live. Discover now