Chapter - 43

15.2K 1.5K 85
                                    

Unicode

အချစ်အားတစ်ဖန် ကြိုးစားယူခြင်း ၉

မျက်စိရှေ့က အထုတ်ကြီးကိုကြည့်ရင်း သျှမ်းမျက်နှာက မအီမသာ။ လွှင့်ပစ်ချင်စိတ်ကို ထိန်းနေရတာ သူ့အတွက် ပင်ပန်းလွန်းလှသည်။ ပါဆယ်ထုပ်ပေါ်မှာ ရေးထားသည့် "သို့ ဒေါက်တာချစ်နိုင်းအောင်" ဆိုသည့် အမည်နာမကြောင့်သာ မဟုတ်လျှင် ချက်ချင်းပင် ကန်ထုတ်ပစ်လိုက်မိလောက်၏။ ခုတော့ ကိုယ့်အတွက်မဟုတ်သည့်အိတ်ကို မထိရဲ။ ချစ်နိုင်းအတွက် ဖြစ်နေပြန်တော့ သက်မဲ့အိတ်က ပိုတောင်အရှိန်ဝါကြီးသွားတော့သည်။

တစ်ဖက်တွင်ရေးထားသည့် "မှ..စွမ်းဟိန်း"ဆိုသည့်စကားလုံးတွေက သျှမ်းအတွက်တော့ သဘာဝရဲ့ရန်သူကြီးပါပဲ။ ဒီကောင်က  ဘာ‌ကြောင့်များ ချစ်နိုင်းလေးဆီ ဒါတွေပို့ရတာလည်း။ အဆင်ပြေနေပြီဆိုတိုင်း ဒင်းနာမည်ကိုမြင်ရကြားရတာ အနှောက်ယှက်တစ်ခုသဖွယ်။စင်စစ်တော့ သျှမ်း တစ်ယောက် ကျွဲမြီးတိုနေခြင်းသာ။

အစောက နှစ်ယောက်သား အီစီကလီရိုက်ခဲ့ကြတာ ဘယ်လောက်မှမကြာလိုက်သေး။ ချစ်နိုင်းရေချိုးနေတုန်း ရောက်လာသည့်အထုပ်ကြောင့် မကြာခင်ကမှ အချစ်ဓာတ်လေးတွေပြည့်နှက်ခဲ့တဲ့ ပတ်ဝန်းကျင်က ချက်ချင်းမှုန်မှိုင်းသွားခဲ့သည်။သျှမ်းအနေနှင့် ချစ်နိုင်းစိတ်ကို အပီပြင်မရသေးချိန်မှာ ဒီလိုတွေမြင်နေရတာကို လုံးဝသဘောမကျနိုင်ပါ။ အရင်ကဖြစ်ဖြစ် အခုပဲဖြစ်ဖြစ် ချစ်နိုင်းနဲ့ပက်သက်လျှင် သူ့သဝန်တိုစိတ်က ဆိုးသည်ထက်ဆိုးလာဖို့သာ ရှိ၏။

သျှမ်းသိတာ ချစ်နိုင်းက သူ့ကိုသိပ်ချစ်ခဲ့သည်။ ခုလောလောဆယ် မဝံ့မရဲဖြစ်နေပေမဲ့ ချစ်နေဆဲဆိုတာလည်း သိသည်။ သို့သော် တခြားတစ်ယောက်ကို ချစ်သွားနိုင်သည်ဆိုတာကိုလည်း သိထား၏။ ထို့အတွက် ဒီကောင်လေးကို စိတ်ချလက်ချယုံကြည်ပြီး လွှတ်မထားရဲ။ချစ်နိုင်းထားခဲ့လို့ အပြိုပြိုအပျက်ပျက်ဖြစ်ခဲ့ရသည့် သူ့ကမ္ဘာဆီ ထပ်ပြီးမသွားရဲတော့ပေ။

သဝန်တိုခြင်းဆိုတာ သေချာနားမလည်ခင်ကတည်းက ချစ်နိုင်းကိုသိပ်သဝန်တိုတတ်ခဲ့တာဖြစ်မည်။ သျှမ်းအပိုင်ပဲဟု ယုံကြည်ချက်ကြောင့်သာ ဒီစိတ်တွေမထင်ရှားခဲ့ပေမဲ့ လက်ရှိကိုယ့်ဘက်က ပြန်လိုက်နေရသည့်အချိန်မှာတော့ ထိုနတ်ဆိုးက ဇောင်းအတော်ကြွလာတော့၏။  တကယ်တော့ သျှမ်းဝဋ်လည်နေတာပါ။ စွမ်းဟိန်းနဲ့ပက်သက်ပြီး သဝန်တိုတိုင်း ချစ်နိုင်းဟာ အနှီခေါင်းစဉ်မရှိခဲ့တဲ့ ပက်သက်မှုမှာ အများကြီး သိမ်ငယ်ခဲ့ရမယ်ဆိုတာ  ကောင်းကောင်းကြီး နားလည်သွားခဲ့ပြီ။ ကိုယ့်ကိုယ်ကိုယ်လည်း အများကြီးစိတ်ပျက်ခဲ့ရပြီ။

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Where stories live. Discover now