Chapter-28

13K 1.5K 69
                                    

Unicode

ဘဝနှင့် အလှည့်အပြောင်း ၇

ဆေးနံ့များ၊လူပေါင်းစုံအနံ့များ ရောထွေးနေသော ဆေးရုံပတ်ဝန်းကျင်။ဝေဒနာတစ်စုံတစ်ရာကြောင့် လူစုံကြရသည့်နေရာဖြစ်သည့်အလျောက် ဆေးရုံဆေးခန်းတို့တွင် စိတ်ပျော်စရာမရှိပေ။တစ်ယောက်ဝင် တစ်ယောက်ထွက်ဖြင့် ဒီလောကကြီးမှာ ရောဂါ၊ထိခိုက်ဒဏ်ရာရ သူများလိုက်တာဟု ထင်ရလောက်အောင်ပင် နေ့စဉ်အလုပ်မပျက်သည့်နေရာကြီးပင်။

နားနေခန်းထဲရှိ စားပွဲခုံထက်တွင်မေးတင်လျက် ချစ်နိုင်းငြိမ်နေမိသည်။ ဘေးမှာစကားပြော‌နေကြသူတွေရှိသော်လည်း ဝင်မပြောမိ။ မနက်စောစော ဆရာဝန်ကြီးတွေ Roundလှည့်သည့်နောက် ပတ်လိုက်နေရပြီး နေ့လည်အတော်နောက်ကျမှ ထမင်းစားချိန်ရတာမို့ ဒီနေ့လည်းထုံးစံအတိုင်းအာရုံသိပ်မကြည်။အကြောင်းတစ်ခုမဟုတ်တစ်ခုနှင့် တာဝန်မကျေနေသလိုခံစားနေရသည်။

အမြဲတမ်းလိုလို လူစု၏နောက်ဖက်မှာ ကပ်ရပ်လျက် သူသင်ခဲ့ဖူးသောစာတွေကို ခေါင်းထဲကမထုတ်နိုင်။တစ်ခုခုမေးလျှင်လည်း သူများဖြေပြီးသည်အထိ အဖြေမရပဲ နှုတ်ဆိတ်ကာ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်နေရ၏။ အလုပ်သင်ကာလ ကြာလာတာနှင့်အမျှ ဒီအလုပ်တွေကချစ်နိုင်းနှင့် မကိုက်သ‌လိုခံစားလာရသည်။ သင်ခဲ့သမျှစာတွေက စာအုပ်ပေါ်မှာပဲကျန်ခဲ့သလို ငါတကယ်လုပ်နိုင်ပါ့မလားဆိုသည့် သံသယပေါင်းသောင်းခြောက်ထောင်က နေ့စဉ်နှိပ်စက်စမြဲ။

တစ်ခါတစ်လေ သူငယ်ချင်းတွေ ဆွေးနွေးနေကြသည့်အထဲ ဝင်ပြောချင်သည့်တိုင် တစ်ခုခုကအဟန့်တာလုပ်ထားသည့်အတိုင်း "ငါပြောတာမှားသွားအုန်းမယ်" ဆိုသည့်အတွေးဖြင့် နောက်ဆုတ်နေတတ်တာများသည်။ ကိုကိုပြောသလို ကိုယ်ကဘာနဲ့ကိုက်ညီသလဲ၊ ဘာကိုလုပ်နိုင်မလဲဆိုသည့် ရွေးချယ်မှုမျိုးကို မစဥ်းစားခဲ့၍ပဲလား။ တကယ်တမ်း ရှင်သန်ရပ်တည်ရမည်ဆိုတော့ ခြောက်နှစ်ကျော်ကျောင်းတက်ကာလဟာ ချစ်နိုင်းကိုစာအုပ်ပေါ်ကစာတွေအပြင် ဘာမှထည့်မပေးလိုက်နိုင်သည့်နှယ် ယုံကြည်ချက်ကင်းမဲ့ပြီး စိတ်တွေဝေဝါးစေသည်။ စိတ်ဝင်စားစွာ မလေ့လာခဲ့တာလည်း ပါပါလိမ့်မည်။

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Where stories live. Discover now