Chapter-44

16.3K 1.6K 99
                                    

Unicode

အသည်းနှလုံးအား ကယ်တင်ခြင်း

"ကံကောင်းလို့ ဆေးရုံရှေ့တင် ကားတိုက်တာပေါ့ သားသားရယ်။ ချက်ချင်းတင်လို့ရသွားတယ်။ ခြေထောက်ကရော ထောက်နိုင်ရဲ့လား"

"အဆစ်လွဲတာဆိုတော့ သိပ်မကြာခင် အဆင်ပြေမှာပါ မေမေရဲ့ ။ သျှမ်းပိုင်ကို သမီးတို့ ယူလာတဲ့ ပူတင်းလေး အရင်ကျွေးပါရစေအုန်း "

"အို...ညည်းက ညည်းဘာသာကျွေး။ မေမေက မေးစရာရှိတာမေးရမှာပဲ။ ကားဆရာကလည်း လမ်းကိုသေချာကြည့်မောင်းသင့်ပါတယ်။ ဟိုက်ဂျက် အသေးမို့ သားသားကလဲ ထောင်ထောင်မောင်းမောင်းမို့သာ ဘာမှမဖြစ်တာ။ မဟုတ်လို့ကတော့ မြို့လယ်လမ်းကို ပြိုင်ကားမောင်းသလို မောင်းပုံနဲ့ ဒုက္ခများရချည်ရဲ့"

မေမေရဲ့ ဗျစ်တောက်ဗျစ်တောက်ဆူညံသံက ဆေးရုံခန်း‌အတွင်း တရစပ်ပျံ့လွင့်လို့။ သျှမ်းနှဖူးစွန်းက ဒဏ်ရာလေးဆီ မေမေ့လက်ချောင်းတွေက မထိတထိ လာထိနေကြ၏။ စိတ်ပူမှုကြောင့် မေမေ့မျက်နှာက ကြည်ကြည်လင်လင်သိပ်မရှိလှ။ သတင်းကြားကြားချင်း ရောက်လာသည့် ကိုယ်ပေါ်မှာတော့ ဝတ်နေကျ ရွှေတွေစိန်တွေက တွဲလွဲပါလာကြသေးသည်။ လှုပ်ရှားနေသည့် မေမေ့လက်ဆီမှ လက်ကောက်တွေကလည်း ချလွင်ချလွင်နှင့်။ထိုအသံတွေက သျှမ်းကို အနည်းငယ် ကသိကအောက်ဖြစ်လာစေသည်။

"ချစ်နိုင်းလေး ဖို့ရော မမထည့်လိုက်မယ်နော်"

မမ၏ အမေးစကားသံကြောင့် ပြိုးပြိုးပြက်ပြက် ရတနာများနှင့် သံစုံထွက်နေသည့် ချလွင်သံများကြားမှ ရုန်းထွက်ကာ
သျှမ်းအကြည့်တွေက မေမေ့နောက်နားမှာ လက်လေးနှစ်ဖက် ရှေ့ယှက်ထားလျက် မျက်လွှာချထားသော ကောင်ကလေးဆီရောက်သွားမိ၏။ သျှမ်းရဲ့ ချစ်နိုင်းလေး။ နီစွေး‌စွေးဖြစ်နေသော မျက်နှာလေးကို မမဘက်လှည့်လို့ ခေါင်းကိုအသာယမ်းပြသည်။ နှုတ်ခမ်းထွေးထွေးဟာလည်း ခပ်ယဲ့ယဲ့ပြုံးလို့။စောစောက စိတ်ကသိကအောက်ဖြစ်မှုဟာ သျှမ်းဆီမှ တမုဟုတ်ချင်းပျောက်ရှလို့သွား၏။

"ဟုတ်သား ...သား ချစ်နိုင်းလေးက ဒီမှာထိုင်ပါကွယ်။ ‌မတ်တပ်ကလေးလုပ်လို့ ကြည့်စမ်းပါအုန်း လာ...လာ ဒီကို"

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Where stories live. Discover now