"ကိုကို ဖုန်းဆက်ပါအုန်းမယ်။ ချစ်နိုင်းက ကားပေါ်တက်စောင့်ပါလား။ အောက်မှာက မြွေပါးကင်းပါးနဲ့ကို "

မြေပြင်ထက် ဖုန်းမီးနဲ့ဟိုထိုးဒီထိုးလုပ်ပေမဲ့ အနားကထွက်မသွား။ အတင်းလည်း မနှင်ရက်တာကြောင့် နှစ်ယောက်သား မတ်တပ်ရပ်လိုက်ကြရင်း သျှမ်းသူငယ်ချင်းဆီဖုန်းခေါ်လိုက်တော့၏။ ကံကောင်းချင်တော့ မခေါ်တာကြာသည့် ဖုန်းကတန်းဝင်သည်။ ကံဆိုးချင်တော့ သူငယ်ချင်းဖြစ်သူက ရန်ကုန်ရောက်နေတာမို့ မလာနိုင်။ ရွှေဘိုက သူ့ဦးလေးဖုန်းဆက်ပေးတော့ ဝပ်ရှော့ဆရာက တခြားနေရာပါသွားသည်မို့ မနက်စောစောမှ လာနိုင်မည်ဆိုလာသောအခါ နှစ်ယောက်ထဲ အမှောင်ထဲငုတ်တုပ်ထိုင်နေကြဖို့သာ ကျန်တော့သည်။

လမ်းလာတဲ့ကားကို အကူညီတောင်းရအောင်ကလဲ အတွင်းလမ်းထိ ၁၀မိုင်ကျော်လောက်ဝင်ရသည့် ရွာဖြစ်တာကြောင့် ဘယ်သူမှမလာ။ လမ်းမကြီးဆီလျှောက်ဖို့ကလည်း ၆မိုင်ကျော်လောက်ဝေးသေးသည်မို့ မလွယ်။ နောက်ပြီး လမ်းမှာ လမ်းခွဲတွေရှိတာကြောင့် အခန့်မသင့်လျှင် ရွာလည်နိုင်သည့်ကိန်းပင်။

"ရွာဘက်ပြန်လျှောက်ရင်တော့ ၄မိုင်လောက်ပဲ။ အဲ့မှာ ပြန်အိပ်ကြမလား ကိုကိုတို့"

ချစ်နိုင်းက ခါးလေးထောက်လျက် ပတ်ဝန်းကျင်ကို ပတ်ကြည့်ပြန်၏။ နောက်.. သက်ပြင်းတိုးတိုးချကာ ခေါင်းကိုယမ်းပြလာသည်။

"မနက်စောစောလာမယ်ဆိုတော့ ဒီမှာစောင့်တာပဲ ကောင်းပါတယ်"

"ဖုန်းအားကုန်သွားရင် ကြယ်ရောင်ပဲရှိမှာနော် မကြောက်ဖူးလား"

ဟက်ခနဲ လှောင်ရယ်သံက ပျံ့လွင့်လာသော စပါးပင်တို့၏ ရနံ့လေးတွေလို သိမ်သိမ်မွေ့မွေ့။

"ကြောက်မနေဘူး ။ ချစ်နိုင်းက ဘာလို့ကြောက်ရမှာလဲ"

"အကောင်ကြီးတွေထွက်လာရင် ဘယ်လိုလုပ်မလဲ။ ကိုကိုကတော့ ချစ်နိုင်းကိုစိုးရိမ်တာပါ"

ရွှတ်နောက်နောက် အသံနောက်မှာ ချစ်နိုင်းလေးက နှာခေါင်းရှုံ့၏။ ဖုန်းမီးရောင်အောက်မှာ တစ်နေကုန်ပင်ပန်းလာခဲ့သည့် မျက်နှာလေးကို တင်းမာမာဟန်လေးလုပ်လို့။ သျှမ်းကိုတိုက်ခိုက်ချင်သည့် အပြောလေးတွေက လေပြေနှင့်အတူ မြှားဦးများသဖွယ် နှလုံးသားဆီတိုးဝင်ကုန်သည်။

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Where stories live. Discover now