တခူးခူး အသံထွက်သည်အထိ အိပ်ပျော်နေသူကတော့ အပြင်မှာမိုးလင်းနေတာကိုတောင် သိမည်မထင်။ပုံမှန် ချစ်နိုင်း alarmပေးတတ်တဲ့ ၈နာရီလောက်မှ အိပ်ရာထသိမ်းကာ ရေမိုးချိုးပြင်ဆင်ပြီး အခန်းထဲကထွက်လာရင် မနက်စာစားဖို့အသင့်။ခုတော့ မနက်၆နာရီခွဲက အတော်စောနေပုံပါပဲ။ သော့ချိတ်ကိုဆွဲယူတုန်း တချွင်ချင် အသံထွက်လာသည့်အခါ ချစ်နိုင်းကိုယ့်နှုတ်ခမ်းကိုယ် ဖွဖွကိုက်လိုက်မိ၏။ သူ့သော့ချိတ်က ခြူကိုလက်နဲ့ဖမ်းထိန်းလိုက်သည့်တိုင် တခြားချိတ်ထားသည့်တစ်ခုက အသံမြည်ဆဲ။ အရောင်ဆင်းကုန်လုဖြစ်‌ကာ ဖွတ်ဖွတ်ညက်ညက်ကြေနေသည့် ခွေးရုပ်သော့ချိတ်ကလေးကိုကြည့်ရင်း ရင်ထဲအဆင်မပြေ။ ဒီလောက်ဟောင်းနေတဲ့‌ဟာကို လွှင့်မပစ်ပဲဘာလို့ဆက်သုံးနေသလဲ။ ဝယ်ပေးတုန်းကကျ ကလေးဆန်တာတွေ သဘောမကျဘူးပြောခဲ့တာ သူမဟုတ်သည့်အတိုင်း။

ပြန်လှည့်ထွက်မလာခင် နှစ်နှစ်ခြိုက်ခြိုက်အိပ်နေသည့် မျက်နှာကို စိတ်အလိုလိုက်ကာ တစ်ချက်ငုံ့ကြည့်မိသေး၏။ ခြင်ထောင်ခြားနေတာတောင် မျက်ခုံးတန်းထူထူတွေကတော့ နည်းနည်းမှအထင်ရှားမပျက်။ ကွေးကွေးလေးအိပ်နေပုံက ချစ်နိုင်းကိုတောင် သနားစိတ်ဝင်သွားစေသည်မို့ ဟိုလွတ်သည်လွတ်ဖြစ်နေသော ခြင်ထောင်စတွေကိုခုပေးကာ အသာလေး အခန်းထဲပြန်ဝင်လာလိုက်သည်။လိုတဲ့ ပစ္စည်းတွေ ယူရအုန်းမည်လေ။

မနိုးအောင် မသိမသာပြင်ဆင်သော်လည်း ချစ်နိုင်းမအောင်မြင်။ လိုတာယူပြီး အပြင်ထွက်လာချိန်မှာ ခြင်ထောင်ထဲကလူက ငုတ်တုပ်ကြီးထထိုင်နေပြီ။ ချစ်နိုင်းကိုမြင်တော့ ပြေးထွက်လာတာ အလန့်တကြား။ အိပ်ချင်မူးတူးဖြစ်နေရမည့် မျက်ဝန်းတွေဟာ ပြူးကြောင်ကြောင်ဖြစ်နေကာ ဆံပင်တွေကလည်းထိုးထိုးထောင်ထောင်နှင့်။ကိုကို့ကြည့်ရတာ အသိစိတ်လွတ်နေသည့် ကြောင်စုတ်ဖွားကြီးနှင့်တောင် တူနေသည်။

"အစောကြီးပဲ... ခုမှ ဘယ်နှနာရီလဲ"

ပြောလဲပြော တိုင်ကပ်နာရီကိုပါ သမင်လည်ပြန်လှည့်ကြည့်တဲ့သူ။ လည်‌ပင်းက သွေးကြောတွေဟာ မေးရိုးနှင့်အတူ ထင်ရှားလို့။ နှုတ်ခမ်းတစ်ဝိုက်မှာတော့ မုတ်ဆိတ်နှင့်နှုတ်ခမ်းမွေးပါးပါးတွေ ထွက်နေသည်။ ကိုကိုက ချစ်နိုင်းလက်က အိတ်ကိုတစ်ချက်ကြည့်ပြီးနောက် ချက်ချင်းအသွားမခံ။ "မနက်စာတော့ စားသွားပါအုန်း "ဆိုကာ မီးဖိုခန်းဘက်အပြေးသွားသူကို တားချိန်ပင်မရလိုက်တာမို့ သက်ပြင်းဖွဖွချရင်း နောက်ကလိုက်ရတော့သည်။

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Where stories live. Discover now