"ဆရာမ နဒီ သူတို့အဆင်ပြေပါ့မလား"
လက်နှစ်ဖက်ကိုလွှဲလို့ အေးဆေးလျှောက်လာသည့် ဆရာမနဒီကတော့ ပြုံးပြုံးသာ။ ပေါ့ပေါ့ပါးပါး စကားတစ်ခွန်းကို ဖြတ်သွားဖြတ်လာပြောရုံပြောသွားခဲ့ပြီး တောင်အောက်ဘက်ဆီ တက်ကြွစွာ လျှောက်သွားတော့၏။

"သူတို့က အဆင်ပြေလွန်းလို့ စိတ်မပူပါနဲ့" ဆိုတော့လည်း သူမအနေနှင့် အထူးထွေစိတ်ပူမနေတော့ပါ။ကျောင်းဆောင်ဆီတက်ရာ ထုံးဖြူသုတ်လှေကားလေးရဲ့ခြေရင်းမှာ ဖိနပ်လုရင်းပြဿနာတက်နေပုံရသည့် အမျိုးသားနှစ်ဦးကိုထားခဲ့ပြီး ဆရာမနဒီဆီပြေးသွားလိုက်သည်။သိပ်မကြာခင် ဒေါက်တာချစ်နိုင်းအောင်ပြန်သွားတဲ့အခါ ဒီလိုမြင်ကွင်းမျိုး ထပ်မမြင်ရတော့မှာကိုတော့ နှမြောမိပါရဲ့လေ။

"ချစ်နိုင်းဖိနပ်ကို ခင်ဗျားကဘာလို့ကိုင်မှာလဲ။ အပိုတွေလုပ်မနေပဲ ပေးစမ်းပါဗျာ။ ဒီမှာချထားခဲ့လိုက်မယ်"

"ကိုကို ဖိနပ်ကိုင်ပေးတာ ရှက်စရာလားကွာ။ ဖိနပ်ထားခဲ့လို သူများယူသွားရင် ဘယ်လိုလုပ်မလဲ။သွားပါ.. ချစ်နိုင်းအရင်တက်။ ကိုကိုနောက်က လိုက်လာမယ်။"

"မရဘူး ဖိနပ်ကိုချထားခဲ့။ ကုသိုလ်တွေရအောင်တောင် လုပ်နေပြီးမှ ဖိနပ်တစ်ရံကိုနှမြောစရာလား။ဆရာသျှမ်းထက်ပိုင်.. တစ်ဆိတ် အတွေးမခေါင်စမ်းပါနဲ့"

ပြိုတော့မည့်မိုးလို ညိုလာသည့်ကိုကို့မျက်နှာက မိုးရာသီ၏ ကောင်းကင်နှင့်ဘာမှမခြား။ စစ်ကိုင်းရဲ့လေထုက ရောက်လာတော့မည့် မိုးပြေလေပြေအောက်မှာ အရှိန်လေးရနေကာ ကိုကို့ဆံပင်တွေကြား လှုပ်ရှားတိုက်ခတ်သွားကြပြီး ချစ်နိုင်းမျက်နှာထားကို လျော့ကျလာစေခဲ့၏။ ဒီလောက်လေးပြောတာတောင် မျက်နှာပျက်ပြနေလို့ ချစ်နိုင်းမှာစိတ်ထဲရှိတဲ့အတိုင်း မရှုပ်စမ်းပါနဲ့လို့ အော်ထုတ်ဖို့ ခဲယဉ်းနေတာပေါ့။

"ဘာဖြစ်ဖြစ် အဲ့ဖိနပ်ကို မကိုင်ရဘူး ..ပေး"

"အိုခေ ကိုကိုမကိုင်တော့ဘူး။ ဒီမှာထားခဲ့လိုက်မယ်"
လှေကားခြေရင်းမှာ ဖိနပ်တွေချလိုက်ပြီးကျေနပ်ရဲ့လားပုံစံနှင့် ချစ်နိုင်းဆီကြည့်လာသည်။မသိချင်ယောင်ဆောင်ကာ ‌အရှေ့ကနေ ဦးဆောင်တက်လာတော့ နောက်ကနေ‌အမှီလိုက်လာသည့်ခြေသံတွေ။ နေ့တိုင်းကြားရလွန်းလို့ ချစ်နိုင်းအလွတ်တောင်ရတော့မည်။အရင်ကတော့ ကိုယ်ကလိုက်နေကျမို့ ပျော်စရာကောင်းပေမဲ့ ကိုယ်ကပြန်အလိုက်ခံရတဲ့အခါ နည်းနည်းတော့ ကသိကအောက်ဖြစ်ရသည်။နောက်ဆုံးတော့ ချစ်နိုင်း ကိုကို့ကို စာနာမိတာပါပဲ။

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Where stories live. Discover now