"ဘွဲ့ရရင် ဘာရောင်ဝတ်ရမလဲ စဉ်းစားနေတာ။ နီညိုလေးဆို ကောင်းမလား"

"အခုအရင် ပြီးအောင်လုပ်ပါအုန်း။ နင်တို့ မိန်းကလေးတွေကတော့ ဘွဲ့ရရင် ဘာဝတ်မလဲပြေးတွေးနေနိုင်ကြတယ် "

"အမလေး ငါတို့က စာနဲ့အလုပ်ပဲခေါင်းထဲထည့်တယ်ထင်မနေနဲ့။ ဘွဲ့ရရင်ဝတ်ဖို့ကအစ မင်္ဂလာဆောင်ရင် ဘာရောင်ဝတ်မယ်၊ Photo shootingအတွက်က ဘယ်နှစုံဆိုတာအထိ စဉ်းစားထားပြီးသား။ မိန်းမတွေကို အထင်သေးမနေနဲ့ ခေါင်းထဲမှာပလန်ချည်းပဲဟဲ့ သိရဲ့လား"

"အေးပါကွာ ..မယ်မင်းကြီးမတို့ရဲ့ ဦးနှောက်ကိုတော့လေးစားပါတယ်။ အဲ့လောက်မအားလပ်တဲ့ကြားက ရည်းစားကို ဘယ်လိုစိတ်ဆိုးရမလဲဆိုတာပါ တွေးနိုင်ကြတာ"

"သိရင်ပြီးတာနဲ့..ဒါနဲ့ ပလန်ဆိုလို့ ပြောရအုန်းမယ်။ ငါတို့ ‌နောက်တစ်ခေါက်လောက် ခရီးထပ်သွားဖို့လေ..အဲ့ဒါ..."

သာကြီးဘက်က လက်မြှောက်လိုက်ရသည့် စကားဝိုင်းဟာ ခရီးသွားဖို့ပြန်ဦးတည်သွားပြီ။နားချိန်တိုင်း ပြောစရာစကားမကုန်သည့် သူငယ်ချင်းမတွေကြောင့် စိတ်ညစ်သည့်ကြားမှ ချစ်နိုင်းပြုံးမိ၏။ ဆူခံရငေါက်ခံရလည်း နောက်ရက်တွေ ဘာမှမမှတ်မိတော့သလို ပေါ့ပေါ့ပါးပါးပြောကြဆိုကြပြန်သည်။လူငယ်ချင်း စုနေရတာ ဒါတော့အတော်ကောင်း၏။ လူစုံရင် ချစ်နိုင်းအတွေးတွေ နားချိန်များများရသည်ကိုး။

"ဟေး အလုပ်သင်တွေ ...ဟိုမှာ အရေးပေါ်လူနာရောက်နေတယ် သွားကြည့်ကြ။ အပြုံလိုက်ကြီးလဲ မသွားကြနဲ့နော် ကျန်တဲ့သူက ဒေါက်တာစိုင်းသူဆီသွားလိုက်ကြအုန်း"

စီနီယာ၏ စကားအဆုံး ဟိုလူသွားနိုး၊ဒီလူသွားနိုးလုပ်နေရာမှ ချစ်နိုင်းနှင့်စွမ်းဟိန်းက အရေးပေါ်လူနာဆီပြေးဖို့ မဲကျသွားသည်။ ဂျူတီကုတ်ကို ဟိုဟိုဒီဒီခါပြီး သွက်သွက်သွားတုန်းကအကောင်း ဟိုအရောက် လူနာကိုမြင်မှ ချစ်နိုင်းသေချင်စော်နံသွားသည်။ ဘောင်းဘီတစ်ခုလုံး သွေးတွေရဲနေသည့်လူနာ။ အပေါ်ပိုင်းကလည်း ကျိုးပဲ့ထားပုံရ၏။ ကုတင်ပေါ်အရွှေ့မှာ ညည်းညူသံက ကြားရသူတွေအတွက် စိတ်ချမ်းမြေ့စရာတစ်စက်မှမရှိချေ။

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Where stories live. Discover now