"လမ်းမှာ အဆင်ပြေကြပါစေ ဆရာလေးတို့ရေ။ ဖြေး‌ဖြေးသာ ပြန်ကြတော့"

လူစုကိုနှုတ်ဆက်ပြီး ခြံထဲကထွက်လာချိန်တွကင် ချစ်နိုင်းခေါင်းကိုရှေ့ပြန်မလှည့်နိုင်။ နှင်းမှုန်ကြားမှ လက်လှမ်းပြနေသည့်လူစုဆီကနေ မျက်လုံးမခွာနိုင်‌ခဲ့ချေ။ သူတို့တည်းခဲ့ရသည့် အိမ်လေးက မှုန်မှိုင်းနေသည့်မြူတွေအောက်မှာငုပ်တုပ်ကလေး။ ခြံထဲကကြက်တစ်ကောင်ဟာ ခြံစည်းရိုးပေါ်တက်ကာ တကွတ်ကွတ်အော်နေရှာသည်။ ချစ်နိုင်းကို နှုတ်ဆက်နေလေသလားမသိပါ။

မြေသားလမ်းကလေးပေါ်မှာ ဆိုင်ကယ်ဟာမြှောက်သွားလိုက်ကျသွားလိုက်ဖြင့် မောင်းနှင်လျက် လမ်းကြောင်းကလေးကသူ့လမ်းရာအတိုင်း ကျန်ခဲ့ရှာသည်။ ခပ်ဝေးဝေးမှာကျန်နေခဲ့သည့် တောင်ခါးပန်းကအိမ်ကလေးဆီ တစ်ချက်ငေးလိုက်ပြီး ရှေ့ပြန်လှည့်တော့ ရှေ့ဆိုင်ကယ်မှ ကိုကိုကနောက်တလှည့်လှည့်နှင့်။ကိုကိုလည်း ပြန်ခါနီးမို့အလွမ်းပြေကြည့်နေရှာတာဖြစ်လိမ့်မည်။ ချစ်နိုင်းနှင့်အကြည့်ဆုံနေတာမို့ ပြုံးပြချင်သော်လည်း အားမရှိတာရော မျက်နှာကိုလေအေးတွေတိုးနေတာရောကြောင့် မပြုံးပြဖြစ်တော့။

လည်ပင်းမှာပတ်ထားသည့် မာဖလာကိုနှာခေါင်းထိပ်ထိဆွဲတင်ကာ မျက်စိတို့ကိုတေးတေးသာဖွင့်ထားလိုက်သည်။ သစ်ခေါက်ရနံ့သင်းသင်းက ချစ်နိုင်းမျက်နှာတစ်ဝိုက်လွှမ်းခြုံထား၏။ လက်ရှိပတ်ထားသည့် ဆေးခြောက်လျှော်ထည်တဘက်လေးဆီမှဖြစ်မည်။ ဒီအထည်လေးကို လောင်နွန့်အဖွားဆီမှ လိုတာထက်ပိုဈေးကြီးပေးကာ တမင်သက်သက်ဝယ်လာတာပင်။ ချစ်နိုင်းလုပ်ပေးနိုင်တာ ဒါလေးပဲရှိသည်မို့ တတ်နိုင်သလောက်သာကူညီခဲ့နိုင်သည်။

နှင်းငွေ့တွေကြား ဆိုင်ကယ်မောင်းရတာ သိပ်တော့ခရီးမတွင်လှ။မြို့အဝင်ကုန်းဆီရောက်တဲ့အခါ တောင်ထိပ်မြို့ငယ်လေးဆီ သမင်လည်ပြန်ငေးရင်း နှုတ်ဆက်မိသည်။ တောင်ပေါ်ဘောလုံးကွင်ပြင်ထက်မှာ နှင်းမှုန်တို့ကဟိုဟိုဒီဒီပြန့်ကျဲနေကြ၏။

"ခေါင်လန်ဖူးမြို့မှ ကြိုဆိုပါ၏" ဆိုသည့်ဆိုင်းဘုတ်လေးကိုနှုတ်ဆက်အပြီးမှာတော့ ဆိုင်ကယ်ဟာ တောတွင်းလမ်းဆီဝင်သွားခဲ့ပြီ။တောင်ပေါ်မြို့ကလေးက တောင်အကွေ့တောအကွေ့တွေရဲ့နောက်မှာ ငြိမ်သက်စွာကျန်နေခဲ့လိမ့်မည်။ ဒီတစ်ခေါက်အတွက် ချစ်စရာကောင်းသည့်၊မဖွံ့ဖြိုးသေးသည့် ဒေသငယ်ကလေးကို သူတို့နှုတ်ဆက်ခဲ့ကြရပါပြီ။နောက်တစ်ကြိမ်များ ထပ်ရောက်နိုင်တဲ့အခါ ပိုတိုးတက်ပြီးစိုပြေနေတာကို မြင်နိုင်ကောင်းပါရဲ့။

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Where stories live. Discover now