"ဆေး‌ပုံမှန်လိမ်းပြီး ပေးတဲ့ဆေးကို ကုန်တဲ့အထိသောက်ဖို့ပြောပေးပါအုန်း"
ဘာသာပြန်ပေးသူအား ခေါင်းတငြိမ့်ငြိမ့်လုပ်ပြကာ လိုက်နာမည့်အကြောင်းပြောသည့် မိန်းကလေး။နောက်တော့ ချစ်နိုင်းပေးသောဆေးထုပ်ကိုယူကာ သူမလွယ်နေကျခြင်းကြားကြီးကိုကျောပေါ်တင်လို့ ရေခပ်သည့်ဝါးလုံးရှည်များကိုသယ်ကာ ထွက်ခွာ‌သွားတော့သည်။

"နောက် လူနာရှေ့မှာ ဒါမျိုးမျက်နှာမလုပ်နဲ့။ဆရာဝန်လုပ်မယ်ဆိုတဲ့သူက ဘာလို့ဒီလောက်တောင် ကိုယ့်စိတ်ကိုမထိန်းနိုင်ရတာလဲ"
နောက်လူနာမလာခင် ကိုကိုဆူတော့ ချစ်နိုင်းငြိမ်နေရသည်။ သပ်သပ်မဲ့ကြီးလုပ်ပြနေတာမှ မဟုတ်ပဲ။ သူ့အလိုလို ဖြစ်သွားရတာကို။ ဆရာဝန်တစ်ယောက်အနေနဲ့ ဆင်ခြင်သင့်တာ ချစ်နိုင်းနားလည်ပါသည်။သို့သော် အခုလိုကြီး ဆူပူနေပြန်တော့လည်းမကြိုက်။ မှားလည်းမှားနေတာကြောင့် ပြန်မပြောနိုင်ပဲ လိုတာသာကူလုပ်ပေးနေရတော့သည်။

"‌ထမင်းစားကြမယ်ဟေး ခဏပြန်ကြရအောင်"
လူရှင်းသွားသည့်အခါ ဆော်ဩသံနှင့်အတူ အိပ်ဆောင်ပြန်ဖို့ပြင်ကြရသည်။ လက်ရှိရောက်နေတာ မြို့အလယ်နားမို့ အိပ်ဆောင်ရောက်အောင် လမ်းလျှောက်ကြရအုန်းမည်။
မြို့တွင်း စေတီလေးနားကိုဖြတ်ကျော်လာပြီး
သိပ်မကြာ၊ဆိုင်ကယ်နှင့်ရောက်လာသူတစ်ချို့က အဆောင်လိုက်ပို့ပေးမည်ဆို၍ လူကြီးအုပ်စုပါသွားကြ၏။

ချစ်နိုင်းနှင့် ကိုကိုကတော့ ခြေကျင်လျှောက်ဖို့ကျန်ခဲ့ကြသည်။ဆေးပစ္စည်းတွေ ပြန်ပေးလိုက်ပြီမို့ နှစ်ယောက်သား ပေါ့ပေါ့ပါးပါးပင်။ သို့သော် စိတ်တွေကတော့လေးလံနေ၏။ နှစ်ယောက်ကြားထဲ အစိုင်ခဲတစ်ခုရှိနေသလို ခပ်ခွာခွာလျှောက်ရင်း စကားလည်းမပြောဖြစ်ကြ။ ချစ်နိုင်းက စကားစမပြောလို့ပဲဖြစ်မည်။ အမြဲကိုယ်ကပဲ စခဲ့တာမို့ ကိုယ်ကနောက်ဆုတ်ချင်လျှင်တောင် ကိုယ့်ဘက်တိုးလာမည့်ခြေလှမ်းမရှိ။ ဝမ်းနည်းဖို့ကောင်းသလို ရယ်စရာလည်းကောင်းသေးသည်။

"ကိုကို ချစ်နိုင်းကိုတစ်ခုခုပြော"
ကျားလိုက်သလို လျှောက်နေသည့် ကျောပြင်ကျယ်ကြီးကိုကြည့်ရင်း မနေနိုင်စွာ စကားအစပြုမိပြန်တဲ့အခါ ပါးစပ်ကချိုသာမနေနိုင်။ဘာပဲဖြစ်ဖြစ် နောက်ဆုံးကျတော့ ချစ်နိုင်းကပဲ လိုက်တွယ်ကပ်နေရတာပါပဲ။

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Where stories live. Discover now