ခန္ဓာကို မမက်မောရင် ဒါဆိုဘာလဲ။ စိတ်ဝင်စားတာလား။

ဟုတ်မည်။ ခွေးတစ်ကောင်အတွက် အသက်ပေးရဲသည့် မိုက်ရူးရဲဆန်မှုကို စိတ်ဝင်စားတာဖြစ်မည်။ Blood ဘဝတွင် တစ်စုံတစ်ယောက်အား သေနတ်ရွယ်လိုက်လျှင် အသက်ချမ်းသာပေးရန် တောင်းဆိုကြစမြဲ၊ တစ်ယောက်ယောက်အား ထိုးထည့်ပြီး ကိုယ်လွတ်ရုန်းကြစမြဲ။ ဒီယောကျာ်းအလှည့်ရောက်မှ သူ့သေနတ်ရှေ့ အစားဝင်ခံပေးသည့်အပြင် ဒင်းကာကွယ်ပေးချင်သူက လူမဟုတ်သည့် ခွေးတစ်ကောင်။ ခွေးတောင်မှ ခွေးလေခွေးလွင့် အဖြူမှိုင်းမှိုင်း ဟက်စကီး။

ဒီလိုမျိုး မိုက်ရူးရဲဆန်နိုင်မှုကြီးအား ပိုင်ဆိုင်ထားသည့် ဦးနှောက်လေးကို စိတ်ဝင်စားသည်ဆို ပိုမှန်လိမ့်မည်။ ထိုယောကျာ်း​၏အတွေးအခေါ်၊ စိတ်ကူးစိတ်သမ်းကို Blood လေ့လာချင်သည်။ အခုထိတော့ ဒီလောက်ပါပဲ။ အဲဒီထက်မပို၊ အဲဒီအောက်လည်း မလျော့။

သူ့ကိုသတ်ပြီးမှ ဦးနှောက်ကို ခွဲကြည့်ရမလား။ တစ်ခုခုတော့ ထွက်လာကောင်းပါရဲ့။ သို့ပေမယ့် မဖြစ်။ ဦးနှောက်ထုတ်မည်ဆို အနည်းဆုံးတော့ ဦးခေါင်းခွံကို ပိုင်းပစ်ရတော့မှာ။ အဲဒီအခါကျ ပုံပျက်သွားလိမ့်မည်။ အစီအစဉ်ကို ပယ်ဖျက်!

"ဝုတ်ဝုတ်!"

အတွေးတွေလွန်နေသော Blood တစ်ယောက် ဦးဟက်စကီး​၏ ဟောင်သံနောက်မှာ စိတ်နှင့်ကိုယ်နှင့် ပြန်ကပ်လာတော့သည်။ ဘာလဲ ဟက်စကီး။ သူ့အဆိုကို ထောက်ခံတဲ့ ဝုတ်ဝုတ်လား။ ပယ်ဖျက်တဲ့ ဝုတ်ဝုတ်လား။

"ခင်များ၊ ကျုပ်ရှေ့က..."

လေသံကို အတတ်နိုင်ဆုံး မာမာထန်ထန်ထား၍ပြောနေသော်လည်း မျက်ဝန်းတစ်စုံနှင့် ထိပ်တိုက်စုံမိချိန်တွင် အာခေါင်တွေ ချောက်ကပ်ကုန်ရသည်။ ဘုရားသခင်။ အေးစက်လှတဲ့ မျက်ဝန်းတွေပါလား။ တည်ငြိမ်လွန်းသော အကြည့်ဟာ Blood ​၏ မျက်အိမ်မှတစ်ဆင့် နှလုံးသားထိပါ ထွင်းဖောက်လို့ သွေးဆူနေသော သူ့တစ်ကိုယ်လုံးကို တောင့်တင်းသွားစေသည်အထိ အအေးငွေ့ဟာ ဩဇာရှိ​၏။

"ခင်များ၊ ကျုပ်ရှေ့က..."

ထိုယောကျာ်းဟာ ကြားဖြတ်မပြော။ Blood စကားဆုံးသည်အထိ စိမ်ပြေနပြေ ရပ်စောင့်တော့ အထစ်ထစ် အငေါ့ငေါ့တွေ ဖြစ်ကုန်ရသည်။

Blood of MINWhere stories live. Discover now