တုန်ဖန်လန်စကားက ဝမ်ရမ်လဲ့ကို ခတ္တခဏမျှရပ်တန့်သွားစေသည်။ ထို့နောက် သူက ရယ်လိုက်ကာ
"မယ်တော်... ကျန်း ထင်တာကတော့ ဒီနန်လင်းဝမ်ဖေးက ကောင်းချီးပေးခံရတဲ့သူ တယောက်ပါ။ ဒီတခေါက်တော့ ဘာမှမဖြစ်လောက်ပါဘူး"
"အမ်... ဧကရာဇ်ပြောသလိုသာ တကယ်ဖြစ်လာရင် အိုက်ကျား ဆန္ဒလေးခုထဲက တခုလည်း ပြည့်စုံသွားလိမ့်မယ်! ဒီတခေါက်တော့ အိုက်ကျား ဘုရားကျောင်းကိုပဲ သွားတော့မယ်။ ဒီနန်းတော်က အရမ်းဆူညံတယ်။ အိုက်ကျားက အသက်ကြီးပြီ ဒါတွေကို မခံနိုင်တော့ဘူး။ အိုက်ကျား တိတ်ဆိတ်တာပဲ ကြိုက်တယ်"
"ခုမှ ပြန်လာတာမဟုတ်ဘူးလား? မယ်တော် နန်းတော်ထဲမှာပဲ နေသင့်တယ် ဒါမှ ဒီသားတော်က ရိုသေလေးစားမှုကို ပြသနိုင်မှာ! မင်ယွဲ့ ဆုံးပါးသွားကတည်းက မယ်တော်လည်း စိတ်ဓာတ်ကျနေတာ။ မယ်တော်က နန်းတော်မှာ ရက်နည်းနည်းလောက် နေသင့်တယ်။ ကျန်း... သားတယောက်အနေနဲ့ အပြစ်မကင်းသလို ခံစားမိတယ်"
ဝမ်ရမ်လဲ့မျက်နှာပေါ်က ရှက်ရွံ့မှုသည် တုန်ဖန်လန်အား ရယ်မောစေကာ
"မင်းကြီး... မင်းကြီးက တိုင်းပြည်ရဲ့ ထောက်တိုင်ပဲ! တိုင်းပြည်ရဲ့ အရေးကိစ္စကသာ မင်းကြီး အရေးစိုက်သင့်ဆုံးအရာပဲ! အိုက်ကျားက အသက်ကြီးပြီး တိတ်ဆိတ်မှုကို ကြိုက်တယ်။ အိုက်ကျားရဲ့ စိတ်ကလည်း တောင်တန်းစိမ်းစိမ်းတွေ၊ ရေကြည်ကြည်တွေ၊ ခွေးလေးတွေ၊ ငှက်လေးတွေ ကြည့်ရရင် ပျော်တယ်! မင်းကြီးလည်း အိုက်ကျားကို သွားခွင့်ပြုသင့်တယ်"
တုန်ဖန်လန်က ဒီလိုပြောလာမှတော့ ဝမ်ရမ်လဲ့လည်း ခေါင်းညိတ်သဘောတူရုံသာ။ အသက်အရွယ်ရလာသည့် တုန်ဖန်လန်၏ နောက်ကျောကို ကြည့်ရင်း ဝမ်ရမ်လဲ့က ထူးဆန်းသော အပြုံးကို ထုတ်ဖော်လိုက်သည်။