အပိုင်း ( ၆၂ ) ( Zawgyi )

Magsimula sa umpisa
                                    

ကားဖြတ်သန်းမောင်းနှင်ရာ ဘေးတစ်ဖက်တစ်ချက်စီ၌လည်း မြစိမ်းရောင်အဆင်းရှိ‌သော လယ်ကွင်းစိမ်းစိမ်းများကား ရှုမငြီးနိုင်ဖွယ် မြင်ကွင်းတဆုံးထိတိုင် တွေ့မြင်နေရသည်။

လေယူရာ ယိမ်းနွဲ့ညွတ်တွားနေကြသော စပါးပင်များသည်လည်း မသိလျှင် အငြိမ့်စင်မြင့်ခုံထက်၌ အစွမ်းကုန်ကကြိုးဆင်‌နေကြသော ဂုဏ်သရေရှိ ကချေသည်များအလား ... ။

ထိုစိမ်းဖန့်ဖန့်လယ်ကွင်းများအား ဖြတ်သန်းတိုက်ခတ်လာသော ဆောင်းလေအေးသည် မြို့ပြ၏‌လေထုနှင့် အနည်းငယ်မျှပင် နှိုင်းယှဉ်၍မရလောက်အောင် ကွာခြားလှသည်။

အေးမြသည်။ လတ်ဆတ်သည်။ သန့်ရှင်းသည်။ ကျန်းမာရေးအတွက် သင့်တော်သည်။

ထို့အတူ လွတ်လပ်မှုတည်းဟူ‌သော အရသာကိုလည်း ပေးစွမ်းနိုင်သည်။

ကားစီးလျှင် အမြဲလိုလိုမှန်ချစီးကာ လေညင်းခံတတ်သော တစ်စုံတစ်ယောက်အားလည်း ပြေးသတိရသွားသည်။

ဈာန်ရောင်ခ၏မျက်နှာထက်၌ ပြုံးရိပ်ငွေ့ငွေ့ ဖြတ်ပြေးသွားလေသည်။

သူ အဲကွန်းမဖွင့်တော့ဘဲ ကားမှန်ကို ချလိုက်သည်။ ထိုအခါ ပြင်ပမှတိုက်ခတ်လာသော လေအရှိန်‌ကြောင့် သူ့ဆံပင်များသည် အစိုးမရဘဲ လေယူရာ တိမ်းနေတော့သည်။

သို့သော် ဤအချက်‌ကြောင့်ပင် ဈာန်ရောင်ခ၏ဆွဲဆောင်ညှို့ငင်မှုသည် ပို၍အားကောင်းသွားသည်။

ယခု ဈာန်ရောင်ခ ဦးတည်သွားနေသည်က ရန်သူတော် ခန့်မဟော်ဆီသို့ ... ။

ဟုတ်သည်။ နားကြားမမှား။

ခန့်မဟော်နှင့်တွေ့ရန် သွားနေခြင်းသာ ... ။

ဤကဲ့သို့ ဖြစ်ရသည့်အကြောင်းရင်းမှန်ကို ဇာတ်စုံခင်းကျင်းပြရမည်ဆိုလျှင်တော့ ဒီနေ့လယ်ခင်း၌ ခန့်မဟော်တစ်ယောက် ရုတ်တရက်ကြီး သူ့ထံ ဖုန်းဆက်လာသည်နှင့် အစပျိုးရပေမည်။

နေ့လယ် ၂ နာရီအချိန် ... ။

ထိုအချိန်၌ ကိုကိုက သူနှင့်အတူ နေ့လယ်စာစားပြီးနောက် ထုံးစံအတိုင်း ဆေးသောက်ကာ အိပ်ပျော်သွားသည်။

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Tahanan ng mga kuwento. Tumuklas ngayon