လေးဆက်တစ်ယောက် COE အောက်ထပ် အားကစားခန်းမမှာ အသိညီလေးတစ်ယောက်နှင့် စကားပြောပြီး အခန်းထဲက ထွက်အလာ သူ ချစ်ရသည့်တီချယ်နှင့် အမှတ်မထင် ဆုံလိုက်ရသည်။
Second Semester က တဖြည်းဖြည်း နီးကပ်လာပြီဖြစ်သည့်အတွက် လေးဆက် စာဘက်ကို အာရုံစိုက်နေရသည်။ ထို့အပြင် ဈာန်ဆိုသည့် ဂျစ်ကန်ကန်ကလေးဆိုးလေးအတွက်လည်း သီးသန့်အချိန်ကို မနည်းဖဲ့ပေးနေရသဖြင့် တီချယ်ဆီကို မသွားဖြစ်တာ အတော်ကြာခဲ့လေပြီ။
စာမေးပွဲမဖြေခင် တစ်ရက်လောက် တီချယ့်ကို သွားတွေ့ဦးမည်ဟု စဉ်းစားနေစဉ်မှာ အခုလိုမျိုး မမျှော်လင့်ဘဲ တိုက်တိုက်ဆိုင်ဆိုင်ဆုံလိုက်ရသည့်အတွက် သူ အရမ်းဝမ်းသာသွားရသည်။
တီချယ်ကတော့ ဘေးဘီဝဲယာကို သိပ်မကြည့်ဘဲ သူ့ထုံးစံအတိုင်း ခပ်သွက်သွက်လမ်းလျှောက်ကာ လှေကားပေါ်တက်ဖို့ပြင်နေသည်။ တီချယ့်လက်ထဲမှာလည်း စာအုပ်တွေ စာရွက်တွေ အထပ်လိုက်နှင့် မနိုင်မနင်းဖြစ်နေသဖြင့် သူ တီချယ်ရှိရာဆီသို့ အလျင်စလိုပြေးသွားလိုက်သည်။
“ တီချယ် ! ”
သူ အော်ခေါ်လိုက်တော့ လှေကားသုံးထစ်လောက်အထိ တက်ပြီးနေသည့် တီချယ်က ပြန်လှည့်ကြည့်လာသည်။ သူ့ကို မြင်တော့ တီချယ့်မျက်နှာထက်မှာ အပြုံးတွေ ဝေဝေဆာဆာပေါ်ပေါက်လာပြီး
“ ဟယ် ! မတွေ့ဖြစ်တာတောင် ကြာပြီ သားရယ် ... မင်းနှယ့် အတော်နေနိုင်လိုက်တာ ... တီချယ့်ကိုတောင် လာမတွေ့ဘူး ... ပြီးတော့ မြတ်သူတို့မောင်နှမရောပဲ ”
တီချယ်က သူ့ကို အနည်းငယ် ဆူပြောလေးပြောလာသဖြင့် လေးဆက်လည်း ပြုံးစိစိနှင့် ဇက်ပိုးကိုသာ အသာပွတ်ရင်း တီချယ် ပြောသမျှကို ငြိမ်နားထောင်နေလိုက်သည်။
“ ဒါနဲ့ သား မင်း ဘယ်သွားမလို့လဲ ”
“ ဟင့်အင်း ... ကျွန်တော် ဘယ်မှ မသွားဘူး ... တီချယ့်ကို တွေ့လို့ နောက်က လိုက်လာတာ ”
“ အေး ... အေး ... သား စာမေးပွဲအတွက်ရော ပြင်ဆင်ပြီးပြီလား ... ဘယ်လိုလဲ ... အဆင်ပြေရဲ့လား ... မြတ်သူတို့ရော ... ”
YOU ARE READING