အပိုင်း ( ၆၂ ) ( Unicode )

2K 303 64
                                    

ရန်ကုန်မြို့ပြင်ရှိ အဝေးပြေးလမ်းမကြီးတစ်လျှောက် မောင်းနှင်လာသော ကားနက်ပြာရောင်တစ်စီး ... ။

နှေးသည်ဟုလည်းမဆိုသာ၊ မြန်သည်ဟုလည်းမဆိုသော အရှိန်နှုန်းတစ်ခုဖြင့် ထိုကားသည် အလိုရှိရာဆီသို့ ခရီးဆက်နေသည်။

ကားထဲ၌မူ တစ်ကိုယ်လုံးနက်စွေးနေအောင် ဝတ်ဆင်ထားသော ဈာန်ရောင်ခသည် ပြုံးခြင်း၊ ရယ်ခြင်းအလျင်းမရှိဘဲ တည်ငြိမ်သော မျက်နှာထားဖြင့် ကားကိုသာ တစိုက်မတ်မတ်မောင်းနှင်နေသည်။

ဈာန်ရောင်ခ၏မျက်နှာသည် အလွန်တည်ငြိမ်နေသော်ငြား အကြည့်များကား စူးရှလှသည်။ မာထန်လှသည်။ ပြတ်သားလှသည်။

ယောကျာ်းပျိုတစ်ယောက်၏မာန်မာနနှင့် ပြီးပြည့်စုံနေလေသည်။

ကြည့်ရသည်မှာ ဈာန်ရောင်ခသည် တစ်စုံတစ်ခုကို အသေအချာ စိတ်ပိုင်းဖြတ်ထားပုံပင်။

အနက်ရောင်ရှပ်အကျီလက်ရှည်ကို လက်ဖျံထိ ခေါက်တင်ဝတ်ထားသဖြင့် ဈာန်ရောင်ခသည် ပို၍ပင် ဆွဲဆောင်မှုရှိကာ လူကြီးဆန်ဆန်ချောမောခန့်ညားနေ၏။

စတီရာတိုင်ကို ဆုပ်ကိုင်ထားသည့် လက်ချောင်းရှည်ရှည်သွယ်သွယ်များမှာလည်း သွေးကြောစိမ်းများ ထင်းနေပြီး ပြစ်ချက်မရှိ ရှင်းသန့်လှသည်။

အနက်ရောင်ဒိုင်ခွက်နှင့် သားရေကြိုးအနက်ပါသည့် Rolex နာရီကလည်း ဈာန်ရောင်ခ၏ဘယ်လက်ကောက်ဝတ်ထက်၌ ထင်းခနဲ ပေါ်လွင်နေသည်။

နဂိုကတည်းက ချောမောခန့်ညားပြီး အသားဖြူသူဖြစ်သောကြောင့် တစ်ကိုယ်လုံးကို အနက်ရောင်ဆင်ချလာသည့်အခါမှာတော့ ဈာန်ရောင်ခသည် လူတကာ ငေးကြည့်ချင်စရာကောင်းလောက်အောင်ကို အဘက်ဘက်က ပြီးပြည့်စုံနေ၏။

တစ်ချက်ဝေ့ကြည့်လိုက်ရုံဖြင့် လူကုံထံ အထက်တန်းစားမျိုးရိုးမှန်း သိသာလွန်းစွာ ... ။

ညနေစောင်းနေဝင်ရီတရောအချိန်ဖြစ်သောကြောင့် အနောက်အရပ်သို့ ငုပ်လျှိုးစပြုနေသည့် နေမင်းကြီးမှ ထုတ်လွှတ်လိုက်သည့် လက်ကျန်အလင်းရောင်သဲ့သဲ့ဟာ ထိုကားနက်ပြာလေးပေါ်သို့ အစွမ်းကုန်ဖြာကျနေ၏။

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now