ဇာတ်သိမ်းပိုင်း ( Unicode )

7.4K 415 137
                                    

အချိန်ကာလအားဖြင့် ခြောက်နှစ်ကျော်ခန့်ကြာသော် ... ။

ထာဝစဉ် မရပ်မနားလည်ပတ်နေလျက်ရှိသော အချိန်၏သဘောသဘာဝအရ ရှည်ကြာလှသည့် ရာသီအလီလီ၊ နှစ်အလီလီ‌တို့အား ကျော်ဖြတ်၍ ဆောင်းရာသီ ဒီဇင်ဘာလသို့ တဖန်ပြန်လည်‌ရောက်ရှိလာခဲ့ပြန်၏။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ... ။

နိုင်ငံခေတ်မီတိုးတက်လာသည်နှင့်အမျှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည်လည်း အရင်ကထက် ပို၍အဆင့်အတန်းမြင့်မားလာကာ လူသူမပြတ်စည်ကားသိုက်မြိုက်နေလျက်ရှိသည်။

ထိုလူများထဲတွင် ဇင်ဇင်တို့သားအမိလည်း အပါအဝင်ဖြစ်၏။ အေးစက်နေသော ဇင်ဇင်၏လက်များသည် အချင်းချင်းအဖော်ပြုကာ ဆုပ်နယ်နေလျက်ရှိသည်။

ယခုချိန်၌ လေဆိပ်ထဲမှ ထွက်လာမည့်လူများအား လည်တဆန့်ဆန့်ဖြင့် စောင့်မျှော်ရင်း ဇင်ဇင်တစ်ယောက် အရမ်းစိတ်လှုပ်ရှားနေမိသည်မှာ အမှန်ပင်ဖြစ်သည်။

ထို့အတူ မေမေလည်း ဇင်ဇင်ကဲ့သို့ အင်မတန်စိတ်လှုပ်ရှားနေပုံပေါ်၏။ သို့သော်ငြား လူကြီးဆိုတော့လည်း အပြောအဆို၊ အမူအရာကအစ ထိန်းထိန်းသိမ်းသိမ်းရှိလှ၍ စိတ်လှုပ်ရှားနေမှန်း သိပ်မသိသာပေ။

“ သမီး သားငယ်လေးက ဘယ်အချိန်ရောက်မှာလဲဟင် ”

မေမေက ဇင်ဇင့်လက်ကို အားကြီးတကြီးလာဆုပ်ကိုင်ကာ အသံဖျော့ဖျော့ဖြင့် သိလိုရာကို မေးမြန်းလာ၏။

အလို ... မေမေ့လက်များသည်လည်း ‌ဇင်ဇင့်လက်ကဲ့သို့ပင် အေးစက်နေပါရောလား။ မေမေသည် တစ်ဦးတည်းသော တူလေးကိုမူ သမီးအရင်းနှင့်ထပ်တူ သိပ်ချစ်ရှာသည်။

လွန်ခဲ့သော ခြောက်နှစ်ကျော်ခန့်က ဈာန် အမေရိကားမှာ ကျောင်းသွားတက်မည်ဆိုသည့်သတင်းကို ကြားရစဥ်အခါတုန်းကလည်း မေမေ့ခမျာ အလုပ်ကိုတောင် အာရုံမစိုက်နိုင်တော့ဘဲ တစ်ချိန်လုံး မျက်ရည်တစမ်းစမ်းဖြင့် မှိုင်တွေနေတတ်သည်။

သို့သော် အမေရိကားသို့ သွားရမည်မှာ ဈာန့်အနာဂတ်‌ကောင်းကျိုးအတွက် ဖြစ်သောကြောင့် မေမေမှာ ဈာန့်ကိုလည်း မတားမြစ်နိုင်ရှာဘဲ တစ်ယောက်တည်း ကြိတ်ဝမ်းနည်းနေရသည်။ ထိုအကြောင်းကို မေမေနှင့် အမြဲလိုလိုအနီးကပ်နေလေ့ရှိသော ဇင်ဇင်က အသိဆုံးပင်ဖြစ်သည်။

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )On viuen les histories. Descobreix ara