Arc 4.5

2.1K 342 76
                                    

နေသန် ပတ်ဝန်းကျင် တခုလုံး မေ့သွားသည်။ ပရင်တာမှ ထွက်လာသော စာရွက်များကို ကြည့်၍ နေသန့်၏ စိတ်က အတိတ်နှင့် ပစ္စုပ္ပန်ကြား ခေါက်တုံ့ခေါက်ပြန် လူးလွန့်ပျံသန်းနေသည်။ အဖေဖြစ်သူ ခရစ်ပြောပြဖူးသော သီအိုရီတွေ အကြောင်း၊ စိတ်နာနာနဲ့ ရွတ်ပြခဲ့ဖူးသော ဘာမှနားမလည်ပဲ အလွတ်ရခဲ့သည့် အီကွေးရှင်းတွေအကြောင်း၊ မိုက်ခရိုစကုပ်ထဲမှာ တွေ့ရသည့် အနုဇီဝပညာ၏ အနှစ်သာရတွေအကြောင်း။ သို့သော် သူ ပြည့်ပြည့်ဝဝ နားမလည်သေး။

နေသန် စာရွက်တွေနဲ့ မှန်နံရံပေါ်က တွက်ချထားတဲ့စာတွေကို နှစ်ခေါက် ဖတ်ပြီးတဲ့နောက်မှာ ဘယ်လောက် ကြေညက်အောင် ဖတ်ဖတ် နားလည်နိုင်တော့မည်မဟုတ်ဆိုတာကို သဘောပေါက်သွားသည်။ သူနှင့် လုံးဝ မနီးစပ်သော ဘာသာရပ်။ တခါမှ ယောင်လို့တောင် မလေ့လာခဲ့ဖူးသော ပညာဖြစ်နေသည်။

'ရှင်း .. အနုဇီဝပညာ Advance level မြှင့်မယ်'
'Okay'
Upgrading Microbiology to advance level 3...2...1
... minus skill points 1000

သူ့ခေါင်းထဲကို အသိပညာများစွာ ဝင်လာနေသည်။ သူ မှန်နံရံပေါ်မှာ လက်ထောက်၍ ခဏတာ ငြိမ်သက်နေရသည်။ စောစောက စာရွက်ကို တခေါက် ပြန်ကြည့်လိုက်သည်။ ပိတ်ဆို့ လစ်လပ်နေသည့် နေရာများက အနုဇီဝပညာ၏ ဗဟုသုတများ ဝင်လာပြီးသည်နှင့် ဥာဏ်အလင်းပွင့်သွားသကဲ့သို့ ပုစ္ဆာများ အခက်အခဲများက ရှင်းရှင်းလင်းလင်း ဖြစ်သွားလေသည်။

မှန်ပေါ်မှ အချို့အီကွေးရှင်းများကို soft pen ယူ၍ ပြင်လိုက်သည်။ တချို့အချက်အလက်များကို ထပ်ပေါင်းဖြည့်လိုက်သည်။ ရှေ့လူရေးထားတာဖြစ်ပေမယ့် မှားဖျက်မိသွားမှာ မစိုးရိမ်ပဲ ရဲရဲဝံ့ဝံ့ဖျက်ပစ်လိုက်သည်။ နေသန့်၏ အပြောင်းအလဲကို သတိထားမိသူမျာက တယောက်ပြီးတယောက် ရပ်၍ လာကြည့်ကြသည်။

မေးခွန်းများ မေးချင်ဟန်ရှိသော်လည်း စဉ်းစား၍ ရေးနေသော နေသန့်ကို အနှောင့်အယှက် မပေးလိုတာကြောင့် ဘေးမှ ထိုင်၍ ရပ်၍ ကြည့်သူများသာ တဖြည်းဖြည်း များလာသည်။ ခေါင်းတညိတ်ညိတ်လုပ်တဲ့သူက လုပ်နေသည်။ တီးတိုး ဆွေးနွေးနေကြသူများလည်း ရှိသည်။ သူတို့ မတွေးမိတဲ့၊ မေ့နေတဲ့ အကြောင်းအရာ၊ မသိနားမလည်သေးတဲ့ သဘောတရားတွေနဲ့ အဖြေထုတ်မရတဲ့ နေရာတွေကို နေသန်က ကျော်ဖြတ်တွက်ချက်သွားပြီမို့ ရှေ့ဆက်တွေးတောနိုင်လာသည်။ ပြန်လည်ဖြန့်ကျက်စဉ်းစားနိုင်လာသည်။

The Stranger I love (System)Where stories live. Discover now