အပိုင်း (၇၀.၂) - လက်ထပ်ပေးခြင်း

Start from the beginning
                                    

"လက်ထပ်ပွဲက သူမကိုယ်ပိုင် ဆုံးဖြတ်ချက်ပဲ။ ကျွန်တော် တွန်းအားပေးခဲ့တာ မဟုတ်ဘူး။ ခင်ဗျား မယုံဘူးဆိုရင် သူမကို သွားမေးလေ"

ကျန်းပိ၏ စိတ်နှလုံးက တုန်လှုပ်သွားပြီး ချက်ချင်းဆိုသလို ခါးခါးသီးသီး ငြင်းဆန်လေ၏။

"မဖြစ်နိုင်ဘူး။ နင် သူ့ကို တွန်းအားပေးတာပဲ ဖြစ်ရမယ်"

သူမ၏သမီးက အဆင့်အတန်းရှိသည့် လူတစ်ယောက် နှင့် မည်မျှ လက်ထပ်ချင်နေကြောင်း သူမအသိဆုံး ဖြစ်သည်။ သူမ၏သမီးက တုန့်ထိုင်းစီရင်စု၏ လင်းမိသားစုနှင့် လက်ထပ်ရန် အဘယ်သို့ သဘောတူပါလိမ့်မည်နည်း။ လင်းမိသားစုက တုန့်ထိုင်းစီရင်စုတွင် မိသားစုကြီး ဖြစ်သော်ငြား သူတို့၏ ပန်းတိုင်နှင့် အလွန်အမင်း ကွာခြားလှသည်။ လင်းမိသားစုနှင့်သာ လက်ထပ်လိုက်မည်ဆိုလျှင် အန်းကျီယန်ရှေ့၌ သူတို့ ခေါင်းမော့ရင်ကော့နိုင်စွမ်း ရှိပါဦးမည်လော။

ဤတစ်ကြိမ်တွင် အန်းကျီယန်က သူမကို ပြန်မဖြေတော့ပေ။

ရှေ့နွားက ဖြောင့်ဖြောင့်မသွားလျှင် နောက်ကနွားသည်လည်း လမ်းမှားရောက်ပေလိမ့်မည်(အနီးစပ်ဆုံး ယူသုံးခြင်း)။ အဖေနှင့် အမေတို့က ကြောင်းကျိုး မညီညွှတ်ကြသည်မို့ သူတို့သည်လည်း ထက်မြက်သိမ်မွေ့သော မိန်းမပျိုလေးများအဖြစ်မှ ဦးနှောက်မရှိသည့် ကျပ်မပြည့် အလှလေးများ ဖြစ်သွားကြသည်။ ထို့ကြောင့် မိခင်ဖြစ်သည့် ကျန်းပိတွင် တာဝန်အပြည့်အဝ ရှိပေသည်။

"ကျုပ် ခင်ဗျားရဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေကို ထပ်နားမထောင်ချင်တော့ဘူး။ ခင်ဗျား ပြောပြီးပြီဆိုရင် ထွက်သွားလိုက်တော့"

အန်းကျီယန်က မယဥ်မကျေးဟန်ပန်ဖြင့် သူမကို နှင်ထုတ်လေ၏။ ယခုအခါတွင် သူက ခန်းဝင်ပစ္စည်းစာရင်းကို ရေးနေရသည်။ သူမနှင့် ပြဇာတ်ကစားရန် အချိန်မရှိပေ။

ကျန်းပိကလည်း ဤကိစ္စကို အလွယ်တကူ လွှတ်ပေးရန် မဖြစ်နိုင်ချေ။ သူမက ပို၍ ပြောချင်နေသေး၏။ ထိုအချိန်တွင် အိမ်တော်ထိန်းဆုက ရုတ်ချည်း ဝင်လာလေသည်။ သူက ကျန်းပိကို မြင်လိုက်ချိန်တွင် ရပ်တန့်၍ မျက်မှောင်ကြုတ်လိုက်မိ၏။ ထို့နောက် သူက အန်းကျီယန်ကို ပြောလိုက်သည်။

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now