ချစ်တဲ့အကြောင်းလေးတွေကို စီကာပတ်ကုံးပြောရမယ်ဆိုရင် ကျွန်တော်ကတော့ "လင်းဝေဟန်" ဆိုတဲ့ကောင်လေးရဲ့အကြောင်းအရာတွေနဲ့ အစချီပြီး အဲဒီအကြောင်းအရာတွေနဲ့ပဲ အဆုံးသတ်ချင်တယ်။
တက္ကသိုလ်၀င်တန်းမှာ အမှတ်မြင့်မြင့်နဲ့အောင်ခဲ့တာတောင်မှ အဝေးသင်ပဲတက်ပြီး လူမှုဖောင်ဒေးရှင်းတစ်ခုမှာ အလုပ်အားပေးကျောင်းဆရာတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒီကောင်လေးကို ကျွန်တော်အလွန်အမင်းမြတ်နိုးမိတာတော့ သိပ်ဆန်းမယ်မထင်။
"ကိုယ့်အနားမှာအမြဲရှိနေပေးတတ်တာဆိုလို့ အားလျှံ နဲ့ ကိုယ်စာသင်ပေးနေတဲ့ ကလေးတွေပဲရှိတာ" ဆိုပြီးမျက်နှာငယ်လေးနဲ့ပြောလာတဲ့အချိန်တိုင်းကျွန်တော်သူ့အတွက်စိတ်မကောင်းဖြစ်မိတယ်။
အငယ်နှောင်းက မွေးလိုက်တဲ့သားဖြစ်လေတော့ မိသားစုမှာမျက်နှာမရ။ အဖေဖြစ်သူကလည်း မကွာရှင်းရသေးတဲ့ ဇနီးသည်ရဲ့စကားကိုမလွန်ဆန်နိုင်၊ အဖေဖြစ်သူရဲ့အမေ တစ်နည်းအားဖြင့် အဖွားဖြစ်သူကလည်း မြေးတစ်ယောက်လိုတနွေးတထွေးနဲ့မဆက်ဆံပေးတဲ့အပြင် ဖအေတူမအေကွဲအကိုရဲ့အနိုင်ယူမှုအပေါင်းကိုလူမှန်းသိတတ်စအရွယ်ကတည်းကကြိတ်မှိတ်ခံခဲ့ရတယ်။
အမေကလည်းမီးတွင်းထဲဆုံးခဲ့လေတော့ ဒီလောကကြီးက ဒီကောင်လေးအတွက် ကံကောင်းခြင်းတွေဘယ်တော့များမှာမှ ယူဆောင်လာပေးမှာလဲဆိုပြီးကံတရားကိုပဲကျွန်တော် အပြစ်ပုံချချင်မိတယ်။
"ကိုယ်ကအဆင်ပြေပါတယ်။ အားလျှံရှိနေရင်ပေါ့"
ကျွန်တော့်လက်ကိုခပ်ဖွဖွဆုပ်ကိုင်ပြီးအမြဲပြောတတ်တဲ့စကားလေးတစ်ခွန်းပါပဲ။
ကျွန်တော်နဲ့သူက ဖောင်ဒေးရှင်းပွဲတစ်ခုကနေစပြီးရင်းနှီးခဲ့တယ်။ နောက်ပိုင်းအခုလို တစ်ယောက်က တစ်ယောက်ရဲ့အရေးကြီးတဲ့တစ်စိတ်တစ်ဒေသကနေ ပါရမီဖြည့်နိုင်လောက်တဲ့အခြေအနေကို ရောက်တဲ့အထိပါပဲ။
ကျွန်တော်ကတော့ ဖောင်ဒေးရှင်းရဲ့ဆေးဝါးနှင့်ကျန်းမာရေးဌာနမှာ စေတနာ့ဝန်ထမ်းတစ်ယောက်အဖြစ်လတိုင်းဆေးခန်းထိုင်ပေးဖြစ်တယ်။