အပိုင်း (၆၆.၁) - ခေါင်းဖြတ်ကွပ်မျက်ခြင်း

Start from the beginning
                                    

လျှိုဖေးဟုန် က "အမှိုက်သရိုက်တွေ"ဟု ထအော်လေသည်။

နောက်၌ ရပ်နေသည့် ကျင်းကျုံးထင် သည် သူ့ခေါင်းကို တစ်ချက်ညိမ့်ပြလိုက်ပြီး သူ့ဘေးရှိ အစောင့်နှစ်ယောက်ကို လျှို့ဝှက် အချက်ပြလိုက်သည်။

အစောင့်တစ်နှင့် အစောင့် နှစ် တို့က အချက်ပြမှုကို ချက်ချင်းသတိထားလိုက်မိပြီး အရှေ့သို့ ပြေးတက်သွားလေသည်။ ကျင်းကျုံးထင်၏ နံဘေးတွင် ရပ်နေနိုင်စွမ်းရှိသည့် သူများ အနေဖြင့် သူတို့နှစ်ယောက်သည် အလွန်ပင် ဂရုတစိုက် ရွေးချယ်ခန့်အပ်ထားသော လက်ရွေးစင်အစောင့်များ ဖြစ်သည်။ သူတို့၏ စွမ်းဆောင်ရည်သည် အသတ်ခံလိုက်ရသည့် အနက်ဝတ်ငါးဦးထက် ပိုမိုသန်မာအားကောင်းပေ၏။

အစောင့်နှစ်ယောက်သည် လူလေးဦးကို ဘေးသို့ ကြမ်းကြမ်းတမ်းတမ်း တွန်းဖယ်ပစ်လိုက်သည်။ သူတို့က  ရှေ့သို့ အားကောင်းလှသော ခြေလှမ်းကြဲကြီးများဖြင့် တက်သွားပြီး ကြီးမားလှသည့် ဓားများကိုယ်စီ ကိုင်ဆောင်ထားကြ၏။ ညာဘက်မှ လူက ဖူဝူထျန်း ဆီသို့ သွားပြီး ဘယ်ဘက်မှ လူသည် ဖူဝူထျန်း ကို ပိတ်ဆို့တားဆီးရန် ကြံစည်နေခြင်း ဖြစ်သည်။ ဖူဝူထျန်း က သိုင်းပညာရပ်အချို့ တတ်ကျွမ်းထားကြောင်း သူတို့ ခန့်မှန်းမိကြသည်။ ဤသည်ကိုလည်း သူ့၏ ကိုယ်ဟန်ကို ကြည့်ရှု၍ သူတို့ သတ်မှတ်လိုက်ခြင်း ဖြစ်သည်။ သူတို့ က သူ့ကို လက်နက်များဖြင့် သွေးသံတရဲရဲ ဖြစ်သည်ထိ အသားလွှာပစ်ချင်နေကြသည်။ ဤနည်းဖြင့် သူတို့သည် မဆိုင်ဘဲ ဝင်ပါတတ်သည့် ထိုသူ့ကို ဖြေရှင်းပစ်လိုက်နိုင်ရုံသာမက ခြိမ်းခြောက်နိုင်စွမ်းကိုလည်း ထုတ်ဖော်ပြသနိုင်ပေလိမ့်မည်။

သို့သော်လည်း သူတို့ ပြေးတက်လာသည်နှင့် ဘေး၌ ရပ်နေသော ကောချင်အန်း က သူ့ဓားကို ဓားအိမ်ထဲမှ ရုတ်တရက် ဆွဲထုတ်၍ ပစ်ပေးလိုက်၏။ ဖူဝူထျန်း က ဓားရှည်ကို လက်ဖြင့် လှမ်းဖမ်းလိုက်ပြီး မျက်တောင် တစ်ချက်မခတ်ဘဲ သူ့ထံသို့ ပထမဆုံး ပြေးဝင်လာသည့် အစောင့်နှစ်ကို ခုတ်ချလိုက်လေသည်။

သွေးစက်များက လေထဲတွင် လွင့်စင်သွား၏။

အစောင့်နှစ်က နှစ်ပိုင်းပိုင်းခံလိုက်ရကြောင်းကို လူတိုင်း မြင်လိုက်ကြရသည်။ ဓားတစ်ချက်ထဲဖြင့် ခန္ဓာကိုယ် အပိုင်းနှစ်ခုလုံးသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။ သွေးများက ရုတ်ချည်းပန်းထွက်လာလေပြီး မြေပြင်ကို ရဲရဲနီစွေးသွားစေသည်။

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Where stories live. Discover now