အပိုင်း (၆၅.၂) - ညဘက်ဝန်းရံတိုက်ခိုက်မှု

Începe de la început
                                    

နံနက်ခင်း အာရုံဦး အလင်းရောင်သန်းစပြုလာလေပြီ။

အန်းယွမ်စီရင်စုရှိ လယ်သမားများ အားလုံးသည် မနက်စောစော ထရသည်ကို ကျင့်သားရနေကြသည်။

သူတို့ တံခါးအပြင်ဘက်သို့ ခြေလှမ်းချလိုက်သည်နှင့် လမ်းမထက်၌ အလျှင်အမြန် သွားလာနေသည့် တရားရုံးတော်မှ လူအုပ်စုကြီးကို မြင်လိုက်ရလေသည်။ သူတို့က ထိုမျှ များပြားလွန်းလှသည့် ရဲမက်များကို မမြင်ဖူးကြသည်မို့ ထိုသူတို့ ဘာလုပ်ရန် ပြင်နေကြသည်ကို အလွန်အမင်း သိရှိလိုနေကြသည်။

လူတစ်ချို့သာ သူတို့က အန်းမိသားစုအိမ်တော်သို့ ဦးတည်သွားနေကြကြောင်း သိရှိကြသည်။

အချိန် တစ်ခဏအတွင်း စီရင်စုတရားသူကြီး၏ ရဲမက်များသည် အန်းမိသားစုအိမ်တော်ကို ဝန်းရံလိုက်ကြသည်။

ထိုမြင်ကွင်းက လူပေါင်းများစွာ၏ အာရုံကို ဆွဲဆောင်လိုက်မိသည်။ အထူးသဖြင့် စောစောစီးစီး အလုပ်လာလုပ်ကြသော သူများကို ဖြစ်သည်။ ယခုအခါတွင် အန်းမိသားစုသည် သူတို့၏ ကျေးဇူးရှင် ဖြစ်ပြီး၊ မည်သည့် ပြစ်မှုမျိုးကိုမှလည်း မကျူးလွန်ထားချေ။ ထိုရဲမက်များက အန်းမိသားစုအိမ်တော်ကို အဘယ်ကြောင့် ဝန်းရံလိုက်ကြသည်နည်း။ သိပ်မကြာခင် လူပေါင်းများစွာ ရောက်ရှိလာကြသည်။

ကျင်းကျုံးထင် နှင့် လျှိုဖေးဟုန် တို့သည် အန်းမိသားစုကို လူပေါင်းများစွာ က အာရုံစိုက်ကြလိမ့်မည်ဟု မမျှော်လင့်ထားမိချေ။ ဤအချိန်များအတွင်း အန်းယွမ်စီရင်စုအတွက် အန်းမိသားစု လုပ်ဆောင်ပေးခဲ့သည့် ကောင်းမွန်သော ကိစ္စများအကြောင်း ချင်ရွယ်ဟော့ ပြောပြမှသာ သူတို့က ဘာဖြစ်နေသည်ကို သိသွားကြသည်။ ထို့နောက် သူတို့က ထိုအကြောင်းကို ထပ်မမေးတော့ပေ။

အန်းမိသားစု ကောင်းမွန်သော ကိစ္စများကို မည်မျှ လုပ်ဆောင်ခဲ့သည်ဖြစ်ပါစေ အဘယ်အရေးနည်း။ ဤသည်မှာ သူတို့နှင့် လုံးဝ သက်ဆိုင်မနေပေ။

အန်းမိသားစု သည် ထို စာရင်းစာအုပ်ကို ယူဆောင်ထားရဲကတည်းက ကြီးမြတ်လှသော ဧကရာဇ်သည်ပင် သူတို့၏ ဆုံးဖြတ်ချက် ကို ယခုအချိန်၌ ဝင်ရောက်တားမြစ်နိုင်စွမ်း ရှိမည် မဟုတ်ပေ။

ကုန်းမြေကြီး၏ အရှင်သခင်ဝမ်ဖေး( Book - 2)Unde poveștirile trăiesc. Descoperă acum