(22)

26.3K 2.8K 177
                                    

Unicode

အဆင့်မြင့်အိမ်ရာဝင်းအတွင်းရှိ ခြံတစ်ခြံရှေ့တွင် နက်ပြာရောင်ကားလေးတစ်စီး ထိုးရပ်သွားသည် ။ ခြံတံခါးပွင့်လာသည်နှင့် ထိုကားလေးမှာမောင်းဝင်လာပြီး ဆင်ဝင်ရှေ့တွင်ရပ်လိုက်သည် ။

ကားအနားသို့ ဦးလေးဂျွန်ရောက်လာတော့ အသာလက်ကာပြလိုက်သည် ။ သျှံမင်းဆက်လည်း သိုင်းထားသောခါးပတ်ကိုဖြုတ်လိုက်ပြီး ဘေးထိုင်ခုံတွင် ခေါင်းမှီကာအိပ်ပျော်နေသည့် ချစ်သူကိုနှိုးရန် ပြင်ရသည် ။ သွင်မှူးအိမ်မှာ သျှံမင်းဆက်ကိုယ်တိုင်လုပ်ပေးထားသည့် ကိတ်မုန့်ကို ဘူးဖြင့်ထည့်ယူလာကာ  ပေါင်ပေါ်တွင်တင်၍ ပိုက်ထားပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာပင် ။

ကိတ်မုန့်စားတာက တစ်စိတ်နှစ်စိတ် ။ မျက်နှာကို ခရင်(မ်)တွေနှင့်လိုက်သုတ်တာက များများပင် ။ အနမ်းရေယာဉ်ကြောမှာမျောနေခဲ့မိ၍ ကိတ်လည်းဆက်မစားဖြစ်ခဲ့ ။ ကျန်သည့် ကိတ်တစ်ခြမ်းကို အိမ်ရောက်လျှင် စားဖို့ဆိုကာ ယူလာခြင်းဖြစ်သည် ။ အိပ်ပျော်နေသည့်သူကို မနှိုးချင်ပေမည့် သည်အတိုင်းဆက်အိပ်နေလို့က မဖြစ် ။ သူ သိုင်းပတ်ထားသည့် ခါးပတ်ကြိုးကိုဖြုတ်ပေးလိုက်ပြီး လက်မောင်းကို အသာလှုပ်၍...

" သွင်လေး သွင်လေး… ထတော့ အိမ်ရောက်နေပြီ ''

နှိုးလိုက်တော့ အွန်းဟုသာ အသံတစ်ချက်ပြုလာသည် ။ မျက်လုံးက မပွင့် ။

" သွင်လေး ထ… အခန်းထဲရောက်မှ ဆက်အိပ် ''

မည်သည့်အသံမျှ ထွက်မလာတော့ ။ လက်ထဲမှ ကိတ်မုန့်ဘူးကိုဆွဲယူလိုက်တော့ လွှတ်မပေး ။ ဂဏန်းလက်မလို မြဲနေအောင်ကိုင်ထားတာပင် ။ သူကြိုက်တာကျတော့ အသိရှိသေးသည် ။ ဘူးကိုကိုင်ထားသည့် လက်တို့ကို အသာဖြေလျော့ပြီး ကိတ်ဘူးကို ကားDash Boardပေါ်သို့ တင်ထားလိုက်သည် ။

" သွင်လေး မထချင်ဘူးလား… ဒါဆို ကိုယ် ချီသွားရမလား ''

ထိုသို့ပြောလိုက်တော့ မျက်လုံးပိတ်လျှက်ပင် ခေါင်းညိတ်ပြလာပြီး လက်နှစ်ဖက်ကိုဆန့်ပေးလာသည် ။ ထိုအပြုအမူလေးကြောင့် သဘောတကျပြုံးမိသွားသည် ။ ကားပေါ်မှ သူအရင်ဆင်းလိုက်ပြီး သွင်မှူးအိမ်ဘက်အခြမ်းသို့သွားကာ အသာပွေ့ချီလိုက်သည် ။ ပုံမှန်ယောက်ျားလေးတစ်ယောက်၏ အရပ်မျိုးဖြစ်သော်လည်း အဆီပိုမရှိသွယ်လျပါးလှပ်သည်ကြောင့် သျှံမင်းဆက်နှင့်ယှဉ်လျှင်တော့ ရင်ခွင်မှီသာသာ ။ သျှံမင်းဆက်၏အရပ်က တစ်ရာ့ရှစ်ဆယ်ခြောက်စင်တီမီတာစွန်းစွန်း ရှိသည်မဟုတ်လား ။

A Love Like No Other [Completed] Место, где живут истории. Откройте их для себя