Sequel (6)

9.1K 789 74
                                    

Unicode

ဘုရားအနောက်ဘက် မုခ်ဝင်ပေါက်မှနေ၍ ပြောင်လက်နေသော အနက်ရောင်ဇိမ်ခံကားနှစ်စီးမှာ ဘီးလှိမ့်ကာမောင်းဝင်လာခဲ့ပြီး ကုန်းမြင့်ပိုင်းရှိ ကားပါကင်အလွတ်တစ်နေရာတွင် အရှိန်သတ်ကာ ရပ်လိုက်ကြသည် ။

'' Adam... အခု ဘုရားရောက်နေပါပြီ ''

သျှံမင်းဆက်က ခါးပတ်ကိုဖြုတ်ပြီး နောက်သို့လှည့်ကာ Adamအား ပြောလိုက်သည် ။ Adamက ကားပြတင်းအပြင်ဘက်သို့ ခပ်တွေတွေငေးနေရာမှ သျှံမင်းဆက်ဘက်သို့ကြည့်လာပြီး ခေါင်းညိတ်ပြသည် ။

'' Adam... သူက ကျွန်တော့်ရဲ့အမျိုးသား သွင်မှူးအိမ်ပါ... ''

သွင်မှူးအိမ်က အပြုံးလေးနှင့်ပင် လက်ဆွဲနှုတ်ဆက်ရန် လှမ်းလေတော့ Adamက သေချာပြန်ကြည့်နေပြီးမှ လက်ကိုပြန်ဆွဲကိုင်လေသည် ။

'' တွေ့ရတာဝမ်းသာပါတယ် Mr... ''

Adamက သွင်မှူးအိမ်၏အမည်အပြည့်အစုံကို သေချာအသံမထွက်တတ်ပုံ ။

'' ရပါတယ် Mr.Adam အဆင်ပြေသလိုခေါ်ပါ ''

သွင်မှူးအိမ်က ကြည်ကြည်သာသာဝင်ပြောလေတော့ Adamက ခေါင်းညိတ်လေသည် ။ သျှံမင်းဆက်လည်း လက်ပတ်နာရီကို တစ်ချက်ကြည့်ကာ ဆိုလိုက်သည် ။

'' ဒါဆို ကျွန်တော်တို့ဆင်းကြရအောင် နေမမြင့်ခင်လေး... ''

သျှံမင်းဆက်နှင့် သွင်မှူးအိမ်လည်း နေကာမျက်မှန်ဆင်တူတပ်ကာ ကားပေါ်မှဆင်းလိုက်ကြသည် ။ သျှံမင်းဆက်၏မျက်မှန်မှာ အနက်ရောင်ဖြစ်ကာ သွင်မှူးအိမ်ကတော့ ဇီးနှစ်ရောင်လေးဖြစ်နေတာသာ ကွာသည် ။

မနက်ခုနှစ်နာရီခွဲနေရောင်ခြည်ဟာ မပူပြင်းလှသော်လည်း Adamတို့လို တိုင်းတပါးသားအတွက်တော့ အရောင်ရှိန်ကာ စူးရှနေလောက်ပေမည် ။ Adamကလည်း နေကာမျက်မှန် အနက်ရောင်အကြည်လေးကို တပ်လိုက်ပြီး ဘော်ဒီဂတ်တစ်ယောက်မှ အသင့် တံခါးလာဖွင့်ပေးသည်နှင့် ဆင်းလာလေတော့သည် ။

'' ဖိနပ်ချွတ်ခဲ့ပေးနော် Mr.Adam ''

သွင်မှူးအိမ်က ပြောလိုက်ခြင်းပေ ။ Adamလည်း သျှံမင်းဆက်တို့နှစ်ယောက်၏ ခြေထောက်များနှင့် ဘုရားစောင်းတန်းထဲသို့ ဝင်ရန်ပြင်နေသည့် အခြားသူများကို တစ်ချက်ကြည့်ကာ အကဲခတ်လိုက်သည် ။ လူအားလုံးမှာ ကားပေါ်ကဆင်းလာသည်နှင့် ခြေဗလာ ။

A Love Like No Other [Completed] Where stories live. Discover now