Part 14 (Unicode)

50K 4.5K 1.3K
                                    

ဦးသိန်းကြည် လက်ထဲမှ သတင်းစာကို စားပွဲပေါ်လှမ်းချလိုက်သည်။ သတင်းစာထဲမှ ဓါတ်ပုံများမှာ မျက်စိရှေ့တွင် ဝေ၀ါးနေသလို ပျံ့လွင့်နေသောစိတ်ကြောင့် စာကိုလည်းတစ်လုံးမှဖတ်၍မရ။ သူ့ရှေ့မှ အဖြူရောင် ကြွေကော်ဖီခွက်မှာ အေးစက်နေပြီဖြစ်သည်။ ညနေစာမှာလည်း လက်ရာမယွင်း။ ဖန်စားပွဲကြီးပေါ်မှ အမျိုးမျိုးသော ဟင်းပန်းကန်များမှာ သူ့ကိုလှောင်ပြောင်နေသလိုပင်။
ဦးသိန်းကြည် ဘေးမှ သူ့ အမျိုးသမီးဖြစ်သူ ဒေါ်ထွေးရီမှာလည်း အိပ်ရေးပျက်တာများပြီဖြစ်သော မျက်တွင်းများကျနေသည်။ ရွှေစင့်နားမှာ နေ့ညမပျက်ပြုစုနေရသဖြင့် နွမ်းသောမျက်နှာထက်မှာ အရင်ကလို မိတ်ကပ်သနပ်ခါးမကပ်တော့ဘဲ မျက်နှာပြောင်ဖြစ်နေသည်။ ဦးသိန်းကြည် လေပူတစ်ချက်ကို မှုတ်ထုတ်မိသည်။

"သမီး ဘယ်လိုနေလဲ မိန်းမ။"

"အခုနလေးတင်အန်သေးတယ်။ ဘာမှမစားမသောက်တာလည်း နှစ်ရက်၊ သုံးရက်ရှိပြီ။ ကျွန်မတော့ သေသာသေချင်တော့တာပဲ။"

ဒေါ်ထွေးရီပန်းကန်မှာလည်း တစ်လုတ်နှစ်လုတ်သာ စားထားသဖြင့် အရာမယွင်း။ သူတို့နှစ်ယောက်လုံး ရွှေစင့်အတွက်စိုးရိမ်ပူပန်မှုများကိုသာ နေ့စဉ်စားသုံးနေဖြစ်ကြသည် ထင်သည်။ ဖြစ်နိုင်လျှင် သမီးလေးဝေဒနာများကို ဦးသိန်းကြည်သာ ခံစားချင်မိသည်။ အသက်ငယ်ငယ်နှင့် ရွှေစင်သည် ဆေးရုံ၊ ဆေးခန်းနှင့် အဆက်မပြတ်ခဲ့။
ငယ်စဉ်ကတည်းက ကောင်းကောင်းအလုပ်မလုပ်သော ကျောက်ကပ်တစ်ခုကြောင့် သူတို့ရင်မောရသည်။ နောက်ပိုင်းနှစ်တွေမှာ နောက်ကျောက်ကပ်တစ်လုံးကပါ ရောင်လာသည်။ ပိုက်ဆံကိုကုန်ချင်သလောက်ကုန်ပါစေ အကုန်ခံကုသော်လည်း အခြေအနေထူးမလာခဲ့။ ငိုတော့မည့်ဟန် ညှိုးနေသော ဒေါ်ထွေးရီကို ဦးသိန်းကြည် အားပေးလိုက်သည်။

"စိတ်မပျက်ပါနဲ့ဟာ။ ဆရာဝန်ကြီးပြောတဲ့ နောက်ဆုံးနည်းတစ်ခုကို ကြိုးစားဖို့ရှိတာပဲ။ ဒီအတိုင်းဆက်သွားရင်တော့ ရောဂါကို တာရှည်ဆွဲထားသလိုဖြစ်နေပြီး ငါတို့သမီးလေး ပိုခံစားရမှာပဲရှိမယ်။"

ဒေါ်ထွေးရီ ယောက်ျားဖြစ်သူကို မော့ကြည့်လိုက်သည်။ ပူပန်သောကပါပေါင်းထား၍ ရှိရင်းအသက်ထက် ပိုကြီးသည့်ပုံဖြစ်နေပြီဖြစ်သည်။

စည်းWhere stories live. Discover now