Part 4 (Unicode)

55.9K 5K 270
                                    


ငါးနှစ်ဆိုသည့်အချိန်သည် ကြာမြင့်စွာ သို့မဟုတ် တိုတောင်းစွာကုန်ဆုံးသွားပြီဖြစ်သည်။

ခွန်းထက်ပိုင်ဘဝတွင် မေမေ့ကိုရုတ်တရက် လက်လွတ် ဆုံးရှုံးလိုက်ရခြင်း၏ နာကျင်မှုသည် သစ်သားပေါ်တွင် ဓါးထက်ထက်ဖြင့် ခြစ်ရာတစ်ခုထွင်းထားသလို ထင်ကျန်ခဲ့သည်။ မေမေသည် ထက်ပိုင်ရှိရာအိမ်သို့ ပြန်မလာခဲ့။ သူ စတုတ္ထတန်း အတန်းတင်စာမေးပွဲ ဖြေပြီးသည့်အချိန်ကျမှ မေမေနောက်အိမ်ထောင်ပြုကာ မူဆယ်ဘက်သို့ အပြီးတိုင်ပြောင်းသွားခဲ့သည်ကို ရင်နာနာနှင့် နားလည်ခဲ့ရသည်။ စီးပွားရေးသမား မေမေ့နောက်အမျိုးသားကို သူ မမုန်းပါ။ ထို့နည်းတူ မိခင်ဖြစ်သူကိုလည်း သူစိတ်မနာပါ။ ဖေဖေတို့၏ အိမ်ထောင်ရေးပြိုကွဲရခြင်းမှာ ဆက်ပိုင်ကြောင့်ဟုသာ သူလွယ်လွယ်မှတ်ထားခဲ့သည်။

တစ်ခါတစ်ရံ သူ့ကို မေမေဖုန်းဆက်ကာ "လာလည်မလား..သား။" ဟူ၍ ဝတ်ကျေတန်းကျေခေါ်တတ်သည်။ နွေကျောင်းပိတ်ရက်တစ်ချို့မှာတော့ မေမေရှိရာသို့ သူ သွားရောက်လည်ပတ်ခဲ့သည်။ သိပ်အကြာကြီးတော့ မနေဖြစ်။ တစ်ပတ်၊ ဆယ်ရက်လောက်သာ နေပြီး သူ ရန်ကုန်ပြန်ချင်လာသည်ပဲဖြစ်သည်။ တဖြည်းဖြည်း သူ အတန်းကြီးလာသည်နှင့်အမျှ မေမေ့ထံမှ ဖုန်းခေါ်လာမှုများ နည်းလာခဲ့သည်။ သူကိုယ်တိုင်ကလည်း သူငယ်ချင်းအပေါင်းအသင်းအပေါ် ပိုပြီးခင်မင်လာခဲ့သည်။
နောက်ပြီး သူ ၀ါသနာကြီးလှသော ရေကူးခြင်းကလည်း သူ့အားလပ်ချိန် တော်တော်များများကို ဖဲ့ယူသွားခဲ့သည်။ ငယ်စဉ်ကတော့ ဖေဖေက ခေါ်၍ တက္ကသိုလ်ရေကူးကန်တွင် အပျော်ကူးခတ်ခဲ့ခြင်းဖြစ်သည်။ မေမေမရှိတော့သည့်နောက်ပိုင်းမှာတော့ ထက်ပိုင် ရေကူးကို အပျော်သဘောအပြင် စနစ်တကျ သင်တန်းများတက်ကာ တစိုက်မက်မက် ကူးဖြစ်ခဲ့သည်။ ဖေဖေကလည်း သူ ၀ါသနာပါရာ ရေကူးခြင်းကို အားပေးသည်ဖြစ်၍ ကျောင်းအဆင့် မြို့နယ်အဆင့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ဆုတံဆိပ်များရသည်အထိ ထူးချွန်လာခဲ့သည်။

ယခုနှစ်တွင်တော့ ထက်ပိုင် ဆယ်တန်းကျောင်းသားတစ်ယောက်ဖြစ်လာခဲ့ပြီဖြစ်သည်။ နဂိုမြင့်သောအရပ်မှာ ရေကူးခြင်းကြောင့် ကျစ်လျစ်နေသည်။ စူးရှသောမျက်လုံးနက်နက်နှင့် ပိရိသောနှုတ်ခမ်းပါးဖြင့် ဖြစ်သည်။ စာကျက်ရမည်ထက် ရေကူးရသည်ကို ပို၍ စိတ်အားထက်သန်သည့် ထက်ပိုင်သည် အတန်းထဲတွင် စာအတော်ကြီးမဟုတ်ပါ။ အဆင့်တစ်မှ တစ်ဆယ်အတွင်း တစ်ခါမှ မဝင်ခဲ့။ ဒါပေမယ့် တစ်နှစ်တစ်တန်း မှန်မှန်အောင်ကာ အဆင့်အလိုက် အခန်းခွဲသော သူတို့ကျောင်းတွင် ထက်ပိုင် အေခန်းမှာတော့ အမြဲရှိခဲ့သည်။

စည်းWhere stories live. Discover now