ညကဒေါသတွေနဲ့မို့ တော်တော်နဲ့အိပ်မရခဲ့သောသူ မနက်နိုးတော့နေတောင်အတော်မြင့်လို့နေပြီ။
ပြတင်းတံခါးကိုဖွင့်ကာ အသက်ကိုအားရပါးရ ရှူရှိုက်မိသည်။ နေရောင်ခြည်တို့နှင့် လုယက်ဝင်လာသော လေညှင်းကအေးမြလန်းဆန်းသွားစေသည်။
သွေးတို့ပူသွားအောင် လက်နှစ်ဖက်ကိုကွေးလျက် ခါးကိုဘယ်ညာယိမ်းပြီးအကြောဆန့်မိသည်။ ပြီးမှရေချိုးခန်းထဲဝင်ကာ ရေချိုးလိုက်သည်။
ရေချိုးခန်းထဲကထွက်တော့ ဗိုက်ထဲကတဂွီဂွီနဲ့ဆန္ဒပြနေပြီး ညတုန်းကထမင်းမစားဘဲ အိပ်လိုက်တာမို့ဖြစ်မည်။ မားကိုမကျေနပ်စိတ်နှင့် ထမင်းစားခန်းကို ညကမသွားခဲ့ဘဲ အခန်းအောင်းနေခဲ့တာဖြစ်သည်။
အဝတ်အစားလဲပြီးသည်နှင့် ထမင်းစားခန်းထဲကို သူခပ်သုတ်သုတ်ဝင်ခဲ့သည်။ ကော်ဖီနံ့လေးကသင်းကာ ပေါင်မုန့်မီးကင်အနံ့လေးက သူ့ကိုပိုလို့တောင်ဆာလောင်စေသည်။
" အိပ်ရာထနောက်ကျလိုက်တာ .... မင်းညကဘယ်အချိန်မှအိပ်လို့လဲ .... "
သူ့ထက်ဝီရိယစောစွာ စားပွဲပေါ်မှာကော်ဖီထိုင်သောက်နေသော ပါးက ဆီးပြီးမေးသည်။
" ပုံမှန်အချိန်ပါပဲ ပါး ... ချက်ချင်းအိပ်မပျော်လို့ပါ .... "
ပါးကို ရှည်ရှည်ဝေးဝေးရှင်းပြမနေတော့ပဲ အဆင်ပြေအောင်ပဲဖြေပေးလိုက်သည်။ ပါးကိုတော့ မားလိုရစ်လို့မရတာသူသိသည်။ ပါးက သူ့ကိုရင်ထဲမှာသာချစ်တာ ဘယ်တော့မှအပြင်ကိုထုတ်မပြတက်တာ သူနားလည်ပါသည်။
မားက ပေါင်မုန့်မီးကင်ကိုထောပတ်သုပ်နေရင်းမှ မော့ကြည့်ရင်း _
" သား နိုးလာပြီလား ... သားစားဖို့ မားထမင်းကြော်ပေးထားတယ် .... ကြက်အူချောင်းနဲ့ ရှယ်ကြော်ပေးထားတာ ... "
မား စကားကြောင့်သူကျေနပ်သွားခဲ့ပေမဲ့ ခပ်တည်တည်ပဲနေနေလိုက်သည်။ မနေ့ကကိစ္စမှာ ကျွန်တော်မကျေနပ်ပေါက်ကွဲမှန်းသိလို့ မားချော့နေတာသိသည်။ ကျွန်တော့်အကြိုက်ထမင်းကြော်ထားတာ ဒါကြောင့်လေ။