အဲကွန်းအထူးလိုင်းကားကြီးပေါ်မှာဆိုပေမဲ့ ဆော့ဂျင် နဖူးပြင်လေးမှာချွေးလေးတွေစို့နေသည်။
ဒါဆိုးလ်မြို့ကြီးတဲ့လား။ ကားတွေကလည်းအရောင်စုံများပြားလိုက်တာမှလွန်ရော။ ရောင်စုံလူတွေကလည်း ရွာဘုရားပွဲကျင်းပနေသလားတောင်ထင်မှတ်ရသည်။
ကားကြီး၏ပြတင်းပေါက်တံခါးက မြင်နေရသောလူတွေ ကားတွေ မိုးမျှော်တိုက်ကြီးနွေကိုငေးကြည့်ရင်း ဆော့ဂျင် ခေါင်းလေးချာချာလည်မူးနောက်လာသည်။
"ဆော့ဂျင် သားအရမ်းမူးနေလား ရှူဆေးလေးရှူလိုက်ဦး ရော့ .... "
ဘေးမှကပ်ထိုင်နေသော ဆုန်းအီဒေါ်လေး ကမ်းပေးသည့်ရှူဆေးဘူးကို လှမ်းယူကာ နှာသီးဝမှာကပ်ထားလိုက်သည်။" မရောက်သေးဘူးလား ဒေါ်လေးရယ် ... ကျွန်တော် အရမ်းမူးနောက်နေပြီ ... "
မျက်နှာလေးရှုံ့မဲ့ပြီး ဆော့ဂျင် မေးမိသည်။ လူကမူးတာမှချာချာလည်ကိုမူးနေတာဖြစ်သည်။ ရင်ထဲမှာတလှပ်လှပ်နဲ့ ပျို့အန်ချင်သလို မထွေးနိုင်မအန်နိုင် ခံစားနေရတဲ့အဖြစ်ကြီးက ဆိုးလွန်းပါသည်။
သူ့တစ်ကိုယ်လုံးချွေးစေးတွေနဲ့ စေးကပ်နေကာ ညိုညက်ညက်အသားလေးတွေပင် ရေခဲတုံးလိုအေးစက်နေသည်။
ကားကြီးကလည်းတစ်မှတ်တိုင်ရောက်လျှင် တော်တော်နှင့်မထွက်တော့။ ဒီကြားထဲ ကားပေါ်မှာ ဖုန်းပြောနေသောလူတွေရဲ့ အသံနေအသံထားမျိုးစုံကိုလည်း နားညီးအောင်ကြားနေရသေးသည်။
ဖြစ်နိုင်ရင် ဒီကားကြီးပေါ်ကနေ ကဆုန်ပေါက်ပြီး ကိုယ့်မြို့ကိုယ်ပြန်ပြေးချင်စိတ်တွေတောင် ပေါက်လာမိသည်။
ဆိုးလ် ဆိုတာဒီလိုမျိုး သပွတ်အူလိုရှုပ်ယှက်ခတ်နေတဲ့မြို့ကြီးပါလားလို့တောင် ဆော့ဂျင် အော်ညီးလိုက်ချင်မိသည်။