( Song suggest: Kimi no nawa ost
Chapter 4 မှာ ရှိပါတယ် )
Nakano, Tokyo ။
တိုကျိုမြို့ရဲ့ လမ်းတွေဟာ ဖြောင့်ဖြူးနေတယ် ။
ကားအသွားအလာ များတယ်၊ လူရှုပ်တယ် ။
အဆောက်အအုံ အကြီးကြီးတွေက နေရာတိုင်း အပြည့် ။
Kurashiki က နွေးထွေးတယ်၊ ဖော်ရွေတယ်ဆို တိုးတက်နေတဲ့ Tokyo ကတော့ ဆန်းကြယ်တယ်၊ ဝံ့ကြွားတယ်လို့ အဓိပ္ပါယ် ဖွင့်ရမယ် ..
Nakano ဟာ တိုကျိုမြို့ကြီးထဲက လူအသွားအလာများတဲ့ မကျဉ်းမကျယ် ရပ်ကွက်တစ်ခု ။
မေ့မေ့ပြီး လှေကားထစ်တွေရှိတယ် ထင်ပြီး ဆင်း မိလို့ ခြေချော်ရတာက လွဲရင် ယိပေါ်အတွက် အဆင်ပြေပါတယ် .
လူဦးရေ ထူထပ်တဲ့ Nakano မှာ အိမ်တစ်လုံး ရဖို့ မလွယ်ဘူး ။
အဲဒါမို့ .. မေမေတို့က မြို့လယ်က တိုက်ခန်းတစ်ခန်းကိုပဲ ဝယ်လိုက်ရတယ် ။
စစချင်းတော့ Kurashiki ကိုပဲ ပြန်ချင်ပေမယ့် တဖြည်းဖြည်းနဲ့ အသားကျလာတယ် ။ Nakano ဟာလည်း မဆိုးဘူးလို့ တွေးမိလာတယ် ။
ရောက်စက Kenta တို့ဆီ စာတွေ ရေးဖြစ်ခဲ့ပေမယ့် နောက်ပိုင်းကျ စာတစ်စောင်နဲ့ တစ်စောင်ကြားက အချိန်က ကွာဟလာခဲ့သလို ...
ပြန်စာတွေဟာလည်း အလာကျဲလာခဲ့ပါတယ် ။
ဒီလိုပါပဲ ။ လူတိုင်းက ပုံစံတစ်ခုနဲ့ နေတာကြာလာရင် အသားကျသွားကြတာပဲ မဟုတ်လား ။
အဆင်မပြေရင်တောင် ပြေတယ်ပဲ ထင်နေခဲ့ပြီးတော့ ..
Nakano မှာ သူ့ကို ယိပေါ်လို့ သိတဲ့သူက ရှားတယ် ။ ဖေဖေ့ ဆွေမျိုး တစ်ချို့က လွဲလို့ ။
တက္ကသိုလ်မှာတော့ ယိပေါ် ဆိုရင် ဘယ်သူလဲလို့ပဲ ပြန်မေးကြလိမ့်မယ် ။
Nakako မှာ ယိပေါ်ဟာ Ren ပဲ ဖြစ်တယ် ။
တက္ကသိုလ် ပထမနှစ်ရဲ့ ပထမနှစ်ဝက် စ တာက ဆာကူရာတွေ အဆုပ်လိုက်ပွင့်တဲ့ နွေဦး ဧပြီရယ် ...
တက္ကသိုလ်က သူတို့ မြို့လေးက တက္ကသိုလ်ထက် အများကြီး ပိုကြီးတယ်.. ပိုလည်း ထည်ဝါ သလိုပဲ ။
အလိုက်အထိုက် ဆက်ဆံတတ်တဲ့ ယိပေါ်အတွက် သူငယ်ချင်း ရဖို့က ထင်သလောက် မခက်ခဲပါဘူး ။
နယ်မြို့လေးက လာခဲ့ပေမယ့် သူ့ရဲ့ ကြည့်ကောင်း တဲ့ ရုပ်ရည်နဲ့ ပြတ်သားတဲ့ပုံကြောင့်လည်း ပါမယ် ။
ကလေးစိတ်နဲ့ ယိပေါ်ဟာ အခုတော့ အနေတည်လွန်းလို့ ဘယ်သူမှ မလေးမစား မလုပ်ရဲလောက်တဲ့ တက္ကသိုလ်ကျောင်းသားလေး ဖြစ်လာခဲ့တယ်.
တက္ကသိုလ် တက်ပြီး နှစ်ပတ်လောက်အတွင်းမှာပဲ သူငယ်ချင်း များများစားစား စုမိနေခဲ့ပြီ .
အထက်တန်းမှာလို ယောင်တောင်တောင် လုပ်နေလို့တော့ မရတော့ဘူး. စာတွေက ခက်လာတယ် ။
" Ren.. ဟိုမှာ .. "
Shouta လက်ညိုးထိုးပြတာက အပြင်ဘက်က ပန်းပွင့်နီနီလေး ကိုင်ထားတဲ့ ကောင်မလေး တစ်ယောက် ။ ခေါင်းလေးငုံ့ပြီး ရှက်နေတဲ့ ပုံနဲ့ ။
သူ ပြုံးပြီး သက်ပြင်းပဲ ချလိုက်တယ် ..
သူ တစ်ပတ်ကို တစ်ခါ လောက်တော့ စာတွေ၊ ပန်း တွေ ရနေတတ်ပါတယ် ။
တစ်ပတ် တစ်ခါ ဆိုတာက ယိပေါ်ဟာ သာမန် ကြည့် ကောင်းတဲ့ ကျောင်းသားတစ်ယောက်ဆိုတဲ့ အဓိပ္ပါယ်ပဲ ။
ဒီကျောင်းမှာ နေ့တိုင်းလိုလို ရည်းစားစာတွေ ရနေတဲ့ နာမည်ကြီးတွေလည်း ရှိတယ် ။
ဒါပေမယ့် သူ စိတ်မဝင်စားနိုင်ဘူး. များပြားနေတဲ့ စာတွေရယ်၊ အားကစားပွဲတွေရယ်၊ သူငယ်ချင်း တွေရယ် အပေါ်ပဲ စိတ်နှစ်ထားခဲ့တယ် ။
" Ren .. "
Yuuto က မျက်စပစ်ပြတယ် .
သူ ဘေးဘီကို မသိမသာလေး တစ်ချက်ကြည့်ရင်း Yuuto ပေးလာတဲ့ စားပြီးသား၊ ဖင်မှာ တိပ်ကပ်ထားတဲ့ ပန်းကန် အလွတ်ကို စားပွဲခုံအောက်မှာ ကပ်လိုက်တယ် .
" မင်းတို့ကလည်း တော်ပါတော့ကွာ .. "
တစ်လကို တစ်ခါလောက် အမြဲတမ်းမြင်နေကျ ပြကွက်ကြီးကို Shouta က စိတ်ပျက်လက်ပျက် ညည်းပေမယ့် ယိပေါ်တို့ နှစ်ယောက်က တခွိခွိ ရယ်နေတယ်.
သက်သက်လုပ်ကြတာ ။ ပိုက်ဆံ မရှင်းနိုင်တာလည်း မဟုတ်ပဲနဲ့ .... ။
ဆိုင်က သိရင် စပ်ဖြဲဖြဲနဲ့ အရူးကွက်နင်းကြဦးမယ်.
Shouta ကို သူနဲ့ Yuuto က မဟုတ်တဲ့ အတတ်ကောင်း တွေ အမြဲသင်ပေးတယ် ။
" Ren က ရုပ်တည်ကြီးနဲ့ ပေါရဲတယ်နော်.
ငါ အစက သူ့ကို ကြောက်နေတာ " လို့ Shouta က ခဏခဏ မှတ်ချက်ပြုတတ်တယ်.
လိမ္မာတဲ့ Shouta ဟာ သူတို့နဲ့ ပေါင်းပြီးမှပဲ ပျက်ဆီးခြင်း (၁၇) ပါးလောက် ဆိုက်ရောက်လာခဲ့တော့တယ် .
စည်းကမ်းတင်းကြပ်တဲ့ Shouta မေမေကတော့ သူတို့ နှစ်ယောက်ကို သူတော်ကောင်းလေးတွေ ထင်နေသေးတယ်။
အင်း .. အရိပ်ထဲမှာမှ ခေါင်းပေါ်က ဂျိုကို မြင်ရမယ့် သူတော်ကောင်းလေးတွေပေါ့ ...
_______________
" Ren !! Sotaru team !! Ganbare! "
ကွင်း ပတ်လည်မှာ အော်ဟစ်အားပေးသံတွေ ညံသွားတယ်.
Shouta နဲ့ Yuuto အသံက အကျယ်ဆုံးဖြစ်နေတာတော့ ပြောစရာ မလိုလောက်တော့ဘူး .
ယိပေါ်ဟာ ကျောင်းကို ရောက်ပြီး သိပ်မကြာခင်မှာပဲ Basketball အသင်းထဲ ဝင်တယ်.
အားချိန်တွေမှာ ဂီတအသင်း ထဲလည်း ဝင်လိုက်သေးတယ်. သူက အနုပညာကို မခံစားတတ်ပေမယ့် သီချင်းတွေကိုတော့ ချစ်တတ်ပါတယ်..
အဲဒီလို ကိစ္စတွေ များမြောင်နေတဲ့ သူ့အတွက် ရည်းစားထားဖို့ အချိန်မပေးနိုင်တာ မဆန်းတော့ဘူး ။
သူ့ဘဝဟာ ကိုကို မပါလည်း ပုံမှန်အတိုင်း လည်ပတ်ပါတယ်. မရှိမဖြစ် ဆိုတာမျိုးထက် ရှိစေချင်တယ် ဆိုတာပဲ ရှိခဲ့တယ် ။
မင်းမှ မရှိရင် သေသွားလိမ့်မယ် .. ဆိုတဲ့ ရုပ်ရှင်ဆန်ဆန် dialouge တွေကို သူဘယ်တုန်းကမှ မယုံကြည်ခဲ့ဖူးဘူး ..
အဲဒီလိုနဲ့ သူ့ရဲ့ ပုံမှန်လည်ပတ်နေတဲ့ သာမန် နေ့စဉ်ဘဝမှာ လှုပ်ရှားသွားလာရင်း ကိုကို့ကို မေ့ပျောက်နေခဲ့ပါတယ်.
အချိန်တွေက တိုက်စားတတ်ခဲ့တယ် .. ။
_________________
" Yuuto .. ငါ ကျပြီ ထင်တယ် "
" မင်းကျတယ်ဆို ငါဆို minus ပြမယ် ထင်တယ် "
Yuuto က စိတ်ပျက်လက်ပျက်ကြီး ထိုင်နေရင်း ညည်းတယ်.
" အား .. စာတွေက ခက်လိုက်တာ
တောင်းပဲ စားချင်တော့တယ် "
Shouta က Yuuto ပေါင်ကို ဖြတ်ရိုက်တယ်.
" လျှောက်ပြောမနေနဲ့ ငပျင်းကောင် .. "
Shouta က အဲ့အတိုင်းပဲ၊ ဗိုင်းကောင်းကျောက်ဖိလေး ။ တစ်ခါတစ်လေတော့ သူ့ရဲ့ တုံးချက်တွေက ယိပေါ်တို့ ရယ်တောင် မရယ်နိုင်တော့အောင် လက်ဖျားခါရတယ် ..
" ဟုတ်တယ်ကွာ .. "
သူ လေးလေးကြီး ပြောရင်း ခုံပေါ် ဖြေးဖြေးချင်း လှဲချလိုက်တယ် ။
အပေါ်က မြင်နေရတဲ့ အပင်ကြီးကို ကြည့်ပြီး အတွေးပေါင်းသောင်းခြောက်ထောင်နဲ့ ..
ဒါဟာ ပထမနှစ်ဝက်ရဲ့ Summer break လေး မပေးခင် ဖြေရတဲ့ စာမေးပွဲ တစ်ခု ။ ရတဲ့ အမှတ်ကို နောက်ဆုံးစာမေးပွဲအတွက် ထည့်ပေါင်းမှာ.
ဒီမှာ (၃၀) မှ မရရင် ကျပြီ ။
Yuuto နဲ့ Shouta ရဲ့ ရန်ဖြစ်နေတဲ့ အသံက ကျွတ်စီ ကျွတ်စီ ။
သူတို့ (၃) ယောက်သား ထိုင်နေတဲ့ (ယိပေါ်က လှဲနေတဲ့) ခုံတန်းနား တစ်ဝိုက်ကို လေအေးအေးလေး ဖြတ်တိုက်သွားတယ် ။
သူ ဒီလိုလေး မနေရတာတောင် ကြာပြီ. Kurashika က ပြောင်းလာပြီးတည်းက ..
မိုက်တယ်. အေးအေးလေး .. လွင့်နေသလိုပဲ ။
တဖြေးဖြေးနဲ့ .. သူ့မျက်လုံးတွေ မှေးစင်း လာခဲ့တယ် ..
_________________
Summer break ရတဲ့ ကျောင်းပိတ်ရက်လေးမှာ ယိပေါ် အဝအိပ်မယ် တွေးနေတုန်း မေမေက တစ်ခု ဖွင့်ပြောလာခဲ့တယ် ။
Tokyo ရဲ့ အသုံးစရိတ်ဟာ Kurashiki မှာလောက် မနည်းဘူး.
ဖေဖေ တစ်ယောက်တည်း အလုပ်လုပ်ရုံနဲ့ အဆင်မပြေနိုင်တော့ဘူး ..
သူပါ အချိန်ပိုင်း အလုပ် တစ်ခုခု လုပ်ရင်း ကျောင်း စရိတ်ရှာဖို့ ဖြစ်လာခဲ့တယ် ။
သူ လွယ်လွယ်ပဲ ခေါင်းငြိမ့်ခဲ့ပါတယ် ။ ဒါဟာ တိုကျိုလို မြို့ကြီးမှာ ကျောင်းသားတိုင်း လိုလို ဖြစ်နေကျ ။ ရှက်စရာတော့ မဟုတ်ဘူး ..
အလုပ်ရှာရတာ လွယ်တော့ မလွယ်လှဘူး ..
အလုပ် (၁၀) ခုလောက်ကို ဖုန်းဆက် စုံစမ်းပြီး နောက်ဆုံးမှပဲ အိမ်နဲ့ နည်းနည်းလှမ်းတဲ့ DVD ဆိုင်မှာ အလုပ်ရခဲ့တယ်.
လစာ အများကြီးတော့ မဟုတ်ပေမယ့် တစ်ဖက်တစ်လမ်းက အထောက်အကူ ဖြစ်ပါတယ်.
summer break ရတဲ့ ကျောင်းပိတ်ရက်တွေမှာ တစ်နေကုန် လုပ်ပြီး ကျောင်းတွေပြန်ဖွင့်တော့ ညနေပိုင်း ပြောင်းရတယ်.
ကျောင်းဆင်းတဲ့အခါ ညနေစောင်းကနေ ည (၈) နာရီလောက် အထိ သူ အလုပ်လုပ် ရတယ်.
အလုပ်ပြီးရင် ဆိုင်နားက စတိုးဆိုင်ကနေ မေမေ့အတွက် နို့တစ်ဘူး ဝယ်ပြီး ပြန်တယ်.
အဲ့ဒီနေ့ကလည်း ပုံမှန်ပဲ ..
နေသာတယ်. မနက်ပိုင်း ကျောင်းသွားတယ် ။
ညနေ အခွေဆိုင်ကို ရောက်တယ်.
လှုပ်ရှားသွားလာနေတဲ့ လူတွေလိုပဲ သူ ပုံမှန်အတိုင်း လှုပ်ရှားနေခဲ့တယ်.
အပြန်မှာ .. ဆိုင်နားက စတိုးဆိုင်က ပိတ်ထားလို့ ခပ်လှမ်းလှမ်းက စတိုးဆိုင်ကိုပဲ သွားခဲ့လိုက်တယ်.
ငယ်ငယ်က စက်ဘီးအပြာလေးအစား အသစ်ဝယ်ထားတဲ့ စက်ဘီးလေးကို ဆိုင်အပြင်မှာ ရပ်တယ်.
" မင်္ဂလာပါ .. "
သူ stall ပေါ် တင်ထားတဲ့ နို့တစ်ဘူးကို လက်ကျန် ကုန်ဆုံးရက် စစ်ပြီး ယူခဲ့လိုက်တယ်.
ဟိုတစ်ခေါက်က နို့တွေချဉ်နေလို့ မေမေ မသောက်လိုက်ရဘူး.
ပင်ပန်းလိုက်တာ .. အိမ်ပြန်ချင်နေပြီ ။
" ၁၁၀ ပါ.. "
ယိပေါ်ဟာ အဲဒီအချိန်ထိ အရောင်းဝန်ထမ်း ကောင်လေးရဲ့ မျက်နှာကို မကြည့်မိသေးဘူး .
ပိုက်ဆံအိတ်ထဲက ၁၀၀ တန် တစ်ရွက်၊ ၅၀ တန် တစ်ရွက်ကို ထုတ်ပြီး ပေးဖို့ ပြင်လိုက်တယ်.
ဟင် ။
မော်နီတာမှာ ဖြတ်ပြေးနေတဲ့ လက်ချောင်းသွယ်သွယ်တွေ..
ရှပ်အင်္ကျီအဖြူရောင်..
သေသေသပ်သပ် နှုတ်ခမ်းတွေနဲ့..
တောက်နေတဲ့ ဒီ မျက်လုံးတွေက ... ?
မီးရထား ဥသြဆွဲသံတွေ ဆူညံသွားတယ်.
အပြင်ဘက်ကလား.. သူ့ရင်ထဲကလား.. သေချာမသိ ။
ဘုရားရေ .. ။ ဘာလို့ သူ ဝင်ဝင်ချင်းတည်းက မကြည့်ခဲ့မိတာလဲ ။
" ကို .. ကိုကို ? "
ရှုပ်ယှက်ခတ်နေတဲ့ Nakano ရဲ့ လမ်းတွေမှာ ဖြတ်သွားနေတဲ့ လူ ဘယ်နှယောက်ဟာ စတိုးဆိုင်တစ်ဆိုင်မှာ သူ့ရဲ့ အချစ်ဦးကို ပြန်ရှာတွေ့နိုင်ဦး မလဲ သိချင်ပါသေးတယ် ... ။
____________
RL ထဲ ထည့်မယ်ဆိုရင် vote ကို တစ်ချက်ဖိပြီးမှ ထည့်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်
ဘာမှ အပန်းမကြီးပါဘူးနော် ^_^
Enjoy ....