6နှစ်ကြာပြီးနောက်~
ရှီလာတိုင်းပြည်ရဲ့ မြို့တံခါးမကြီးနှစ်ချပ်ပွင့်လာပြီးနောက် မြင်းစစ်သည်တစ်ယောက်ဟာ ရှီလာတိုင်းပြည်ရဲ့အလံကိုကိုင်ပြီး မြို့ထဲသို့ ကျေနပ်ပီတိဖြစ်နေသောမျက်နှာဖြင့် ဝင်လာလေသည်။
ထိုသူ၏နောက်တွင်တော့ စစ်ပွဲတွင် ရွတ်ရွတ်ချွံချွံ တိုက်ခိုက်ခဲ့သော ရှီလာတိုင်းပြည်၏စစ်သူကြီးနှင့် အရာရှိများ၊ ရဲမက်များနှင့် ရာချီသောသုံ့ပန်းများဟာ ရှီလာတိုင်းပြည်အတွင်းသို့ ဝင်ရောက်လာလေသည်။
တိုင်းသူပြည်သားတွေဟာလည်း လမ်းမပေါ်သို့ထွက်လာကြပြီး စစ်ပွဲတွင်အနိုင်ရခဲ့သော စစ်သူကြီးနှင့် ရဲမက်များအား ကောင်းချီးဩဘာများပေးနေကြလေသည်။
"စစ်သူကြီး သက်တော်ရာကျော်ရှည်ပါစေ~
ရှီလာတိုင်းပြည် အဓွန့်ရှည်တည်တံ့ပါစေ~"
"စစ်သူကြီး သက်တော်ရာကျော်ရှည်ပါစေ~
ရှီလာတိုင်းပြည် အဓွန့်ရှည်တည်တံ့ပါစေ~"
"စစ်သူကြီး သက်တော်ရာကျော်ရှည်ပါစေ~
ရှီလာတိုင်းပြည် အဓွန့်ရှည်တည်တံ့ပါစေ~"
ထိုအချိန် နန်းတော်ထဲရှိ အိမ်ရှေ့စံနန်းဆောင်တွင်တော့ အသက်20အရွယ်သို့ ရောက်လာပြီဖြစ်သော အိမ်ရှေ့စံလေးဟာ ငယ်စဉ်ကလို ပါးဖောင်းဖောင်းလေးတွေနဲ့ ချစ်စရာကလေးလေးအသွင်ကနေ ချောမောခန့်ညားတဲ့ ဆက်ခံသူမင်းသားတစ်ယောက်အသွင်သို့ ပြောင်းလဲလို့လာလေပြီ။
သို့သော် ယခုအချိန်တွင်တော့ အိမ်ရှေ့စံဟာ သူ့ရဲ့အထိန်းတော်ကြီးနဲ့ စကားအချေအတင်ဖြစ်နေလေသည်။
"သွားပါမယ်ဆို"
"သွားလို့မရကြောင်းပါ မင်းသားငယ်"
"ဟီဆွန်းဟျောင်းပြန်လာပြီ သွားတွေ့မှာလို့"
"အရှင်မင်းသားရဲ့ခြေကျင်းဝတ်က ဒဏ်ရာကြောင့် သခင်လေးဟီဆွန်းက နန်းတော်တံခါးဝကိုမလာခဲ့ဖို့ရယ်၊ သူကိုယ်တိုင်နန်းဆောင်ကိုလာခဲ့မှာမလို့ စောင့်နေဖို့ရယ်ကို ခြေမြန်တော်စစ်သည်ပို့ပြီး မှာကြားထားကြောင်းပါ မင်းသားငယ်"
"မင်းတို့က ငါ့ရဲ့အထိန်းတော်တွေလား ဟျောင်းရဲ့အထိန်းတော်တွေလား"
"မင်းသားရဲ့အထိန်းတော်တွေပါ မင်းသားငယ်"
"အဲ့ဒါဆို ငါ့စကားကို နားမထောင်ဘဲ ဘာလို့ ဟျောင်းစကားပဲနားထောင်တာလဲ"
"ဟို ဟို အဲ့ဒါက..."
အထိန်းတော်ကြီးလည်း တကယ်ကိုအခက်တွေ့နေလေပြီ။
ရှေ့မှာရှိတဲ့ အိမ်ရှေ့စံလေးကလည်း စိတ်က လက်တစ်ဆစ်ရယ် သူလုပ်ချင်တာမလုပ်ရရင် သူတို့ကို ပြဿနာရှာလို့ပြီးမှာ မဟုတ်တော့ဘူး။
အိမ်ရှေ့စံကိုကြောက်လို့ သူ့သဘောအတိုင်း လိုက်လျောလိုက်ပြန်ရင်လည်း ထပ်တွေ့မှာက အိမ်ရှေ့စံထက် ပိုကြောက်ဖို့ကောင်းတဲ့ အေးစက်စက်မျက်လုံးတွေနဲ့ သခင်လေးဟီဆွန်း။ တစ်ခါလေးများ အိမ်ရှေ့စံနဲ့ပက်သက်ပြီး သူပြောခဲ့သလိုမဖြစ်ရင် အကုန်လုံးကို စူးစိုက်ကြည့်ပြီး အပြစ်ပေးတာ သခင်လေးသာ နဂါးဆိုရင် သူတို့တွေ ပြာကျနေတာကြာပြီ။
ဒီနှစ်ယောက်ကြား အထိန်းတော်ကြီး ခဏခဏအကျပ်ရိုက်ရလွန်းလို့ ဆံပင်တွေတောင်ဖြူနေလေပြီ။
"အထိန်းတော်ကြီးကို ဘာတွေခက်ခဲအောင်လုပ်နေပြန်ပြီလဲ ယွန်းလေး"
ထိုအချိန်မှာပဲ နန်းဆောင်တံခါးဝဆီမှ အသံကြောင့် အထိန်းတော်ကြီး ထခုန်မိမတတ်ပျော်သွားသောစိတ်ကို ထိန်းချုပ်ကာ နောက်လှည့်၍ အရိုအသေပေးလိုက်ပြီး အခန်းအပြင်သို့ ထွက်သွားလေသည်။
အိမ်ရှေ့စံကတော့ အခန်းဝမှဟီဆွန်းကို တစ်ချက်သာလှည့်ကြည့်ပြီး ပြတင်းတံခါးဘေးက စားပွဲခုံတွင်သာ သွားထိုင်ပြီး မက်မွန်ပွင့်လက်ဖက်ရည်ကို သောက်နေလိုက်လေသည်။
ဟုတ်တယ်လေ ဟီဆွန်းဟျောင်းရောက်လာပြီဆိုမှတော့ သူအပြင်မထွက်ရဖို့က သေချာသွားပြီလေ။
သူ့ကိုအဖက်မလုပ်ပဲ လှည့်ထွက်သွားသော အိမ်ရှေ့စံကိုကြည့်ပြီး ဟီဆွန်းတိုးတိုးလေး ကြိတ်ရယ်မိလေသည်။
ထို့နောက် မျက်နှာကို ပြန်တည်လိုက်ပြီး ရှေ့မှ အိမ်ရှေ့စံလေး လှည့်ကြည့်လာအောင် ရင်ဘတ်တစ်နေရာအား လက်ဖြင့်ဖိထားကာ နာကျင်သည့်အသံတစ်ချက်ပြုလိုက်လေသည်။
"အား... ဒဏ်ရာ.. ဒဏ်ရာက အရမ်းနာတာပဲ"
ဟီဆွန်းစကားဆုံးသည်နှင့် ဆတ်ခနဲလှည့်ကြည့်လာပြီး လူကလည်း ချက်ချင်းအနားသို့ရောက်လာသော အိမ်ရှေ့စံကြောင့် စိတ်ထဲမှ ကြိတ်ပြုံးလိုက်လေသည်။
"ဟျောင်း ဒဏ်ရာရလာတာလား"
ပြောလည်းပြော သူ့ကိုလည်း ခုံပေါ်တွင်ထိုင်စေပြီး အိမ်ရှေ့စံကိုယ်တိုင်လည်း ဘေးတွင်ဝင်ထိုင်လိုက်ကာ ဝတ်ရုံအားဇွတ်ဆွဲချ၍ ဒဏ်ရာအားစစ်ဆေးနေသည်မှာ မြန်ဆန်လွန်းသောကြောင့် ဟီဆွန်း ဘာမှပြောချိန်မရလိုက်ချေ။
"ဒဏ်ရာက အပေါ်ယံလေးပါ ပစ်လိုက်တဲ့မြှားကလည်း အဆိပ်လူးထားတဲ့မြှားမဟုတ်လို့ ကံကောင်းတယ်ပြောရမယ်"
"ဘာအပေါ်ယံလေးလဲ အခုထိတောင် သွေးကသေချာမတိတ်သေးတဲ့အပြင် ဒဏ်ရာဘေးပတ်လည်ကလည်း ညိုပုတ်နေတာကို~
အထိန်းတော်ကြီး ရေနွေးနွေးလေးနဲ့ အဝတ်ဖြူစတွေ အခုချက်ချင်းယူလာခဲ့"
"အမိန့်တော်အတိုင်းပါ မင်းသားငယ်"
ရေနွေးနဲ့အဝတ်ဖြူစတွေရောက်လာပြီးနောက် အိမ်ရှေ့စံကိုယ်တိုင် ဒဏ်ရာကို သေချာဂရုတစိုက်သန့်စင်ပေးပြီး ဆေးလိမ်းပေးလေသည်။
"ဒီလိမ်းဆေးက ဟန်နိုင်ငံရဲ့ထိပ်တန်းသမားတော်ကြီးကိုယ်တိုင် ဖော်စပ်ထားတဲ့ဆေးတဲ့ ဟိုတလောက သံတမန်ကိစ္စနဲ့ ဟန်နိုင်ငံကိုသွားရတုန်းက လက်ဆောင်အဖြစ် ထည့်ပေးလိုက်တာ ဆေးကအရမ်းမပူဘဲ အေးအေးလေးရယ် တစ်ခါနှစ်ခါလိမ်းရုံနဲ့သက်သာတယ် ပြီးတော့ အနံ့လေးကလည်း မွှေးတယ်"
လက်ရှိအနေအထားဟာဆိုရင်ဖြင့် ဟီဆွန်းက အပေါ်ပိုင်းဝတ်ရုံတွေကို အကုန်ချွတ်ထားပြီး ခုံပေါ်တွင်ထိုင်နေကာ အိမ်ရှေ့စံက မျက်နှာချင်းဆိုင်ခုံမှာထိုင်ရင်း ဟီဆွန်းရဲ့ ရင်ဘတ်မှဒဏ်ရာကို ဆေးလိမ်းပေးနေလေသည်။
ဒီအခြေအနေမှာ ဒုက္ခရောက်နေသူက သခင်လေးဟီဆွန်းပင်။
သူအမြဲ အမြတ်တနိုးငေးကြည့်နေရတဲ့ မျက်နှာဖူးဖူးလေးက သူ့ရင်ဘတ်နဲ့ အနီးကပ်ဆုံးတစ်နေရာမှာရှိနေပြီး လက်ဖြူဖြူသွယ်သွယ်လေးတစ်စုံကလည်း သူ့ရင်ဘတ်ကို တို့ထိနေသည်မှာ ကြောင်လေးက လက်ကလေးနဲ့ကုတ်နေသကဲ့သို့ ယားကျိကျိဖြစ်နေပြီး ဒဏ်ရာနာနေသည်တောင် ကြက်ပျောက်ငှက်ပျောက်ပင်။
အရွယ်ရောက်လာလေလေ ယွန်းလေးအပေါ်မှာရှိတဲ့ သူ့ခံစားချက်တွေကို ရှင်းရှင်းလင်းလင်း သိမြင်လာလေလေပင်။ ယွန်းလေးနဲ့နီးကပ်လာတိုင်း ထိန်းချုပ်မရအောင် ခုန်လာတဲ့နှလုံးသားတစ်စုံရယ်~ သူ့အပိုင်ဖြစ်အောင် သိမ်းပိုက်ပစ်ချင်တဲ့ အရိုင်းဆန်လာတဲ့သူ့ရဲ့အတွေးတွေရယ်။
ထိုသို့အတွေးတွေဝင်လာတိုင်း ကိုယ့်စိတ်ကိုယ်မလုံသောကြောင့် ရှောင်နေမိလျှင် အလိုက်မသိတဲ့အိမ်ရှေ့စံလေးက အိမ်တော်အထိရောက်လာပြီး ဒုက္ခလှလှလေးတွေကို ပေးတတ်သေးတာ။
"အဲ့ဒါကြောင့် ပြောတာပေါ့ စစ်တိုက်မသွားပါနဲ့ဆို စိတ်ပူနေရတယ်"
"ဒီလောက်ဒဏ်ရာလေးက ဘာမှမဟုတ်ပါဘူးကွာ ယွန်းလေးနန်းတက်ရင် ဟျောင်းကလည်း စစ်သူကြီးတစ်ယောက်ဖြစ်လာမှာလေ အဲ့ဒါကြောင့် အခုကတည်းက တိုက်ပွဲအတွေ့အကြုံတွေ လိုအပ်တယ် ဟျောင်းရဲ့ဆရာ လက်ရှိစစ်သူကြီးဂျိုဆိုရင်လည်း ဆယ့်ငါးနှစ်သားကတည်းက တိုက်ပွဲအတွေ့အကြုံတွေရထားတာ ပြီးတော့..."
"ဟုတ်ကဲ့ပါ နားလည်ပါပြီ စစ်ဗျူဟာမှူးကြီးရယ် ထပ်ပြီးတားမှာမဟုတ်လို့ ဒီမှာတင်ရပ်"
သူပြောတာမရနိုင်မှန်းသိလို့ တစ်ထစ်မလျှော့ချင်လျှော့ချင်နဲ့ လျှော့ပေးလိုက်ရတဲ့ အိမ်ရှေ့စံကိုကြည့်ပြီး ဟီဆွန်းပြုံးလိုက်လေသည်။
သူတကယ် အပိုပြောတာမဟုတ်။ ပုံမှန်လည်း လူတွေနဲ့ဆက်ဆံရင် အမြဲတည်တည်တံ့တံ့မဟုတ်သော်လည်း များသောအားဖြင့် အရယ်အပြုံးတွေ့ရခဲတဲ့သူက ယွန်းလေးနဲ့နှစ်ယောက်ထဲရှိနေရင် ခဏခဏပြုံးမိရယ်မိတာတော့ အသေအချာပင်။
ယွန်းလေး ဘာပဲလုပ်လုပ် အပြုအမူသေးသေးလေးတွေကအစ သဘောကျနေပြီး မသိစိတ်ကကို ပြုံးမိနေခြင်းပင်။
ဒီလိုကလေးလေးကို သူ့အနားမှာပဲ အမြဲထားချင်တာ သူ့အလွန်တော့ မဟုတ်ဘူးမလား။
"ပြီးသွားပြီ"
ဟီဆွန်းအတွေးလွန်နေစဉ်မှာပဲ ဒဏ်ရာဆေးထည့်ခြင်းပြီးဆုံးသွားသောကြောင့် ဟီဆွန်းလည်း ဝတ်ရုံကို ပြန်ဝတ်လိုက်လေသည်။
"ဒါနဲ့ ဟျောင်းပေးထားတဲ့ ဓားမြှောင်လေးရော သေချာသုံးတတ်နေပြီလား"
ဟီဆွန်းအမေးကြောင့် အိမ်ရှေ့စံရဲ့မျက်လုံးလေးတွေပျာယာခတ်သွားတာကို တစ်ဖက်လှည့်နေသောကြောင့် ဟီဆွန်းကတော့မမြင်လိုက်ချေ။
"မ မဆိုးပါဘူး.. သုံး သုံးတတ်နေပါပြီ"
"ဓားမြှောင်ယူလာခဲ့လေ စစ်မထွက်ခင်က ဟျောင်းသင်ပေးထားတဲ့အကွက်တွေကို သေချာလေ့ကျင့်ထားလားသိရအောင်လို့"
"အာ ဟျောင်းကလည်း ဒဏ်ရာကြီးနဲ့ကို နောက်နေ့မှသင်ပေးပါတော့ အခု ဟျောင်းအနားယူဖို့လည်း လိုသေးတယ်လေ ဟျောင်းအမေလည်း ဟျောင်းကိုတွေ့ချင်နေလောက်ပြီ အိမ်ပြန်နားလိုက်တော့လေ~
အထိန်းတော်ကြီး ဟျောင်းပြန်တော့မယ် ဟျောင်းကိုနန်းတော် အဝင်ပေါက်အထိပြန်လိုက်ပို့လိုက်ဦး"
သူ့ကို ဇွတ်အတင်းနှင်ထုတ်နေသော အိမ်ရှေ့စံကြောင့် ဟီဆွန်းစိတ်ထဲ အနည်းငယ် ထူးဆန်းတယ်လို့ထင်မိသော်လည်း အိမ်တော်ပြန်ဖို့လည်း လိုသေးတာမလို့ မေးချင်တာတွေကိုမြိုသိပ်ပြီး အိမ်တော်သို့သာပြန်ခဲ့လေသည်။
ဟီဆွန်းပြန်သွားသောအခါ ဂျယ်ယွန်းလည်း အိပ်ရာပေါ်သို့ စိတ်ပျက်လက်ပျက်ထိုင်ပြီး တစ်ချက်ငြီးငြူလိုက်လေသည်။
"ဒီလောက်အရေးကြီးတဲ့ပစ္စည်းကိုမှ ပျောက်သွားရသလား ရှင်းမ်ဂျယ်ယွန်းရယ်"
ဟီဆွန်းဟျောင်းက သူ့မွေးနေ့တုန်းက လက်ဆောင်အဖြစ်ပေးထားတဲ့ ဓားမြှောင်လေး။ ဓားအရည်အသွေးကလည်း ကောင်းပြီး ဓားအိမ်မှာလည်း စွမ်းအင်အနည်းငယ်ပါရှိတဲ့ မီးကျောက်သေးသေးလေးတွေကိုထည့်သွင်းထားတဲ့အပြင် ဓားမြှောင်ရဲ့လက်ကိုင်ရင်းနားမှာလည်း သူ့ရဲ့နာမည် ဂျယ်ယွန်း ကိုထွင်းထားလေသည်။
အဲ့ဒီဓားမြှောင်လေးကို အမြဲရှပ်ပြာရှပ်ပြာနိုင်တဲ့ အိမ်ရှေ့စံလေးက ကျပျောက်သွားခဲ့လေသည်။
ဘယ်မှာကျပျောက်သွားလဲဆိုတာလည်း မမှတ်မိခဲ့ အထိန်းတော်တွေကို ရှာခိုင်းထားသော်လည်း ဘာသတင်းမှမကြားရသေးချေ။
အိမ်ရှေ့စံစိတ်ပျက်လက်ပျက်ဖြစ်နေစဉ် အထိန်းတော်ကြီးပြန်ရောက်လာသောကြောင့်
"အထိန်းတော်ကြီး ဘယ်လိုလဲ ရှာတွေ့ခဲ့လား"
"မင်းသားငယ်~ အရှင်မင်းသား သွားတတ်တဲ့နေရာတွေကိုရှာတာ နန်းတော်တစ်ခုလုံးလည်းနှံ့နေပါပြီ ဒါပေမယ့် အခုထိမတွေ့သေးကြောင်းပါ မင်းသားငယ်"
"အဲ့ဒါဆို ဘယ်လိုလုပ်ရမလဲ ဟီဆွန်းဟျောင်းသိရင် စိတ်မကောင်းဖြစ်သွားမှာ"
"ကျွန်တော်မျိုးတို့ ထပ်ရှာပေးပါ့မယ် မင်းသားငယ် စိတ်မပူပါနဲ့"
အထိန်းတော်ကြီးထွက်သွားပြီးနောက် ဂျယ်ယွန်း တစ်နေ့လုံး အသေအချာပြန်စဉ်းစားနေလေသည်။ ဘယ်နားမှာကျခဲ့တာ ဖြစ်နိုင်လဲဆိုတာကိုပေါ့။
ညဖက် အိပ်ရာဝင်ခါနီးအချိန်မှ ခေါင်းထဲမှာလက်ခနဲဖြစ်သွားလေသည်။
"ဟုတ်တယ် နန်းတော်တစ်ခုလုံးရှာပြီးပြီဆိုတော့ ဖြစ်နိုင်တာက အဲ့ဒီတစ်နေရာပဲကျန်တော့တယ် ငါ ဘာလို့ အဲ့ဒါကိုမေ့နေရတာလဲ"
ဂျယ်ယွန်း နန်းဆောင်ရှေ့က အထိန်းတော်တွေကို အသိမပေးဘဲ ပြတင်းပေါက်ကနေ တိတ်တိတ်လေး ထွက်လာခဲ့လေသည်။
ထိုနေရာကတော့ သူအမြဲနန်းတော်အပြင်ကို ခိုးထွက်နေကျ နန်းတော်အနောက်ဖက်နေရာ။
ဂျယ်ယွန်း အုတ်တံတိုင်းအခြေသို့ရောက်သော် ဘေးဘီကို တစ်ချက်ကြည့်လိုက်ပြီး မီးတုတ်တစ်ခုကိုကိုင်ကာ ခုန်တက်လိုက်လေသည်။
ဒီနေရာက သူခဏခဏအပြင်ခိုးထွက်နေကျနေရာမလို့ ကျွမ်းကျင်နေလေပြီ။
နန်းတော်အပြင်ရောက်တယ်ဆိုရင်ပဲ မီးတုတ်ကိုကိုင်ကာ အနီးနားကနေရာတွေမှာ အသဲအသန်လိုက်ရှာလေသည်။
ညဖက်မှောင်နေသည့်အပြင် ချုံပုတ်တွေ ပေါင်းပင်တွေကြောင့် မြန်မြန်ရှာမတွေ့ဖြစ်နေလေသည်။
ဒါပေမယ့် နောက်ဆုံးမှာတော့ သူရှာနေတဲ့ ဓားမြှောင်လေးက ချုံပုတ်တစ်ခုကြားထဲမှာ ချိတ်နေတာကို တွေ့လိုက်ရလေသည်။
"ရှာတွေ့ပြီ"
ဓားမြှောင်လေးကို ချက်ချင်းကောက်ယူလိုက်ပြီး ခါးတွင်မြဲမြံအောင် ချိတ်ထားလိုက်လေသည်။
ထို့နောက် အုတ်တံတိုင်းကို ပြန်ကျော်တက်မယ်အလုပ် မနီးမဝေးဆီမှ ခြေသံကြားလိုက်ရသောကြောင့် ချက်ချင်း အနီးနားက သစ်ပင်ကြီးနောက်သို့ ဝင်ပုန်းလိုက်လေသည်။
ခြေသံကြားရာဖက်သို့ လှမ်းကြည့်လိုက်သော် လူနှစ်ယောက် တိုးတိုးတိတ်တိတ်စကားပြောနေတာကို တွေ့လိုက်ရလေသည်။
မှောင်နေတဲ့အပြင် အနည်းငယ်လည်းလှမ်းသောကြောင့် ဘာတွေပြောနေလဲဆိုတာကိုတော့ မကြားရချေ။
ထို့နောက် နှစ်ယောက်ထဲမှ နောက်ကျောပေးနေသည့်လူက ဂျယ်ယွန်းရှိရာဖက်သို့ လှည့်လာသော် လရောင်အောက်မှာ မြင်လိုက်ရတာက ဂျယ်ယွန်းသိနေပြီးသားလူတစ်ယောက်။
"ဟင် ခမည်းတော်ရဲ့ အထိန်းတော်ကြီးပဲ"
အထိန်းတော်ကြီးလည်း နန်းတော်ထဲကိုပြန်ဝင်သွားပြီဖြစ်သလို၊ အမည်မသိလူကလည်း မြို့ထဲသို့ ပြန်ထွက်သွားလေသည်။
"အထိန်းတော်ကြီးက ဒီအချိန်ကြီး နန်းတော်အပြင်ကို ဘာလာလုပ်တာလဲ"
ဂျယ်ယွန်း စဉ်းစားနေစဉ် အဝေးမှခွေးတွေ ဆွဲဆွဲငင်ငင်အူလိုက်သောကြောင့် ကြက်သီးတွေထကာ ဘာကိုမှထပ်မစဉ်းစားတော့ဘဲ ချက်ချင်းနန်းဆောင်ဆီသို့ ပြေးသွားလေသည်။
လရောင်မှိန်မှိန်လေးရယ် ကြယ်ရောင်မှိတ်တုတ်မှိတ်တုတ်လေးရယ်နဲ့ မဟူရာညမှာ အိမ်ရှေ့စံလေးဟာ အပြစ်ကင်းစွာပဲ ဘယ်အရာကိုမှသတိမမူမိခဲ့... အဘယ်သူ့ကိုမှ သံသယမဝင်ခဲ့...
ထိုအချိန်က အိမ်ရှေ့စံသာ သေချာဂရုစိုက်နားထောင်ခဲ့မယ်ဆိုရင် အနာဂတ်မှာကျရောက်လာမယ့် ကပ်ဆိုးတွေကို သိရှိပြီး တားနိုင်လိမ့်မလား...
အဲ့လိုဆိုရင် ကောင်လေးသုံးယောက်ရဲ့ကံကြမ္မာကရော ပြောင်းလဲသွားနိုင်မလား...
Part 13 end~~~~~
နည်းနည်းတော့တိုသွားတယ် နောက်တစ်ပိုင်းလည်း မြန်မြန်upပေးမယ်နော်~
ဒီficက heejakehoonကိုမှ sungjakeရော heejakeရော ပါပါတယ်နော် ဇာတ်သိမ်းမှာတော့ ဘယ်အတွဲဖြစ်မလဲဆိုတာ စောင့်ကြည့်ပေးကြပါဦးနော်~
ပြီးတော့လေ Zawgyiက ဘယ်လိုဖြစါသွားလဲအသိဘူး လုပ်မရတော့လို့ unicodeနဲ့ပဲတင်ဖြစ်သွားတော့မယ် အဲ့ဒါကြောင့် Zawgyiသမားတွေ unicodeလေးပြောင်းပြီးဖတ်ပေးကြပါနော် အဲ့ဒါလေးတစ်ခုတော့ စိတ်မရှိကြပါနဲ့နော်~
ဖတ်ပေးတဲ့တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်~