Unicode
အဖြူရောင် တိမ်ဆိုင်တို့သည် ဝါဂွမ်းစတစ်စကဲ့သို့ မြို့လေးအား ရစ်ပတ်သိုင်းခြုံထားသည်။ တစ်ပင်လုံးဝေအောင်ပွင့်နေသည့် ချယ်ရီပန်းပွင့်တို့သည် အပင်မှ ကြွေလွင့်ကာ လေယူရာသို့ လွင့်မျောလိုက်ပါသွားကြသည်။ ချင်းပြည်နယ်၏ မြို့တော်ဖြစ်သည့် ဟားခါးမြို့လေးသည် နှင်းမြူဆိုင်းလျက် အေးချမ်း၍လှပနေသည်။
စာသင်ကျောင်းလေးဆီမှ စာအံသံကြားနေရသည်။ မောင်သည် ကျောင်းအတွင်းလို့ တစ်လှမ်းချင်းဝင်ရောက်လာသည်။ မောင့်ရင်ထဲတွင် မျှော်လင့်ချက်များဖြင့် ရင်ခုန်စိတ်လှုပ်ရှားနေသည်။ သဲတုံလေးပေးထားသော လိပ်စာအရ ဒီကျောင်းတွင် မိုးဦး ကျောင်းဆရာအဖြစ် တာဝန်ကျနေသည်။ မတွေ့ရသည်မှာ ကြာပြီဖြစ်သော ချစ်သူ့မျက်နှာအား မြင်ချင်တွေ့ချင်စိတ်စောနေသည်။ မိုးဦးနှင့် တွေ့လျှင် ပြောမည်ဆိုသော စကားလုံးများကိုလည်း တစ်လမ်းလုံး စဉ်းစားလာခဲ့သည်။
စာသင်ခန်းထဲမှ ကလေးငယ်များ၏ "မင်္ဂလာပါဆရာ၊ ကျေးဇူးတင်ပါတယ်ဆရာ" ဟု နှုတ်ဆက်သံကိုကြားရသည်။ ကျောင်းရှေ့တွင် တွေ့ခဲ့သော ဆရာတစ်ဦးက မိုးဦး ဤအခန်းထဲတွင် စာသင်နေသည်ဟု ပြောသောကြောင့် အခန်းဆီသို့ လျှောက်လာခဲ့သည်။ စာသင်ခန်းထဲမှ ကလေးများ အခန်းအပြင်သို့ပြေးထွက်လာကြသည်။ အခန်းထဲမှ ပြေးထွက်လာကြသော ကလေးငယ်တစ်ဦးသည် မောင့်အား တိုက်မိသွားသဖြင့် မောင်က ထိုကလေးကို လှမ်းဆွဲထားလိုက်ရသည်။
မောင်က စာသင်ခန်းထဲသို့ ဝင်လိုက်သည်။ အခန်းထဲတွင် မောင်အရင်းနှီးဆုံး ကျောပြင်တစ်ခုကို တွေ့မြင်ရသည်။ ကျောက်သင်ပုန်းအား ဒတ်စတာဖြင့် သန့်ရှင်းနေသည်။ မောင့်ရင်တွေ အတိုင်းအဆမဲ့ လှုပ်ရှားနေသည်။ မောင်က အခန်းနောက်ဆုံးတန်းမှ လှမ်း၍ ခေါ်လိုက်သည်။
"မိုးဦး"
မိုးဦး ခန္ဓာကိုယ်သည် တစ်ချက်မျှ တုန်ယင်ကာ လန့်သွားသည်။ ထို့နောက် ခေါ်သံရှိရာသို့ လှမ်းကြည့်လိုက်သည်။
"မောင်....လား"
အံ့ဩမှုနှင့်အတူ မိုးဦး၏ ပခုံးသားလေးများသည် တုန်လှုပ်နေကြသည်။ မောင်က မိုးဦးထံပါးသို့ ဖြေးဖြေးချင်းလျှောက်သွားပြီး မိုးဦး၏ ကိုယ်လုံးသေးသေးလေးအား ရင်ခွင်ထဲသို့ ဆွဲသွင်းကာဖက်ထားလိုက်သည်။ မိုးဦးက မောင့်ရင်ခွင်ကြားတွင် တသိမ့်သိမ့်ရှိုက်ကာ ငိုနေပါတော့သည်။
"ကိုယ့်ကလေးလေး မငိုနဲ့တော့နော်၊ တိတ်ပါတော့ မိုးဦးရယ်"
စာသင်ခန်းသည် တိတ်ဆိတ်လျက် ချစ်သူနှစ်ဦး၏ ငိုရှိုက်သံနှင့် ချော့မြူသံတို့သာ လွင့်ပျံလျက်ရှိသည်။ ကျောင်းဝင်းအတွင်းရှိ တောင်ဇလပ်ပင်တွင် အနီရောင် တောင်ဇလပ်ပန်းတို့သည် အဆုပ်လိုက် အဆုပ်လိုက် ပွင့်လန်းနေကြသည်။
.....
မောင်က မိုးဦး၏လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားပြီး ချစ်သူ့မျက်နှာကို ကြည့်မဝအောင် ဖြစ်နေသည်။ ချစ်သူ၏ လှပနုထွေးသော ပါးမို့မို့လေးကို မကြာခဏ မွှေးကြူနေသည်။
"မောင်"
"ဟင်"
"ဘယ်တုန်းက ပြန်လာတာလဲဟင်"
"အင်း မကြာသေးပါဘူး"
မိုးဦးက မျက်စောင်းနုနုလေးထိုးရင်း
"မောင်က တကယ်စိမ်းကားတာပဲ၊ အပြင်ရောက်ရောက်ချင်း တို့ဆီတောင် မလာဘူးနော်၊ သတိရောရသေးရဲ့လား"
"သတိရတာပေါ့ ၊ မိုးဦးကို မလွမ်းတဲ့နေ့ တစ်နေ့မှ မရှိပါဘူးကွာ"
"ဟင်း အဲ့ဒါဆို ဘာလို့အခုမှ ပေါ်လာတာလဲ"
"မောင်.... မိုးဦးကို ရင်မဆိုင်ရဲလို့"
"မောင်ရာ... တို့ မောင့်ကို ဘယ်လောက် မျှော်နေလဲဆိုတာ သိရဲ့လား၊ အချိန်တိုင်း လွမ်းလွန်းလို့ ငိုနေရတာ" ဟုဆိုကာ မိုးဦးအသံလေး တိုးဝင်သွားသည်။
မောင်က မိုးဦး၏ ပါးနှစ်ဖက်ကို သူ့လက်ဖဝါးတို့ဖြင့် ထွေးပွေ့လိုက်ပြီး
"မငိုနဲ့တော့နော် အခုပြန်ရောက်လာပြီပဲ မောင်တို့ တစ်သက်လုံး မခွဲတော့ဘူးလေနော်"
မိုးဦးက ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် မောင်က မိုးဦး၏ နှုတ်ခမ်းတို့အား စုပ်ယူနမ်းရှိုက်လိုက်သည်။ တစ်ဦး၏ ရင်ခုန်သံကို တစ်ဦးက အတိုင်းသား ကြားနေရသည်။
......
ညသည် အေးမြလျက်ရှိသည်။ နှင်းပွင့်ကလေးများသည် အာကာတစ်ခွင်၌ ဝေနေသည်။ မိုးဦးက အခန်းအပြင်သို့ထွက်ကာ မတ်တပ်ရပ်နေ၏။ မောင်သည် ခြုံထည်တစ်ထည်ကိုယူလျက် မိုးဦးပုခုံးပေါ်သို့လွှမ်းလိုက်ပြီး နောက်မှ သိုင်းဖက်ထားလိုက်သည်။
"ချမ်းလိုက်တာနော်"
"အင်း ဒါပေမယ့် မောင်ရှိနေတော့ နွေးပါတယ်"
မောင်က မိုးဦး၏ နားရွက်ဖျားလေးအား ငုံ့ကာနမ်းလိုက်သည်။ ချစ်သူ၏ ခိုးခိုးခစ်ခစ်ရယ်သံသည် ည၏ချိုမြန်လှသည့် သံစဉ်နှယ်။ မောင်က
"အထဲဝင်ရအောင်လေ"
တစ်ယောက်အိပ်ကုတင်လေးပေါ်တွင် နှစ်ဦးသား ထိုင်လိုက်ကြပြီး မောင်က မိုးဦး လက်ဖဝါးလေးအား ကိုင်ကာ သူ့ပါးပေါ်သို့အပ်ထားလိုက်သည်။ မိုးဦးက ခေါင်းငုံလျက် ရှက်သွေးဖြာနေ၏။
"မိုးဦး"
"ဟင်"
"ဟို....ဟွာ"
"ဘာလဲလို့ မောင်ကလဲ" ဟုပြောလျက်ရယ်လိုက်ပြီးခေါင်းမော့လိုက်တော့ မောင့်မျက်လုံးတို့နှင့် အကြည့်ချင်းစုံသွားသည်။ မောင့်နှုတ်ခမ်းတို့သည် မိုးဦး၏ နှုတ်ခမ်းလွှာပေါ်သို့ တို့ထိလိုက်သည်။ ထိုမှ လည်တိုင်သို့.......
ခေါင်မိုးပေါ်သို့ ဆီးနှင်းကျသံ တဖြောက်ဖြောက်ကို ကြားရသည်။ တစ်ဦး၏ သိမ်းဆည်းထားခဲ့ရသော ဆန္ဒ နှင့် နောက်တစ်ဦး၏ အဆုံးစွန်လိုက်လျောမှုတို့သည် ဆီးနှင်းသံတို့ကြားတွင် တစ်ချက်တစ်ချက် တိုးညင်းစွာ ထွက်ပေါ်လာသည်။ မောင်က မိုးဦး၏ ကိုယ်လုံးနွဲ့နွဲ့လေးအား ပျောက်ရှမည်စိုးသကဲ့သို့ တင်းကျပ်စွာ ဖက်တွယ်ထားလေသည်။ မိုးဦး၏ ပါးနှစ်ဖက်တွင် မျက်ရည်စတို့သည် အဆုံးစွန်ထိ ပြည့်ဝသော နူးညံ့နှစ်သိမ့်မှုတို့နှင့်အတူ ကျဆင်းလျက်။ မောင်က မျက်ရည်စတို့ကပ်ငြိနေသာ မိုးဦး၏ မျက်လုံးအောက်ဘက်၊ ပါးချိုင့်နှင့် နှာတံတို့အား ကြင်နာယုယစွာ အကြိမ်ကြိမ်နမ်းရှိုက်လိုက်သည်။
ချင်းတောင်တန်းသည် နှင်းစက်တို့ဖြင့် ခိုက်ခိုက်တုန်အောင် ချမ်းအေးလှပေသည်။ သစ်ပင်ထက်ရှိ အသိုက်အမြုံလေးထဲတွင် အောက်ချင်းငှက်မသည် သူ့အဖော်ငှက်ဖို၏ အတောင်ကြားတွင် နွေးထွေးစွာ အိပ်မောကျနေလေသည်။
..........
နွေးထွေးသော နေရောင်ခြည်သည် ချယ်ရီပန်းပွင့်များပေါ်သို့ ကျရောက်လျက်ရှိသည်။ ချယ်ရီပင်အနီးရှိ ခုံတန်းလျားပေါ်တွင် မိုးဦးသည် မောင့်ပခုံးပေါ်သို့ မှီနွဲ့ကာ ထိုင်နေသည်။ နှစ်ဦးသား ယောပုဆိုး ဆင်တူဝတ်ဆင်ထားကြသည်။ ကျေးငှက်တို့သည် ကျီကျီကျာကျာ အသံဖြင့် သာယာစွာ မြည်ကြွေးနေကြ၏။
"မိုးဦး"
"ပြောလေ မောင်"
"ကိုယ် ဒီမှာပဲ အလုပ်ရှာပြီး မိုးဦးကို စောင့်ရှောက်သွားမယ်၊ ကိုယ့်ကို ခွင့်ပြုတယ် မဟုတ်လားဟင်"
"အလုပ်က ဖြေးဖြေးရှာပါ မောင်ရယ်၊ တို့ရှာကျွေးမှာပေါ့"
"မရပါဘူး မောင်က ရှာကျွေးရမှာပေါ့၊ ကိုယ့်ချစ်သူကို တင့်တောင်းတင့်တယ်ထားချင်တယ်"
"အင်းပါ အင်းပါ ပျော်စရာကြီးနော် မောင်"
"အင်း ပျော်တာပေါ့ မိုးဦးရယ်"
နှစ်ဦးသား အနာဂတ်ဘဝခရီးအကြောင်း တွေးတောရင်း ကြည်နူးနေကြသည်။
"မိုးဦး.... မောင်လေ အဘကို မောင်တို့အကြောင်း ပြောလိုက်တယ်"
"ဟုတ်လား အဘက ဘာပြောလဲဟင်"
"အဘက ခွင့်ပြုပါတယ်တဲ့"
"တို့လဲ မေမေ့ကို ပြောထားတယ်"
"အန်တီလေးတို့ သိတယ်ပေါ့"
"အင်း ဖေဖေရှိကတည်းက ပြောပြလိုက်တာ အဲ့တုန်းက မောင့်အကြောင်းကြားပြီး ငိုရလွန်းလို့ ရင်ကွဲမတတ်ပဲ၊ အဲ့ဒါနဲ့ ဖေဖေတို့ကို ပြောပြလိုက်တာ"
"ဆရာလေးကတော့ မောင့်ကို မုန်းနေတော့မှာပဲ"
"မမုန်းပါဘူး ဖေဖေက သူမဆုံးခင် မောင့်ကို စောင့်ရှောက်ဖို့မှာသွားတယ်၊ ဖေဖေက မိုးဦးတို့ကို နားလည်ပေးတယ်တဲ့လေ"
"အန်တီလေးကရော"
"မောင်ကလဲ လောဘကြီးလိုက်တာ၊ မေမေက မောင့်ကို အစကတည်းက သားလိုချစ်တာပဲဟာ၊ မိုးဦးမေမေက မောင့်မေမေပဲပေါ့"
"မိုးဦး... ကိုယ်တို့နှစ်ယောက် တစ်သက်လုံးအတူတူနေသွားရအောင်နော်"
"အင်း ဘယ်တော့မှ မခွဲတော့ဘူး"
ချစ်ရသူတို့အဖို့ အိမ်ရှိရာအရပ်သည် နွေးထွေးလှပေစွ။ ။
၂၇.၁၁.၂၀၂၃ တနင်္လာနေ့ နေ့လည် ၁နာရီ ၅၁မိနစ်
🌺🌺🌺🌺🌺🌺
Author Note 📝 မောင်နဲ့ မိုးဦးတို့ အကြောင်း အဆုံးထိ ဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ဇာတ်လမ်းလေးတစ်ပုဒ်ကတော့ ဒီမှာတင် အဆုံးသတ်ပါပြီ။ အပြီးသေးတဲ့ သူတို့ဘဝကတော့ ဆက်လက်ရှင်သန်နေရအုံးမှာပါ။ ဖောက်ပြန်ခြင်းကင်းတဲ့ သစ္စာတရားရယ်၊ မြင့်မြတ်တဲ့ချစ်ခြင်းမေတ္တာရယ်၊ နွေးထွေးတဲ့ ကြင်နာမှု၊လေးစားမှုတွေနဲ့ ချစ်ကြသူတိုင်း ပေါင်းဖက်နိုင်ကြပါစေလို့ Author က ဆုတောင်းလိုက်ပါတယ်။
🥰🥰🥰🥰🥰
တောင်ဇလပ်ပန်း
ZawGyi
Unicode
.....
......
..........
🌺🌺🌺🌺🌺🌺
🥰🥰🥰🥰🥰