အပိုင်း၁

238 8 0
                                    

Unicode

ချွေးတို့ဖြင့် ရွှဲရွှဲနစ်နေသော ကျောပြင်တစ်ခု.....
ခါးတွင် ပုဆိုးအနွမ်းတစ်ထည်ကို ဒူးအထက်နားထိရောက်အောင် ခပ်တိုတိုဝတ်ထားသည်။ ဦးခေါင်းထက်တွင် အနီရောင် ဖျင်သဘတ်ကြမ်းတစ်ထည်ကို လိပ်ကာ ခေါင်းပေါင်းပေါင်းထား၏။ ထိုလူကြီးသည် လက်နှစ်ဖက်က ပေါက်တူးကို မြှောက်ကိုင်လိုက်ပြီး မြေကြီးအတွင်းသို့ အားဖြင့် တစ်ချက် ပေါက်လိုက်၏။

"အဘများလား..."
ခေါင်းပေါင်းသည် အဖေပေါင်းနေကျ ဖျင်သဘတ်ဖြစ်၏။ သို့သော် လူပုံမှာ အဖေနှင့်မတူ။

သူသည် မီးရထားသံလမ်းအနီး ရပ်နေသည်။ လက်ထဲတွင် မြေစိုင်မြေခဲများကို သံဒယ်ထဲတွင် ထည့်ကာ သယ်ထား၏။ သူဝတ်ထားသော အင်္ကျီဖြူဖြူသည် ဖုန်များသဲများပေရေကာ ညစ်ပေဟောင်းနွမ်းနေပြီး ဂျိုင်းမှာလဲ ပြဲနေသည်။ အစိမ်းရောင် ဘောင်းဘီတိုလေးမှာ အရောင်လွင့်ပြီး မြေတို့ ပေကျံနေသောကြောင့် မှောင်မှိုင်းနေလေသည်။ သူ့တစ်ကိုယ်လုံးလည်း ဖုတ်လူးကာ ဂျေးအထပ်ထပ်ဖြင့် ညစ်တူးနေ၏။

လိုဏ်ခေါင်းတစ်လျောက်တွင် မြေတူးသူများ၊ မြေသယ်သူများ၊ သံလမ်းခင်းသူများနှင့် ပြည့်ကြပ်နေကြသည်။ မီးရထားသံလမ်းအပိုင်းအစများ၊ ကျိုးပဲ့နေသော သစ်သားစများ၊ ဇလီဖားတုံးများသည် မြေပြင်အနှံ့ ပြန့်ကျဲနေကြ၏။ သံရိုက်သံများ၊ မြေတူးသံများ၊ မြေသယ်ကားစက်နှိုးသံများ၊ အော်ဟစ်ဆဲဆိုသံများသည် သူ့နားထဲတွင် နီးကပ်လာလိုက်၊ တဖန် ဝေးကွာ၍ တိုးတိတ်သွားလေသည်။

လူအုပ်ကြီးထဲသို့ လှမ်းကြည့်လိုက်သောအခါ အမေ့ကို မြင်သည်။ အမေသည် ခေါင်းပေါ်တွင် အုတ်ခဲများကို ရွက်ကာ သူရှိရာသို့ တစ်ရွေ့ရွေ့ လျှောက်လာနေသည်။ အမေ့ပါးပေါ်ရှိ သနပ်ခါးတို့သည် ချွေးတို့ဖြင့် ကွက်နေပြီး ဆံစများသည် ချွေးစို့နေသော နှဖူးထက်တွင် ဝဲကျနေကြသည်။ အမေ့မျက်လုံးများသည် ပင်ပန်းနွမ်းနယ်လျက် သူ့ကို ဝမ်းနည်းကြေကွဲစွာ လှမ်းကြည့်နေသလို ထင်မိသည်။

"အမ...."

သူ လှမ်းခေါ်လိုက်သည်။ သို့သော် သူ့လည်ချောင်းမှာ ခြောက်သွေ့ကွဲအက်နေပြီး အသံတို့ တစ်စို့နေလေ၏။
ဥမင်လှိုဏ်ခေါင်းထဲမှ လူတို့ ထိတ်လန့်စွာ အော်ဟစ်ရင်း ပြေးထွက်လာကြသည်။ ပိန်းပိတ်အောင် မှောင်သည့် အမှောင်ထုကြီးသည် လူအုပ်ကြီးနောက်မှနေ၍ ထိုသူတို့ကို ဝါးမျိုပစ်လိုက်သည်။

မောင့်ငယ်ဖော်Where stories live. Discover now