ဇာတ်သိမ်းပိုင်း

184 7 3
                                    

Unicode

အဖြူရောင် တိမ်ဆိုင်တို့သည် ဝါဂွမ်းစတစ်စကဲ့သို့ မြို့လေးအား ရစ်ပတ်သိုင်းခြုံထားသည်။ တစ်ပင်လုံးဝေအောင်ပွင့်နေသည့် ချယ်ရီပန်းပွင့်တို့သည် အပင်မှ ကြွေလွင့်ကာ လေယူရာသို့ လွင့်မျောလိုက်ပါသွားကြသည်။ ချင်းပြည်နယ်၏ မြို့တော်ဖြစ်သည့် ဟားခါးမြို့လေးသည် နှင်းမြူဆိုင်းလျက် အေးချမ်း၍လှပနေသည်။

စာသင်ကျောင်းလေးဆီမှ စာအံသံကြားနေရသည်။ မောင်သည် ကျောင်းအတွင်းလို့ တစ်လှမ်းချင်းဝင်ရောက်လာသည်။ မောင့်ရင်ထဲတွင် မျှော်လင့်ချက်များဖြင့် ရင်ခုန်စိတ်လှုပ်ရှားနေသည်။ သဲတုံလေးပေးထားသော လိပ်စာအရ ဒီကျောင်းတွင် မိုးဦး ကျောင်းဆရာအဖြစ် တာဝန်ကျနေသည်။ မတွေ့ရသည်မှာ ကြာပြီဖြစ်သော ချစ်သူ့မျက်နှာအား မြင်ချင်တွေ့ချင်စိတ်စောနေသည်။ မိုးဦးနှင့် တွေ့လျှင် ပြောမည်ဆိုသော စကားလုံးများကိုလည်း တစ်လမ်းလုံး စဉ်းစားလာခဲ့သည်။

စာသင်ခန်းထဲမှ ကလေးငယ်များ၏ "မင်္ဂလာပါဆရာ၊ ကျေးဇူးတင်ပါတယ်ဆရာ" ဟု နှုတ်ဆက်သံကိုကြားရသည်။ ကျောင်းရှေ့တွင် တွေ့ခဲ့သော ဆရာတစ်ဦးက မိုးဦး ဤအခန်းထဲတွင် စာသင်နေသည်ဟု ပြောသောကြောင့် အခန်းဆီသို့ လျှောက်လာခဲ့သည်။ စာသင်ခန်းထဲမှ ကလေးများ အခန်းအပြင်သို့ပြေးထွက်လာကြသည်။ အခန်းထဲမှ ပြေးထွက်လာကြသော ကလေးငယ်တစ်ဦးသည် မောင့်အား တိုက်မိသွားသဖြင့် မောင်က ထိုကလေးကို လှမ်းဆွဲထားလိုက်ရသည်။

မောင်က စာသင်ခန်းထဲသို့ ဝင်လိုက်သည်။ အခန်းထဲတွင် မောင်အရင်းနှီးဆုံး ကျောပြင်တစ်ခုကို တွေ့မြင်ရသည်။ ကျောက်သင်ပုန်းအား ဒတ်စတာဖြင့် သန့်ရှင်းနေသည်။ မောင့်ရင်တွေ အတိုင်းအဆမဲ့ လှုပ်ရှားနေသည်။ မောင်က အခန်းနောက်ဆုံးတန်းမှ လှမ်း၍ ခေါ်လိုက်သည်။

"မိုးဦး"

မိုးဦး ခန္ဓာကိုယ်သည် တစ်ချက်မျှ တုန်ယင်ကာ လန့်သွားသည်။ ထို့နောက် ခေါ်သံရှိရာသို့ လှမ်းကြည့်လိုက်သည်။

"မောင်....လား"

အံ့ဩမှုနှင့်အတူ မိုးဦး၏ ပခုံးသားလေးများသည် တုန်လှုပ်နေကြသည်။ မောင်က မိုးဦးထံပါးသို့ ဖြေးဖြေးချင်းလျှောက်သွားပြီး မိုးဦး၏ ကိုယ်လုံးသေးသေးလေးအား ရင်ခွင်ထဲသို့ ဆွဲသွင်းကာဖက်ထားလိုက်သည်။ မိုးဦးက မောင့်ရင်ခွင်ကြားတွင် တသိမ့်သိမ့်ရှိုက်ကာ ငိုနေပါတော့သည်။

မောင့်ငယ်ဖော်Where stories live. Discover now