*****
တစ်ဖြေးဖြေး ပိုနွေးထွေးလာတဲ့ မတ်လရဲ့ ရာသီဥတုနှင့် လမ်းတစ်လျှောက် မြင်လာရတဲ့ ပန်းဆိုင်များမှ ရောင်စုံပန်းပွင့်များကြောင့် နွေဦးရာသီ ရောက်လာတော့မည့် အငွေ့အသက်တွေဖြင့် ကျောင်းသွားချိန်များမှာ သာယာလှပါသည်။ သီချင်းနားထောင်ရင်း ငေးမောရင်း ဘတ်စ်ကားပေါ်လိုက်သွားရတာ ကြိုက်တဲ့ မင်ဂယူးအတွက်တော့ ဒီနေ့လဲ လန်းဆန်းပြီး စိတ်ကြည်နေသည်။
အတန်းထဲ ဝင်လာတော့ ဆောမြောင်ဟိုက ရောက်နေပြီဖြစ်သည်။ ပြုံးပြလိုက်တော့ မနေ့က တောင်းပန်စကားပြောတာ သူမဟုတ်သလို ရုပ်တည်နှင့် ပြန်လှည့်သွားသည် ။ ထားပါတော့ မင်ဂယူးပဲ မှားတာပါ သူ့နဲ့ စကားတစ်ခါလောက်ပြောဖူးတာနှင့် သူ့အကျင့်ကို မေ့ပြီး အရမ်းရင်းနှီးသွားတယ် ထင်နေမိတာပဲ ။ သူကိုက မှားတာ ။
*****
“လူမှုရေး အချိန်လေဆရာ... ဒီနေ့ သင်္ချာအချိန် မပါဘူးလေ... အတန်းမှားလာတာလားမသိဘူး”
အတန်းမှူးဖြစ်သည့် သင်္ချာဆရာ အတန်းထဲ ဝင်လာသည်ကို နှုတ်မဆက်ပဲ အခန်း(၃)ရဲ့ ငမြွေထိုးအုပ်စုမှ ယန်းအီရဲ့ ငြိုငြင်သံက အရင်ထွက်လာသည်။
“မင်းတို့ လူမှုရေး ဆရာမ ဒီနေ့ ခွင့်ယူထားလို့ ... ဒီနေ့ ငါ အစားဝင်မယ် ကဲ သင်္ချာစာအုပ်ထုတ်မယ် ”
တစ်တန်းလုံး မျက်နှာအိုကြီးများနှင့် မကျေမနပ် ရေရွတ်သံများ တန်းစီထွက်လာသည်။ကိုရီးယားသမိုင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူ့အဖွဲ့အစည်းနဲ့ ယဉ်ကျေးမှုအကြောင်းများ ကမ္ဘာ့သမိုင်း၊ ကမ္ဘာ့ပထဝီဝင်အကြောင်းများအပြင် ကျောင်းသားတွေ မပျင်းအောင် အလျင်းသင့်သလို စိတ်ဝင်စားစရာ အခြားအကြောင်းအရာများပြောပြတတ်သည့် လူမှုရေးဆရာမ၏ အတန်းချိန်ကို အင်မတန် လက်ပေါက်ကပ်သော အတန်းမှူး၏ သင်္ချာပုစ္ဆာများ တစ်ပုဒ်ပြီးတစ်ပုဒ် သင်ပုန်းပေါ် တစ်ယောက်ချင်း ထွက်တွက်ခိုင်းနေခြင်းကြောင့် တစ်တန်းလုံး ဇက်ပုရင်း အချိန်မြန်မြန်ကုန်ရန်သာ ဆုတောင်းပြီး အောင့်အီးကာ နေကြရသည်။
အတန်းမှူးထွက်သွားမှာသာ မင်ဂယူးလည်း အသက်ရှူချောင်တော့သည်။ မင်ဂယူးက သင်္ချာမရ၍ သင်္ချာချိန်ကို အင်မတန်မုန်းသည် မဟုတ်လား။ မင်ဂယူးဘေးမှာတော့ ဆောမြောင်ဟိုတစ်ယောက် မှောက်အိပ်နေပြန်သည်။ညအိပ်ချိန်ဆို ဘာတွေများလုပ်နေလို့ အတန်းထဲမှာ ဒီလောက် အိပ်သည်မသိ တစ်ခါတစ်ရံ ဆရာအတန်းထဲဝင်လာသည့်အချိန် အိပ်နေရာမှထလာလျှင် မျက်နှာတစ်ခြမ်းက အစင်းရာများဖြင့် နီရဲနေတတ်သည်။ စားပွဲပေါ်တင်ထားသည့် သူ့လက်ကို ကြည့်မိတော့ ...
လက်လေးက အတော်လှတာပဲ ။ ရှည်ရှည်သွယ်သွယ်နှင့် လက်သည်းခွံများကလည်း သန့်ရှင်းပြီး ကြည်လင်နေသည်။ ဆောမြောင်ဟိုက လက်သာမဟုတ် လူလဲ ပိန်ပိန်ရှည်ရှည်ဖြင့် ဆိုက်ဂိုက်ကလည်းများသေးသည်။ တကယ့်ကို ပိန်ပိန်သေးသေးလေး။ မင်ဂယူးကတော့ အားကစားသမားမို့ အရပ်လဲရှည် လူလဲထွားသည်ကြောင့် ဆောမြောင်ဟိုလို ပိန်ပိန်သေးသေးတွေကို တကယ် အားမရပါ။ စားပွဲပေါ်က ဆောမြောင်ဟို၏ လက်ကောက်ဝတ် သေးသေးလေးကို မင်ဂယူး သူ့လက်ကောက်ဝတ်ဖြင့် တိုင်းနေချိန် တစ်ချက်လူးလွန့်လာသဖြင့် လန့်ပြီး သန့်စင်ခန်းသို့ သွားသလိုလိုနှင့် ပြေးတော့သည်။
ကျောင်းဆင်းခါနီးအချိန်တွင် အခန်းသန့်ရှင်းရေးလုပ်ကြရာ ယောက်ျားလေးတစ်သိုက်လုံး ပူညံပူညံဖြင့် ငြင်းခုန်နေကြသည်။ အကြောင်းရင်းမှာ သန့်စင်ခန်းကို ငါးယောက်တာဝန်ယူပြီး ဆေးသည့်အဖွဲ့ထဲ မရောက်ချင်သောကြောင့်။
နောက်ဆုံး စာရွက်လိပ်ထဲ နံပါတ်ငါးလုံး စာလိပ်ငါးလိပ် ထည့်ရေးပြီး မဲနှိုက်လိုက်မှ ဂင်မင်ဂယူး ၊ လီရှင်းဂျူ ၊ ငမြွေထိုး ယန်းအီ ၊အဆင့်တစ် ကျောင်းသား ဒိုယောင်း နှင့် ဆောမြောင်ဟို ငါးယောက်ထွက်လာပြီး ကိစ္စပြတ်တော့သည်။
သန့်စင်ခန်းထဲတွင် လီရှင်းဂျူနှင့် မင်ဂယူးက အိမ်သာခွက်များကို ရေတဗွမ်းဗွမ်းဆေးနေပြီး ဒိုယောင်းနှင့်ယန်းအီက ကြမ်းတိုက်နေကြသည်။ ဆောမြောင်ဟိုကတော့ ဘေစင်တွေဆေး မှန်တွေ လိုက်တိုက်နေသည်။ မင်ဂယူးတို့ လေးယောက်က သီချင်းတွေအော်ဆိုလိုက် တောင်ရောက်မြောက်ရောက် စကားပြောလိုက်ဖြင့် ဆောမြောင်ဟိုကတော့ နားကြပ်တပ်ပြီးသူလုပ်စရာ ရှိတာသာ လုပ်နေသည်။ အကုန်ပြီး၍ ပြန်ထွက်ချိန်တွင်လည်း ဆောမြောင်ဟို မပြီးနိုင်သေးပါ။ မှန်က ပြောင်လက်နေပြီကို ပြဒါးတွေပါ ခွာဖို့အထိတွေးနေသည်လားမသိ တိုက်နေသေးသည်မို့ အတန်းထဲပြန်ဝင်ဖို့ ပြောမည်အပြု ရုတ်တရက်လှည့်လာပြီး မင်ဂယူးရင်ဘတ်ကို ဝင်ဆောင့်မိလေသည်။ ကြမ်းတိုက်ထားသည်မို့ ကြမ်းပြင်တွင် ရေတွေချောနေသောကြောင့် ဖင်ထိုင်လျက် လဲကျကာ လက်ထဲက ရေပုံးကလည်း ဆောမြောင်ဟို ရင်ဘတ်ပေါ်တွင် စိုရွှဲကုန်ပြီး အထဲက အသားတွေပါ မြင်နေရသည်။ မင်ဂယူးလည်း ကပြာကယာဆွဲထူရသည် ။ ဘယ်လိုတောင် အားမရှိလို့ သူ့ကို ဝင်တိုက်ပြီး ချော်လဲရတာတုန်း။
“ မင်းရင်ဘတ်တွေ ရွှဲကုန်ပြီ အင်္ကျီက အသားနားထိကပ်နေတာ ကြည့်မကောင်းတော့ဘူး ရော့ ငါ့အပေါ်ဝတ် ယူဝတ်ထားပြီး နောက်နေ့မှပြန်ပေး ”
မင်ဂယူး သူ့အပေါ်ဝတ်ကို ချွတ်ပေးတော့ လှမ်းယူပြီး ယူဝတ်နေသည်။ မင်ဂယူးကထွားတော့ ဆောမြောင်ဟိုနှင့် အင်္ကျီကကြီးနေပြီး ဖင်ထိုင်ရက်လဲထားသဖြင့် တင်ပါးနေရာ စိုနေတာကိုပါ တစ်ဝက်ခန့် ဖုံးပြီးသားဖြစ်နေသည်။ ဆောမြောင်ဟိုကို အနီးကပ်ကြည့်မိတော့မှ ညာဘက်မျက်စိအောက်တွင် မှဲ့လေးရှိသည်ကို အခုမှ သတိထားမိခြင်းဖြစ်သည်။ မျက်လုံးက မျက်ရစ်မပါပဲ မျက်ပေတုန်းလေးနှင့် နှုတ်ခမ်းကလဲ ပုံစံတကျ ပြောင်ပြောင်ရဲရဲလေး ဖြစ်နေပြီး ခပ်ထူထူနှင့် တော်တော်ကြည့်ကောင်းပါသည်။ ဆောမြောင်ဟိုက တကယ် ချောတာပဲ
“ကျေးဇူးတင်ပါတယ်”
လက်ထဲ ခုနက မှောက်သွားသည့် ရေပုံးအလွတ်ကို ဆွဲပြီး ထွက်သွားသည် ။ ကျေးဇူးတင်တာတောင် နည်းနည်းပါးပါး ပြုံးပြလို့မရဘူးလား ဒီဟာလေး သူ့ကို အာရုံစိုက်မိအောင် သိပ်လုပ်တာပဲ ။ မင်ဂယူး ရုပ်တည်နှင့် ထွက်သွားသော ဆောမြောင်ဟိုနောက် ပြေးလိုက်လေသည်။
*****
နောက်နေ့ မင်ဂယူးကျောင်းရောက်တော့ သူ့နေရာတွင် စက္ကူအိတ်လေးတစ်အိတ်တွေ့သည်။ မနေ့က ဆောမြောင်ဟိုကို ပေးလိုက်သည့် အင်္ကျီဖြစ်သည်။ အနံ့သင်းသင်းလေးထွက်လာပုံအရ လျှော်လာပုံပဲ။ ဆောမြောင်ဟိုကိုတော့မတွေ့ပါ ဘယ်ရောက်နေသည်မသိ။မင်ဂယူး ဘတ်စကတ်ဘောကစားဖို့အသွား စာကြည့်တိုက်ထဲတွင် စာဖတ်နေသော ဆောမြောင်ဟိုကို တွေ့လိုက်သဖြင့် စာကြည့်တိုက်ထဲဝင်ကာ ဟိုစာအုပ် ဒီစာအုပ်ဆွဲပြီး ဆောမြောင်ဟိုရှေ့တွင် သွားထိုင်လိုက်သည်။
“ဆောမြောင်ဟို မင်း ငါ့အင်္ကျီကို လျှော်လာတာလား အနံ့ကို သဘောကျတယ် ဘာဆပ်ပြာသုံးတာလဲ အမှန်ကလျှော်လာစရာ မလိုပါဘူး ဒီတိုင်းလာပေးရင်တောင် ဖြစ်တယ် ”
ဆောမြောင်ဟို ဖြေဖြေမဖြေဖြေ မင်ဂယူးကတော့ တောင်စဉ်ရေမရ ထိုင်ပြောနေမိသည်။ ဘာရယ်မသိ ဆောမြောင်ဟိုရဲ့ ပုံစံက မင်ဂယူးအတွက် အထူးတဆန်းနှင့် အာရုံစိုက်မိစေသည်။ ခုလည်း မင်ဂယူးထိုင်ပြောသမျှကို ဘာမှမပြောပဲ နားသာထောင်နေသည်။
“မင်းက ဘာလို့ အဲ့လောက်အေးတာလဲ ငါအစက မင်းကိုစကားမပြောတတ်ဘူးတောင် ထင်နေတာ”
“ဘာလို့လဲ အတန်းထဲက လူတွေက မင်းကို အပေါင်းအသင်းမလုပ်လို့လား”
“မင်းက ကျောင်းမှာမဟုတ်ရင်လဲ ဒီအတိုင်းပဲလား ဘယ်သူနဲ့မှ မပေါင်းဘူးပေါ့ ဘယ်လိုတောင် နေနိုင်တာလဲ ငါဆို ပျင်းလို့ သေသွားနိုင်တယ်”
“ဂင်မင်ဂယူး”
“ဟင်”
“ဖြည်းဖြည်းပြောပါလား မင်းစကားပြောတာ အရမ်းမြန်လွန်းတယ် ”
ဆောမြောင်ဟိုဆီမှ ခပ်လေးလေး ခပ်ဝဲဝဲအသံဖြင့်ထွက်လာသည့် စကားသံ။ သူစကားပြောတာ တစ်မျိုးလေးနှင့် နားထောင်လို့ကောင်းသားပဲ ။ မင်ဂယူးတစ်ယောက် အူယားပြီး ရယ်မိသည်။
“အာ ငါပြောတာ အရမ်းမြန်နေတာလား”
“အင်း”
“ငါစကားပြောမြန်တာ အဖေနဲ့တူတာလေ အဖေစကားပြောရင် ငါ့ထက်တောင်မြန်သေးတယ် အဖေနဲ့ငါက စကားပြောပုံချင်းပဲ တူတာမဟုတ်ဘူး အသံလုံးလဲ တူတယ်သိလား တစ်ခါတစ်လေဆို အမေတောင် ငါတို့ သားအဖရဲ့ အသံကို မခွဲတတ်ဘူးတဲ့”
“ စကားမစပ် ဆောမြောင်ဟို မင်းရေကူးတတ်လား ရေကူးပေးသိလား အရပ်လဲရှည်တယ် muscle တွေလဲ ထွက်လာမှာ .... ငါငယ်ငယ်ကတည်းက အမေက ငါ့ကို ရေကူးသင်တန်းပို့ထားလို့ ရေကူးတာ ကျွမ်းတယ် မင်းမကူးတတ်လဲ ငါသင်ပေးလို့ရတယ်”
“ဘတ်စကတ်ဘော ကစားတာလဲ ကောင်းတယ်ကွ တစ်ခါလောက်ဖြစ်ဖြစ် ငါတို့နဲ့ လာကစားပါလား အားကစားကတော့ ဘယ်ဟာလုပ်လုပ်ကောင်းပါတယ် မင်းဝါသနာပါတာသာလုပ်ပေါ့”
“မင်းအတန်းထဲမှာ စာအုပ်တစ်အုပ်နဲ့ ပုံထိုင်ထိုင်ဆွဲနေတာ ခဏခဏတွေ့ပါတယ် ... ပုံဆွဲရတာ တအားကြိုက်တာလား အဆင်ပြေရင် ငါမော်ဒယ်ထိုင်ပေးမယ်လေ ... ငါ့ပုံဆွဲလို့တောင်ရတယ် မော်ဒယ်ထိုင်ဖို့ဆို ငါ့ကိုယ်လုံးကိုယ်ပေါက်က အဆင်ပြေတယ်နော် လက်မောင်းက ကြွက်သားတွေ ထွက်လာအောင် အားကစားဖိလုပ်ပေးနေတာ ဒီမှာကြည့် ”
ဂင်မင်ဂယူးတစ်ယောက် ရေပက်မဝင် စကားထိုင်ပြောနေတာကို ဆောမြောင်ဟိုကတော့ ငြိမ်ပြီးသာ နားထောင်နေခဲ့ပါသည်။ ခဏနေတော့ မင်ဂယူးဘက်ကို သူ့ရှေ့က နွားနို့ဘူးလေး ရွှေ့ပေးလာသည်ကို စကားများနေသော မင်ဂယူးလဲ မောမောနှင့်ယူသောက်သည်။
“ဆောမြောင်ဟို ငါ့ကို မင်း ဖုန်းနံပါတ်ပေးထားပါလား”
“အင်း”
အင်္ကျီအိတ်ထဲ ထည့်ထားသည့်ဖုန်းကို ထုတ်လာတော့ မင်ဂယူး ဆွဲယူပြီး သူ့နံပါတ်ရိုက်ထည့်ကာ ခေါ်လိုက်တော့ မင်ဂယူးရဲ့ဖုန်းသံ ထွက်လာသည်။
“အဲ့ဒါငါ့ဖုန်းနံပါတ်ပဲ မှတ်ထားလိုက် .. အကြောင်းတစ်ခုခုရှိရင် ငါမင်းကို ဖုန်းခေါ်မယ် မင်းလဲ ငါ့ကို ခေါ်လို့ရတယ်”
“အင်း”
အင်းဟုသာဖြေနေတာ ဆက်မှာလဲ မဟုတ်ပါဘူး မင်ဂယူးသိတာပေါ့
“ပြီးတော့ ငါ့ကို အတန်းထဲမှာ အရမ်းလျစ်လျူမရှုပါနဲ့ ဘေးချင်းကပ်ရက်ထိုင်ပြီး ရန်သူတွေလို ခံစားရတယ် စကားမပြောရင်တောင် အခုလိုမျိုး ငါက စကားလာပြောရင် အဖက်လုပ်ပေးပါ”
ဆောမြောင်ဟို ခေါင်းညိတ်ပြသည်။
“အင်း”
ဘာပြောပြော အင်းပဲဖြေနေပေမယ့် အခြေအနေ မဆိုးဘူးပြောရမည်။ အနီးကပ်နေနေပေမယ့် မလှုပ်တလှုပ်သူ့စရိုက်ကြောင့် အရမ်းဝေးသည့်သူစိမ်းတွေလို ဖြစ်နေတာက သူ့အတွက်တော့ ဆောမြောင်ဟိုကို အတော် အာရုံစိုက်မိစေသည်။ စကားနည်းတဲ့သူနဲ့ စကားတွေ အများကြီးပြောလိုက်ရတော့ လူကမြှောက်ကြွကြွနှင့် ဘာကို ကျေနပ်လို့ ကျေနပ်မှန်းမသိ... မင်ဂယူးပြောသမျှကို ခေါင်းလေးညိတ်ပြီး နားထောင်နေတာလည်း တကယ် အူယားစရာ။ ဆောမြောင်ဟိုက ချစ်စရာတော့ ကောင်းသား။
*****