တို့...အတူ(BL Fic)
အပိုင်း(၂၈)
"ဒီနေ့ က ရာသီဥတု သာယာတယ်နော် ကိုကို"
"ဟုတ်တယ်နော် ။အင်း နောက်ပိုင်း နွေဦးပေါက်ပြီဆိုတော့ ရာသီဥတုက သာယာတာ များလာလိမ့်မယ် ထင်ပါရဲ့"
ကိုကိုက သူ၏ ပျိုးပင်လေးတွေနှင့် သူ၏ပန်းပင်လေးတွေကို ရေလောင်းနေရင်းကနေ အပြင်ဘက်ကို လှမ်းကြည့်ကာ ကျတော်ကို ပြောသလိုလို၊သူ့ကိုယ်သူ ပြောသလိုလို နှင့် ရေရွတ်နေလေသည်။
"ဒါနဲ့ ကိုကို တကိုယ်တော် ပန်းချီပြပွဲ လုပ်မလို့ ဆို"
အလုပ်လုပ်နေသည့် ကိုကို့ကို စကားပြောရတာ အားမရတာကြောင့် ကြားထဲက စင်ကလေးကို လက်နှစ်ဖက်ထောက်ကာ ကိုကို့ဘက်သို့ လှည့်ကာ ကုန်းပြီး မျက်နှာလေးကို လိုက်ကြည့်ကာ မေးလိုက်သည်။
"ဟုတ်တယ်ေလ။
ပြခန်းမှူးက အကြံပေးတာနဲ့
ကိုကိုကလည်း လုပ်ချင်တာနဲ့
လုပ်ဖို့ ဆုံးဖြတ်လိုက်တာ"
ကျတော် မေးကို လက်နှစ်ဖက်နှင့်ထောက်ကာ ကိုကို့ကို ရွှန်းရွှန်းစားစား ကြည့်မိသည်။
"ဝါး။အားကျလိုက်တာ ကိုကိုရာ"
ကိုကိုက ပန်းပင်တွေကို ရေလောင်းနေရာကနေ ကျတော့်အနားသို့လာရပ်ကာ ကျတော့်မျက်လုံးလေးတွေကို သူ့၏လက်တွေနှင့် ကာလိုက်သည်။
"ဒီကိစ္စ က ဘာမှလည်း အထူးတဆန်းဖြစ်တာ မဟုတ်ပဲနဲ့ အဲ့ဒီလိုကြီး မကြည့်ပါနဲ့လားကွာ?
ကိုကိုက နိုင်ငံကို ကယ်တင်တဲ့ ကိစ္စလည်းမဟုတ်ပဲနဲ့"
ကိုကို့စကားကြောင့် ကျတော်ရယ်နေမိသည်။ကြားထဲက ခြားနေသည့် သစ်သားစင်ကလေးကို ကျော်ခွသွားလိုက်ပြီး ကိုကို့ အနားသို့ကပ်ကာ နောက်ကနေ ကိုကို့ခါးကလေးကို ဖက်ထားလိုက်သည်။
"အဲ့ဒီနေ့ကျရင် ရန်ကုန်ကိုသွားရမှာပေါ့"
"ဒါပေါ့ သည်းငယ်လေးရဲ့"
"ကျတော်လည်း လိုက်ချင်တယ်"
"ဖေဖေ့ကို လွမ်းနေပြီလား"?
"ဟုတ်တယ်"
"သည်းငယ်လေး မပါဘဲနှင့် ကိုကိုက ဘယ်နေရာကို မှ မသွားပါဘူး"
"တကယ်နော်၊ကိုကို"
ကိုကိုက ကျတော့်ဘက်ကို မျက်နှာချင်းဆိုင်လှည့်လာကာ ကျတော့်နဖူးလေးကို နမ်းလိုက်သည်။
"အခုထိ ကလေးလေး ကျနေတာပဲ။
တကယ်ပေါ့ သည်းငယ်လေးရဲ့"
ကျတော် ပြုံးပြုံးကြီးနှင့် ကိုကို့ရင်ခွင်ထဲကို ခေါင်းလေးတိုးဝင်လိုက်ပြီးတော့ ကိုကို့ပခုံးပေါ် မေးလေးတင်လိုက်သည်။
"ပျော်နေတာပေါ့လေ"
"ဟုတ်တယ်။ကိုကို"
"ကိုကိုလည်း အတူတူပါပဲ ဖေဖေ့ကို သတိရတာပေါ့"
ဒီစကားလေး တခွန်းက ကျတော့် နှလုံးသားကို ဆွဲခြစ်လိုက်သလို ခံစားရသည်။ကိုကို့အစား ရင်နာမိပေမယ့် ဖေဖေက ကျတော့် ဖေဖေဖြစ်နေပြန်သည်လေ။
"အတူတူသွားကြမယ်နော်။ကိုကို"
"အင်းပါ။ဟုတ်ပါပြီ သည်းငယ်လေးရဲ့"
..............
ဒီမြို့ကို ပြန်ရောက်ခဲ့ပြန်ပါပြီ။
အကြာကြီး ရင်းနှီးခဲ့တဲ့ ဒီပန်းချီပြခန်းကိုပါ ထပ်ရောက်လာရပြန်လေသည်။
ကျတော့် နံဘေးမှာ အိပ်ပျော်နေသည့် အောင်ရဲသူကို ငေးကြည့်နေမိသည်။
မနှိုးရက်ပေမယ့် ဟိုတယ်ရှေ့ကို ရောက်လာတာမို့ နှိုးရလိမ့်မည်။
"သည်းငယ်လေး၊အချစ်လေး ထတော့ ရောက်နေပြီ"
အောင်ရဲသူက နိုးလာပြီး ကျတော့်ကို ငေးကြည့်နေသည်။
"ရောက်ပြီလား?ကိုကို"
"အင်း ရောက်ပြီ။လာလာ ကားပေါ်ကဆင်း ကိုကို ချီသွားရမလား?"
"ရပါတယ်။ကိုကိုရဲ့"
နှစ်ယောက်သား ကားပေါ်ကနေ ဆင်းကာ ဟိုတယ်ထဲသို့ ဝင်လာခဲ့ကြသည်။
"မနက်ကျရင် ကိုကို ပြခန်းကို သွားရမှာပေါ့"
"ဟုတ်တယ် သည်းငယ်လေးပါ လိုက်ခဲ့လေ။ဒီမှာ ပျင်းနေမှာပေါ့"
"လိုက်မယ် ကိုကို"
နှစ်ယောက်သား ပြခန်းမှူးက ကြိုတင်ပြီး ငှားပေးထားသည့် အခန်းထဲသို့ ဝင်ကာ မောမောပန်းပန်းနှင့် အိပ်ပျော်သွားကြလေသည်။
......
မနက် အာရုဏ်တက်ချိန်မှာ နိုးလာတော့ ကျတော် အိပ်ရာထက်၌ ထပြီး ထိုင်နေမိလေသည်။တဖက်ကုတင်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ကိုကို့ကို ငေးကြည့်နေမိသည်။
ကျတော်ကသာ ကိုကို့ကိုမြင်တိုင်း၊မြင်တိုင်း သနားစရာ ကောင်းသည်ဟု တွေးမိပေမယ့် ကိုကိုကတော့ ဘဝကြီးကို ကျတော်နှင့် အတူတူ လက်တွဲကာ ပျော်ပျော်ကြီး ဖြတ်သန်းနေလေသည်။
ပြီးတော့ ကိုကိုက ကြံ့ခိုင်ကာ သန်မာသည်။ကိုကို့ဆီကနေ ဖေဖေ့ကို ငြိုငြင်တာမျိုးလည်း တခါမှ မမြင်ဖူးပေ။ဝမ်းနည်းနေတာမျိုးကိုလည်း မတွေ့ဖူးခဲ့။
ကျတော် ငေးရင်း၊တွေးရင်းကပင် ကိုကို့အနားသို့ တိုးကပ်ကာ ကိုကို့ကုတင်ပေါ်ကို တက်ပြီးတော့ ကိုကို့နံဘေးမှာ ဝင်ပြီး အိပ်လိုက်သည်။
"တရေးနိုးလာတာလား?"
"ဟုတ်တယ် ကိုကို၊ကျတော့်ကြောင့်နိုးလာတာလား? ပြန်အိပ်နော် ကိုကို တလမ်းလုံး ကားမောင်းလာခဲ့ရတာ မဟုတ်လား?"
"အင်း လာ အတူတူ အိပ်မယ်"
ကိုကိုက ကျတော့်ကို ဖက်ကာ သူ့ရင်ခွင်ထဲကို ဆွဲပြီး သွင်းလိုက်သည်။
"ကိုကို၊မပင်ပန်းဘူးလားဟင်?"
"ကားမောင်းတာ ပင်ပန်းပေမယ့် အိပ်လိုက်ရတော့ ပြေပါတယ် သည်းငယ်လေးရဲ့"
"ကားမောင်းတာကိုပြောတာ မဟုတ်ပါဘူး။ကျတော်နှင့် နေနေရတာကိုလေ"
"သည်းငယ်လေး စိတ်ထဲမှာ ကိုကိုအရမ်းပင်ပန်းနေတယ်လို့ တွေးနေတာလား?
အဲ့ဒီလောက်ကြီး မပင်ပန်းပါဘူး။"
"ဖေဖေ့ကို စိတ်မဆိုးဘူးလား?"
ကိုကိုက မျက်လုံးတွေကို မဖွင့်သေးပဲ တချက်ရယ်နေသည်။
"ညီလေး အတွေးထဲမှာ ဖေဖေ့ကို ကိုကိုက စိတ်နာနေမယ်လို့ ထင်နေတာကိုး၊ကိုကိုက သန်မာရမယ်လေ။ညီလေးကိုရော ဖေဖေ့ကိုရော ကိုကိုက ပြန်ပြီးစောင့်ရှောက်ရမယ့် အရွယ်ကို ရောက်လာနေပြီ၊ကိုကို ရှေ့ဆက်ပြီး ဘာစီးပွားရေး လုပ်ရမလဲ?ဆိုတာကိုပဲ တွေးနေမိတာပါ"
ကိုကို့စကားကြောင့် ကျတော် ဘာမှ ဆက်မပြောတော့ပဲ ကိုကို့ရင်ခွင်ထဲကိုသာ ဝင်ပြီး အိပ်နေလိုက်တော့သည်။
......
တကိုယ်တော် ပြပွဲဆိုတော့ ကိုကို့မိတ်ဆွေ ပန်းချီဆရာတွေလည်း လာကြည့်ကြသည်။ ဂုဏ်ယူပေးကြသည်။
ကိုကိုလည်း ပျော်တပြုံးပြုံးပင် ဖြစ်နေသည်။မ ေမျှာ်လင့်ပဲ အကိုပြည့်စုံဘနှင့် ဘုန်းစည်တို့ပင် ရောက်လာကြသေးသည်။အခုကျတော့လည်း အကိုပြည့်စုံဘနှင့် ကိုကိုတို့ နှစ်ယောက်က စကားေတွ ရယ်ရယ်မောမော ပြောနေကြပြန်သည်။ငယ်သူငယ်ချင်းတွေကိုး။
ကျတော်နှင့် ဘုန်းစည်ရယ်ကတော့ ကော်ဖီခွက်လေးတွေ ကိုင်ကာ ပန်းချီကားတွေကိုသာ အတူတူ ကြည့်နေမိကြသည်။
"အဆင်ပြေကြရဲ့လား?
နှစ်ယောက်သား ထွက်သွားတယ်လို့ ကြားတော့ ဦးက သူ့သူငယ်ချင်းကို စိတ်ပူနေတာ"
"ပြေအောင် ကြိုးစားနေကြရတာပေါ့။"
"ကျတော်နဲ့ ဦးက တွဲနေကြပြီဗျ"
ဆိုင်းမဆင့်၊ဗုံမဆင့် ဘုန်းစည်က ထ ပြောလိုင်တာမို့ အနည်းငယ် အမ်းတမ်းတမ်းဖြစ်သွားရသည်။
"တူအရီးတော်တယ် မဟုတ်ဘူးလား?"
"ကျတော်က မွေးစားသားဆိုတော့လေ။တကယ်တမ်းကျတော့ ဘာမှ မတော်ပါဘူး"
"ဟင် ကျတော်တို့လိုပဲပေါ့။ဂုဏ်ယူပါတယ် ဗျာ"
ဆက်ပြောစရာ စကားလည်း ရှားပါးတာကြောင့် နှစ်ယောက်သား အတူတူပြံုးနေမိကြလေသည်။
အဲ့ဒီအချိန်မှာပင်
ပြခန်းထဲသို့ ဖေဖေနှင့် အန်တီချိုတို့ ဝင်လာတာကို တွေ့လိုက်ရသည်။
ဘုန်းစည်ကပင် တအံ့တဩနှင့်
"ကိုအောင်ရဲသူရဲ့ အဖေ မဟုတ်လား?
လို့ ရေရွတ်လိုက်လေသည်။
..........
ဖေဖေနှင့် အန်တီချိုတို့က ကျတော့်ကိုလည်း စကားလာမပြောသလို ကိုကို့ကိုလည်း စကားသွားပြောတာ မတွေ့ရပေ။
သူတို့ နှစ်ယောက်အတူတူသာ ကိုကို့ပန်းချီကားတွေကို ကြည့်နေကြလေသည်။
အကိုပြည့်စုံဘနှင့် ဘုန်းစည်တို့လည်း ပြန်သွားကြတာမို့ ကျတော်ကတော့ ကိုကို့အနားသို့ပင် ကပ်နေမိလေသည်။
နေ့လယ်စာ စားချိန်သို့ ရောက်လာသောအခါ ပြခန်း၌ လူပိုစည်လာပေမယ့် ကျတော်နှင့် ကိုကိုကတော့ နေ့လယ်စာ စားရန် ပြခန်းထဲက ထွက်လာခဲ့လေသည်။
"သားကြီး နှင့် အငယ်ကောင်"
ပြခန်းအပြင်၌ ရပ်နေသော ဖေဖေက လှမ်းခေါ်လိုက်တာကြောင့် ကျတော်တို့ နှစ်ယောက်သား တယောက်လက်ကို တယောက် အလိုလို ဆုပ်ကိုင်မိလျက်သား ဖြစ်သွားရလေသည်။
ဖေဖေက ကျတော်တို့ နှစ်ယောက်ဆီသို့ လျှောက်လာလေသည်။
Author Thinn Thinn Su Hlaing
4:28AM