တို့....အတူ (BL Fic)
အပိုင်း(၂၆)
အခုတလော ကျတော် ကိုကို့အတွက် ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာတွေကို ချက်ပြုတ်တတ်အောင် သင်ယူနေတာမို့ လတ်တလော အလုပ်မရသေးသည့် ကိုကိုက ကျတော်သိလိုတာမှန်သမျှကို သူသိသမျှ ပြန်ပြီးမျှဝေသည်။
"အခုတလော စီးကရက် မကြိုက်တော့တာလား ဟင်? ကိုကို့သည်းငယ်လေး"
ကိုကိုနှင့်အတူတူ ဖက်ထုပ် အရွက်လေးထဲကို အသားပေါင်းလေးတွေ ထည့် ပြီး ပုံစံလှလှ လုံလုံလေးဖြစ်အောင် ကြိုးစားပြီး ထုတ်ရင်းကနေ ကိုကို့စကားကြောင့် စီးကရက်ကို သတိရမိသွားသည်။ဟုတ်သားပဲ ကျတော် စီးကရက်သောက်ဖို့ကိုတောင် မေ့နေခဲ့တာပဲ လို့ တွေးမိသွားသည်။
"မကြိုက်တော့တာလို့လည်း မဟုတ်ပါဘူး ကိုကိုရယ် အခုတလော ကျတော် အလုပ်တွေရှုပ်ပြီး စီးကရက်သောက်ဖို့ကို မေ့နေမိလို့ပါ"
ကိုကို့မျက်နှာလေးက ပြုံးသွားတာကို မြင်လိုက်ရသည်။ဟုတ်လည်း ဟုတ်သည် အခုတလော ကျတော့်အနေနှင့် ကိုကို့ကို ဘယ်လို အကူအညီမျိုးတွေ ပေးရမလဲ?လို့ပဲ တွေးနေမိလို့ ထင်သည်။စီးကရက်တွေကို မေ့နေမိသည်။
ဒါကို ကိုကိုလည်း သဘောကျပုံရပါသည်။
"ကဲ ဖက်ထုပ်လေးတွေကို ပေါင်းလို့ ရပါပြီ။"
ကိုကိုက ပြောပြောဆိုဆိုနှင့် ဖက်ထုပ်လေးတွေကို ပေါင်းဇကာလေးထဲသို့ ထည့်လိုက်သည်။
"ကျတော်လုပ်မယ် ကိုကို ဒါမှ ကျတော် လုပ်တတ်ပြီး ကျွမ်းကျင်သွားမှာ"
ကျတော့် စကားလေးကြောင့် ကိုကိုက ကျတော့်လက်ဖဝါးလေးတွေကို လှမ်းကိုင်လိုက်လေသည်။
"ကိုကိုကလေ သည်းငယ်လေးကို အဲ့ဒီလိုတွေ ခိုင်းစားဖို့ ခေါ်လာခဲ့တာ မဟုတ်ဘူး။ကိုကိုပဲ လုပ်တော့ပဲ လက်လေးတွေ ကြမ်းကုန်လိမ့်မယ်"
"ကျတော် ပဲ လုပ်မှာ ကိုကို၊ကိုကို့ကို ဟိုတယ် တခုခုမှာ မန်နေဂျာ ဖြစ်အောင် ကျတော်က အစားကောင်းကောင်း ချက်ကျွေးပြီး ပံ့ပိုးပေးမယ်"
"ဘာတွေဖြစ်နေတာလဲ? သည်းငယ်လေးရဲ့ ကိုကို ပန်းချီကားတွေ ရေးမှာပေါ့။သူများဝန်ထမ်းမလုပ်ပါဘူး။အခုတလော ကိုကို သစ်ပင်၊ပန်းပင်စိုက်တာကို သင်ယူနေတယ်။ကိုယ်ပိုင်ပျိုးခြံလေး တခု လုပ်မလို့"
"ရပါတယ် ကိုကိုကြိုက်တဲ့ အလုပ် လုပ်ပါ။ကျတော်ကတော့ ကိုကို့ကို ပံ့ပိုးနေမှာပဲ"
"ကဲ ကဲ သဘောဗျာ၊သဘော၊အဲ့ဒီအစား ညနေစာကျ ကိုကိုချက်ကျွေးမှာနော်"
"ဟုတ်ကဲ့ပါ ကိုကိုရဲ့
လာ ဖက်ထုပ်ဟင်းရည်လေး အပေါ့၊အငံ မြည်းေပးပါဦး"
ကိုကိုက ကျတော့်လက်ရာ ဖက်ထုပ်ဟင်းရည်၏ အရသာကို မြည်းကြည့်နေလေသည်။
"တခုခုလိုနေသေးသလိုပဲ"
"ဘာလိုတာလဲဟင်ကိုကို"
"ငရုတ်ကောင်း"
ကျတော်ပြောလိုက်တော့မှ အောင်ရဲသူက ပြုံးစိစိ၊ ရှက်ကန်ကန် မျက်နှာလေးနှင့် ငရုတ်ကောင်းဗူးကို ယူကာ ငရုတ်ကောင်းတွေ စွတ်ထည့်နေတော့သည်။
"တော်လောက်ပြီ သည်းငယ်လေးရဲ့ အများကြီးထည့်စရာ မလိုဘူး။နည်းနည်းဆို ရပြီ"
"ဟုတ်ကဲ့ကိုကို"
"ကဲ ဒီလောက်ဆို အဆင်ပြေပြီ၊လာ စားကြစို့"
"ဟုတ်ကဲ့ ကိုကို"
ချက်ရပြုတ်ရသည့် အလုပ်က ကျွမ်းကျင်သွားရင်တော့ မသိပေမယ့် မကျွမ်းကျင်သေးခင်တော့ နည်းနည်းခက်သည်။အသားတွေ ကိုင်ရတာပင် ချွေးပြိုက်ပြိုက်ကျရသည်။
ကျတော် တခါမှ မလုပ်ဖူး၍ ထင်ပါသည်။
ကိုကိုက မလုပ်နဲ့ လို့ အကြိမ်ကြိမ်အခါခါ နားချပေမယ့် ကျတော်က ယောက်ျားပီပီ ကိုယ်ဆုံးဖြတ်ထားသည့် အရာတခုကို ဖြစ်အောင် လုပ်ကြည့်ချင်စိတ်က ပိုများနေသလို ၊ကျတော် ချစ်ရသည့် ထိုယောက်ျား သား တယောက်အတွက် ချက်ပြုတ်ပြီး ကျွေးချင်စိတ်ကလည်း များေနတာကြောင့် ပင်ပန်းပေမယ့် လုပ်ဖြစ်ခဲ့သည်။
အခုပဲ ကြည့်လေ။ကျတော် ချက်ထားသည့် ထမင်းနှင့် ဟင်းကို ကိုကိုက မြိန်မြိန်ကြီး ပင် စားနေသည်။ချစ်လိုက်တာ ကိုကိုရာ။
"ဟင် ကိုကို မေးနေတာကိုလည်း မဖြေဘူး။ဘာတွေ တွေးပြီး ပြုံးစိစိ လုပ်နေတာတုန်း"
"ဗျာ ဘာမှ မတွေးပါဘူး အဟင်းဟင်း၊ဒါနဲ့ ကိုကိုက ဘာမေးလိုက်တာလဲဟင်"
"အော် ညနေကျ ဘာဟင်းစားချင်လဲ?ကိုကို့ သည်းငယ်လေး "
"ကိုကို ချက်ကျွေးရင် ကျတော်က ဘာပဲဖြစ်ဖြစ် ကြိုက်တယ်"
"အဟင်းဟင်း ငရုတ်သီးချက်ဆိုရင်ရော"
ကျတော် အစပ်မစားနိုင်တာ သိရဲ့နှင့် ကိုကိုက ကျီစယ်နေလေသည်။
"ကိုကိုသာ ကျွေးရက်ရင် ကျတော်က စားရမှာပေါ့"
ကျတော်၏ ဒရမ်မာကင်း ပြောဟန်၊ဆိုဟန်ကြောင့် ကိုကိုက နှစ်နှစ်ခြိုက်ခြိုက်ရယ်နေသည်။
"အလကား နောက်တာပါ ကိုကို့သည်းငယ်လေး မကြိုက်တာကို ကိုကိုက စိတ်ကူးနှင့်တောင် မကျွေးရက်ဘူး"
လို့ ကျတော့် မျက်နှာလေး၏အနားနားသို့ ကပ်ကာ တိုးတိုးလေးပြောနေလေသည်။
ကျတော် ပြုံးနေမိသည်။ပျော်လည်း ပျော်သည်။
ပြန်တွေးကြည့်တော့ ကျတော်က ငယ်ငယ်တုန်းကဆိုလည်း ကိုကိုနှင့် နှစ်ယောက်တည်း အတူတူ ရှိနေရရင် ပျော်နေတတ်ခဲ့တာပဲ။
ဖေဖေသာ ခွဲခြား၊ခွဲခြား လုပ်ပြီး မဆက်ဆံခဲ့လျှင် ကျတော် ကိုကို့ကို ပြိုင်ဆိုင်ဖို့ ကြိုးစားခဲ့လိမ့်မည် မဟုတ်ပေ။
အခုကျ ဖေဖေက ကိုကို့ကို မြှောက်စားခဲ့တာတွေက ခိုင်းစားဖို့ သက်သက်သာ ဖြစ်နေမှန်း သိလိုက်ရသည်။ဒါကို ကိုကိုသာ သိရင် ဘယ်လောက်တောင် ရင်နာနေလိမ့်မလဲ?တွေးရင်း တွေးရင်း ကိုကို့ကို ချစ်ရသည့် အပြင် သနားသည့် စိတ်က ကျတော့် နှလုံးအိမ်ကို ဆွဲကိုင်လှုပ်နေလေသည်။ဪ ကိုကိုရယ်......။
"ညီလေး ဘောလုံးကန်နေတဲ့ ပန်းချီကားလေ မှတ်မိလား?"
"ဟုတ်ကဲ့ မှတ်မိတယ် ကိုကို"
မှတ်မိတာပေါ့ အဲ့ဒီနေ့က ဖေဖေ ကျောင်းလာပြီး အားပေးဖို့ကို ကျတော်က အထပ်ထပ် မှာကြားပြီး ကျောင်းကို ထွက်လာခဲ့တာ။ဒါပေမယ့် ကျတော် စ ကစားကတည်းက ပွဲပြီးသည် အထိ ဖေဖေက ရောက်မလာခဲ့ပါဘူး။
ကိုကိုကတော့ ပွဲ စ ကတည်း ရောက်လာပြီး ကျတော့်ကို အားပေးခဲ့တာ ပွဲပြီးသွားတဲ့ အထိပင်။ထိုနေ့က ကျတော်တို့ အသင်း နိုင်လည်း နိုင်ခဲ့သည်။
"အဲ့ဒီတုန်းက ညီလေးကို ပန်းတွေ လာပေးတဲ့ ကောင်မလေးနဲ့ရော နောက်ပိုင်းတွေ့ဖြစ်သေးလား?"
ကိုကို့မေးခွန်းကြောင့် ကျတော် ပြန်စဉ်းစားကြည့်မိသည်။ထိုနေ့က ကျတော့်ကို ပန်းတွေဘယ်သူလာပေးတာပါလိမ့်။
.............
ပွဲကြည့်စင်ကို လှမ်း လှမ်းကြည့်တိုင်း ဖေဖေ့ကို မတွေ့ရပဲ ကိုကို့ကိုသာ တွေ့နေရသည်။
ဖေဖေက အဲ့ဒီလိုပဲ ကျတော် ကြိုးစားသည့်နေရာ၊ကျတော် စိတ်ပါလက်ပါ လုပ်သည့် နေရာမျိုးတွေမှာ ဆို လာပြီး အားပေးတာမျိုးတွေ ၊ဘာတွေ လုပ်လေ့မရှိဘူး။
ပြီးရင် သူထူးချွန်စေချင်သည့် နေရာမျိုးမှာ မထူးချွန်တိုင်း လူညံ့လို့ အလွယ်တကူ တံဆိပ်ကပ်ပစ်လေ့ရှိတတ်သည်။
"အောင်ရဲသူ စိတ်နှင့် လူ ကပ်ထားလေ။ဘာပဲဖြစ်ဖြစ် ငါတို့နိုင်မှ ဖြစ်မှာ"
အသင်းခေါင်းဆောင်က ကပ်ပြီးသတိပေးသွားတာကြောင့် ဖေဖေ့ကို မျှော်နေသည့် စိတ်ကို ရပ်ပစ်လိုက်သည်။ဖေဖေက ဘယ်တုန်းက လာအားပေးဖူးလို့လဲ?
ဖေဖေ မလာဘဲနှင့် ပြိုင်ခဲ့ဖူးသည့် ကစားပွဲပေါင်းလည်း များခဲ့ပြီလေ။ငယ်ငယ်တုန်းက မုန့်စားပြိုင်ပွဲကနေ အခုထိပေပဲ လို့ တွေးကာ ဘောလုံးကွင်းထဲကိုသာ အာရုံစိုက် ပြီး ကစားဖြစ်သည်။
ကျတော်တို့အသင်း နိုင်သွားတော့ ကိုကိုက ကွင်းထဲကို ဝင်လာပြီး ကျတော့်ကို ပွေ့ဖက်ကာ အားပေးနေသည်။တော်သေးသည် မိသားစုထဲမှာ ကိုကိုတယောက်တော့ အမြဲတမ်း ကျတော့်ဘက်
မှာ ရိှနေပေလို့ပဲ။
"ဟေ့ အောင်ရဲသူ"
"ဟိုင်း .....မဒီ"
"နင့်ကို ပေးချင်တာ မပေးရဲလို့တဲ့လေ ငါ့သူငယ်ချင်းက ပေးခိုင်းလိုက်တာ"
အဝါရောင် နှင်းဆီပန်းတွေ တပွေ့ကြီး က ကျတော့်လက်ထဲ ကို ရောက်လာလေသည်။ကျတော် ပျော်သွားကို ဘေးက ကိုကိုက ငေးကြည့်နေလေသည်။
"နင့် သူငယ်ချင်းက ဘယ်သူတဲ့လဲ?"
မဒီက ဘာမှ ပြန်မဖြေရသေးခင်မှာ ပဲ ကိုကိုက ကျတော့်လက်ကို ဆွဲကာ
"ညီလေး အတွက် အအေးဗူး ဝယ်လာတယ်။ညီလေး သူငယ်ချင်းတွေ အတွက်ရောပဲ ။လာလာ သွားဝေပေးလိုက်အုံး"
ကျတော်တို့ အသင်းသားတွေ အတွက်ပါ အအေးတွေ ဝယ်လာသည်ဆိုတာကြောင့် ကျတော်လည်း ဝမ်းသာအားရပင် ပန်းစည်းကို ကိုကို့လက်ထဲသို့ ပေးထားခဲ့ကာ အအေးဗူးတွေဆီသို့သာ ပြေးထွက်လာခဲ့မိလေသည်။
အဲ့ဒီနေ့က အိမ်ကိုပြန်ရောက်တဲ့ အထိ နှင်းဆီပန်း အဝါရောင်တွေကို ပြန်မတွေ့ရတော့ချေ။
.............
"အဲ့ဒီ သူငယ်ချင်းက သူများအစား လာပေးပေးတာပါ ကိုကိုရဲ့ သူနဲ့လည်း ကျောင်းပြီးကတည်းက ပြန်မတွေ့ရတော့ဘူး"
ကိုကိုက ကျတော်၏ နဖူးပေါ်က ဆံနွယ်လေးတွေကို တယုတယနှင့် ကိုင်ကြည့်နေလေသည်။
"ဒါနဲ့ ကိုကို့ကို မေးမယ်၊မေးမယ်နဲ့ ကျတော် မေ့၊မေ့နေလို့ မမေးလိုက်ရဘူး"
"အင်း မေးလေ"
"အဲ့ဒီပန်းတွေ ဘယ်ရောက်သွားတာလဲဟင် ?ကိုကို ကျတော် အိမ်ရောက်တော့ ကားထဲမှာ လိုက်ရှာတာလည်း မတွေ့
တော့ဘူး"
ကိုကိုက ကျတော့်မျက်နှာလေးကိုကြည့်ကာ ပြုံးစိစိလုပ်နေသည်။
တန်တော့ ကျတော်သိသွားပြီ။
"ကိုကို လွှင့်ပစ်တာလား?"
"မဟုတ်ပါဘူး။အဲ့ဒီ ညီမလေးကို ပြန်ပေးလိုက်တာ"
"ဟင်၊ကိုကိုက ကိုကိုက အဲ့ဒီကတည်းက"
ကျတော်က တအံ့တဩပေမယ့် ကိုကိုကတော့ ခပ်တည်တည်ပါပဲ။
"ဟုတ်တယ် အဲ့ဒီကတည်းကပဲ သည်းငယ်လေးကို ဘယ်လို အပိုင်သိမ်းရမလဲ?ပဲ အမြဲတမ်းတွေးနေခဲ့တာ'"
"ကိုကိုက ပန်းတွေ ပြန်ပေးတော့ မဒီက ဘာပြောလဲ?"
"ဘာမှ ပြန်မပြောပါဘူး"
.........
"ဟေး ညီမလေး"
ကောင်မလေးက ဖြူဖြူသေးသေးသွယ်သွယ်လေးနှင့် စကတ်တိုတိုလေးကို ဝတ်ဆင်ထားသည်။ဆံပင်ဖြောင့်ဖြောင့်လေးက ပခုံးပေါ်ထိ ကျနေသည်။ချစ်စဖွယ်လေး။
"ရှင်"
"အောင်ရဲသူကို ပေးထားတဲ့ ပန်းတွေလေ ၊အဲ့ဒါတွေ မင်းကိုပြန်ပေးလိုက်ချင်လို့"
"ရှင် ဟိုလေ"
"သူငယ်ချင်းက ပေးခိုင်းတယ်ဆိုတာ အလကား ပြောတာ မဟုတ်လား?မင်းက ကိုယ်တိုင်ပေးလည်းပေးချင်တယ်။ပေးလည်း မပေးရဲလို့လေ"
'အဲ့ဒါ အကိုနဲ့ မဆိုင်ပါဘူး"
"ဟုတ်ပါတယ် အဲ့ဒါကတော့ အကိုနဲ့ မဆိုင်ပါဘူး။အခု အကိုနဲ့ ဆိုင်တာကိုပဲ ပြောတော့မယ်၊အောင်ရဲသူက အကို့ချစ်သူပဲ"
"ဟင် ဘာ ဘာပြောတာလဲ?"
"သူကတော့ သူ့အကိုလို့ပဲ ပြောထားမှာပေါ့၊ဒါပေမယ့် မင်းစဉ်းစားကြည့်လေ။ဘယ်လိုအကိုကများ ညီတွေ၊ညီမတေွကို ဒီလောက်အထိ ဂရုစိုက်လို့လဲ?"
"အဲ့ဒီတော့ ဘာဖြစ်လဲ ပန်းလေးပဲပေးမိတာကို၊ပေးပေး သူမယူချင်လည်း ပြန်ယူသွားမယ်"
ကောင်မလေးက စိတ်ဆိုးမာန်ဆိုးနှင့် ပန်းတွေကို လက်ထဲကနေ ဆွဲယူသွားလေသည်။
ဒေါသတကြီး ထွက်သွားသော ကောင်မလေး၏နောက်ကျောလေးကိုကြည့်ကာ ပြုံးလိုက်မိသည်။တရန်တော့ ရှင်းသွားချေပြီ။
.............
"အား ကိုကို ဘာလို့ အဲ့ဒီလိုကြီး ပြောခဲ့တာလဲ?"
"ပြောချင်လို့ကို ပါးစပ်အရသာခံပြီး ပြောပစ်ခဲ့လိုက်တာလေ"
"အဲ့ဒါကြောင့်မို့လို့ အောင်ရဲသူက စပွန်ဆာဘဲကြီးနဲ့ တွဲနေတာဆိုပြီး ပြောကြတာကိုး ၊တရားခံကို ခုမှ သိတော့တယ်၊ကိုကိုပဲ ဖြစ်နေတာကိုး"
"အဲ့ဒီတော့ ဘာဖြစ်လဲ? သည်းငယ်လေး မကြိုက်ဘူးလား?"
ကျတော် ကိုကို့ရင်ဘတ်တွေကို ထုနေရင်းကနေ ကိုကို့မေးခွန်းကြောင့် စိတ်ဆိုးရခက်ခက်ပင်။
"မကြိုက်ဘူးလားလို့?"
'အား ကြိုက်တယ်၊ကြိုက်တယ်"
ပြောရင်းဆိုရင်းကပင် ကိုကို့ကို ဆွဲလှဲလိုက်သည်။
တယောက်ကို တယောက် အကြာကြီးငေးကြည့်နေမိကြလေသည်။
ကိုကိုဟာလေ။
"ပြွတ်"
ကျတော်က နမ်းလိုက်တာကြောင့် ကိုကိုက ပြုံးသွားလေသည်။ပြီးတော့ ကိုကိုက ကျတော့်ကို ပြန်နမ်းလိုက်သည်။ နှစ်ယောက်သား အကြာကြီး နမ်းနေမိကြလေသည်။
Author Thinn Thinn Su Hlaing
6:42 AM