တို့......အတူ (BL Fiction)
အပိုင်း(၁၁)
မနက် ခင်း မိုးလင်းပြီ ဆိုတာနှင့်
ဘုန်းစည်က အရင်ဆုံး နိုးလာလေ့ရှိသည်။ဘုန်းစည် ထမင်းပေါင်းအိုးတည်နေသည့် အသံ သိုးသိုးသန့်သန့် လေး လောက်ကြားရသည် ဆိုရင်ပဲ ကျတော်ကပါ အိပ်ရာက ထပြီး လောလောလတ်လတ် စားဖို့ အတွက် မနက်စာ ပြင်ရသည်။
ဘုန်းစည်ကတော့ ထမင်းပေါင်းအိုးကျက်သွားရင် နေ့လယ်စာ ဟင်းအတွဲ၊အစပ်တွေကို ချက်လေ့ရှိသည်။
တကယ်ဆို ဘုန်းစည်၏ မိဘနှစ်ပါးက ဘုန်းစည် အထက်တန်းကျောင်း တက်စဉ်ကတည်းက ဆုံးပါးသွားခဲ့လေသည်။
ဘုန်းစည်၏ ဖခင်က ကျတော့် အကို အရင်းဖြစ်သည်။ထို့ကြောင့် သာ ဘုန်းစည်က ကျတော့်တူလေး ဖြစ်လာခဲ့ပေမယ့် သူ့အသက်(၅)နှစ်အရွယ်က မိဘမဲ့ဂေဟာကနေ မွေးစားလာခဲ့တာမို့
တကယ့် သွေးသားတော်စပ်မှုကို စစ်ကြည့်လိုက်ရင် ဘုန်းစည်နှင့် ကျတော်က ဘာတော်စပ်မှု မှ မရှိပေ။
"ဦးပြည့်စုံ ဒီနေ့ မယ်ဇလီရွက် ဆန်လှော်ဟင်းရည် ချက်မယ် စားမလား?"
"အေး ချက်ကွာ စားတာပေါ့"
ဆင်းဒဝှစ် လုပ်ရန်အတွက် ခရမ်းချဉ်သီး လှီးရင်းကနေ ကျတော် ဘုန်းစည်ကို လှမ်းကြည့်လိုက်သည်။
တီရှပ် အနက်ရောင် လေးကို ဝတ်ဆင်ထားသည့် ဘုန်းစည်က ငါးခြောက်တွေကို ခုတ်ထစ်နေသည်။ မယ်ဇလီရွက်ဆန်လှော်ဟင်းရည် ထဲသို့ ထည့်ရန်ပင် ဖြစ်လိမ့်မည်။
ကျတော့် အရပ်အမောင်းထက်ပင် အနည်းငယ် ရှည်ပြီး လူကောင်ထွားလာတာမို့ သူတောင် တော်တော် အရွယ်ရောက်လာပြီပဲလို့ တွေးလိုက်မိသည်။
ကျတော် မနက်စာပြင်ပြီးသွားသည်အထိ ဘုန်းစည်က ချက်လို့၊ပြုတ်လို့ မပြီးသေးချေ။
ဒီနေ့က ကျောင်းဖွင့်သည့် နေ့ဖြစ်တာကြောင့် ပန်ပန်နှင့် ဒီဒီတို့ကို နှိုးတာကအစ၊ရေမိုးချိုးပေးတာ၊မနက်စာ ကျွေးတာ၊အဝတ်အစား ဝတ်ပေးတာတွေ အဆုံး ကျတော်လုပ်ရတော့မည်။
"ပန်ပန် သမီး ထတော့"
အိပ်ချင်မူးတူး အရုပ်မလေးလို အိပ်ရာထက်ကနေ ပန်ပန်က ထလာသည်။
"သမီးမောင်လေးကို နှိုးပြီး ရင် ရေချိုးခန်းထဲကို လိုက်လာခဲ့နော် သမီး"
သူတို့ကို အဲ့ဒီလိုသာ ပြောပြီးရေချိုးခန်းထဲကို ပြေးကာ ရေချိုးခန်းကို သန့့်ရှင်းရေး လုပ်ထားရသေးသည်။
"ဖေဖေ ဒီဒီက နိုးနေရဲ့သားနှင့် မထဘူးတဲ့လေ လာပါဦး"
ကလေးတွေနဲ့ ဆိုတော့ အဲ့ဒီလိုပါပဲ။ချိန်ကိုက် ထားလို့ မရဘူး ဖြစ်တတ်သည်။
ပန်ပန့်စကားကြောင့် ဒီဒီ့ အခန်းထဲကို ဝင်သွားလိုက်ပြီး။
"သားရေ ဒီဒီ ထတော့လေ။ကျောင်းသွားရမှာကို။လာ ထ ရေချိုးကြစို့"
"မချိုးချင်ဘူး။ကျောင်းလည်း မသွားချင်ဘူး"
"ကျောင်းသွားရင် သားကြိုက်တဲ့ ဝက်ဝံ ထမင်း လုံးလေးတွေ ဖေဖေလုပ်ထားမှာနော်"
သူ့အကြိုက်လေးနဲ့ မျှားလိုက်မှ အိပ်ရာပေါ်ကနေ ငေါက်ကနဲ ထထိုင်သည်။
ရေချိုးနေရင်း ကစားနေကြလို့ မနည်းပြီးအောင်ပင် ဆွဲရဲကာ ရေချိုးေပးရသည်။
ပြီးတော့ နှစ်ယောက်သားကို ဆွဲ လာပြီး သနပ်ခါး လိမ်းပေးကာ အဝတ်အစား ဝတ်ပေးရသည်။
ပြီးတော့ မနက်စာကိုလည်း ဝင်အောင် ပုံပြင်ပြောပြရင်း ချော့ကျွေးရသည်။
အဲ့ဒါတွေ အားလုံး ပြီးပြီဆိုရင်၊
"ပန်ပန်၊ဒီဒီ စာအုပ်တွေ စုံရဲ့လား လွယ်အိတ်တွေစစ်ခဲ့ ၊လာ ကိုကို လိုက်ပို့ပေးမယ်"
ဘုန်းစည်က ကျောင်းကား ရှိရာသို့ လိုက်ပို့ပေးလိမ့်မည်။ကျတော်လည်း မနက်စာကို ကပျာကယာစားကာ သွားဆေးခန်းသို့ ပြေးရသည်။
တော်သေးသည်။ကျတော်၏ လက်ထောက် သွားဆရာဝန်နှင့် သူနာပြုတွေက ကျတော့် လူနာတွေကို ထိန်းထား ပေးလို့ ဖြစ်သည်။ကျတော်က ဆေးရုံအုပ်ဆိုပေမယ့် မဆိုစလောက်လေး မှီရုံလေး၌ပင် ရောက်ရောက်သွားရသည်။
"ဆေးရုံအုပ်နှင့် ချိန်းထားသည့် လူနာ ရောက်နေပါပြီ"
"အေး၊အေး၊ဝင်လာခိုင်းလိုက်ကွာ"
..........
တမနက်လုံး လူနာတွေ တယောက်ပြီး တယောက် လာနေတာမို့ နေ့လယ်စာစားချိန်၊နားချိန် သို့ ရောက်မှပင် အနားရတော့သည်။
နေ့လယ်စာ စားချိန်၌ အိမ်ကို ပြန်ဖို့ လှမ်းတာကြောင့် နီးစပ်ရာ ဆိုင်တွေ မှာသာ စားရသောက်ရသည်။
သွားဆေးခန်း လေးက ကိုယ်တိုင်ဖွင့်ထားတာမို့ ဆေးရုံအုပ်လို့ ခေါ်ပေမယ့် တကယ့် ဆေးရုံ အကြီးကြီးလည်း မဟုတ်ပေ။
ဟော အောင်ရဲသူပဲ။
လက်ထောက်ဆရာဝန်နှင့် သူနာပြုဆရာမလေးတွေက ဒီနေ့စွတ်ပြုတ်သောက်ချင်ကြတာကြောင့် သူတို့က စွပ်ပြုတ်ဆိုင်သို့ သွားကြသည်။
ကျ ေတာ်ကသာ ထမင်းကိုပဲ စားချင်တာမို့ ထမင်းဆိုင်ကို ရွေးပြီး တယောက်တည်း လာခဲ့မိသည်။
အဲ့ဒီမှာ အောင်ရဲသူကို တွေ့လိုက်ရသည်။
"ဘာလာလုပ်တာလဲဟင် ?ညီလေး"
တယောက်တည်းထိုင်နေသော အောင်ရဲသူ၏ နဲဘေးက ခုံလေးမှာ ဝင်ထိုင်လိုက်သည်။
"ဟော အကိုပြည့်စုံ။
ကျတော် နေ့လယ်စာ လာစားတာလေ။ဒီနားက ကန်ဘောင်လေးမှာ ပန်းချီလာဆွဲရင်းနှင့်လေ"
"မှာပြီးပြီလား?"
စားပွဲပေါ်က မီနူးကို ဖတ်ကြည့်ပြီး အောင်ရဲသူကို မေးလိုက်မိသည်။
"ကျတော်က မှာပြီးသွားပြီ အကို"
နှာတံလုံးလုံး ၊နှုတ်ခမ်းဖူးဖူးလေး၊ပါးဖောင်းဖောင်းလေးနှင့် အောင်ရဲသူက ချစ်စဖွယ်လေး ဖြစ်လို့နေသည်။
"အကို့ကို ပုစွန်ထောပတ် ထမင်းရယ်၊ကိုက်လန်ကြော်ရယ် အရင်ပေးနော်။ကျန်တာနောက်မှ မှာမယ်"
အနီးမှာ ရပ်နေသော စားပွဲထိုးကောင်လေးကို နေ့လယ်စာ မှာနေရင်းက အောင်ရဲသူဆီကိုပဲ မျက်လုံးကရောက်ရောက်သွားသည်။တီရှပ်အဖြူလေးနှင့် ဂျင်းဘောင်းဘီကို တွဲဝတ်ထားရုံလေးကို ကောင်လေးက ကြည့်လို့ကောင်းသည်။
"ဟုတ်ကဲ့ အကို"
စားပွဲထိုးကောင်လေး ထွက်သွားတော့ အောင်ရဲသူရယ်၊ကျတော်ရယ်ပဲ စားပွဲမှာ ကျန်ရစ်ခဲ့သည်။
"ပန်းချီ ပြန်ရေးနေပြီလားဟင်?"
"ဟုတ်ကဲ့ အကို ကျတော် ပြန်ရေးနေပါပြီ"
"ညီလေးရဲ့ ရေးတဲ့ ဟန်ပန်လေးတွေကို အကိုကြိုက်တယ်"
အောင်ရဲသူ၏ မျက်နှာလေးက ဝင်းလက်သွားသည်။သူပျော်အောင်ပြောနေတာ မဟုတ်ပေမယ့် သူပျော်သွားတော့လည်း ကျတော့်မှာ ဝမ်းသာရသည်။
"အောင်ရဲသူရဲ့ဖေဖေရော နေကောင်းနေပြီလား?"
"ကောင်းသွားပါပြီ ဗျ"
ခဏအကြာ၌ စားစရာတွေ လာချပေးတော့ အငွေ့တထောင်းထောင်းနှင့် စားချင်စရာ ကောင်းလှသည်။ဒီဆိုင်က ကျတော်တို့လို ရုံးချိန် စားသုံးသူတွေ၏ကြားမှာလဲ ရေပန်းစားသည်။
အောင်ရဲသူက ကြည့်ကောင်းသည်။
အောင်ရဲသူက ချစ်စရာကောင်းသည်။
အောင်ရဲသူက တောက်ပနေသည်။
မြတ်ဘုန်းရှိန်က တလျှောက်လုံး ပြောပြောနေသည့် ညီလေးဆိုသူကို အောင်ရဲသူမှန်း မသိခင်ကတည်းက တောင်တက်အပန်းဖြေစခန်းအနီးက ခုံတန်းလျား လေးမှာ စ တွေ့ခဲ့ရပြီး မှတ်မှတ်ထင်ထင် စွဲမှတ်နေမိသူ ဖြစ်သည်။
ပြီးမှ ကျတော်တွေ့ခဲ့ရသည့် ကောင်လေးက မြတ်ဘုန်းရှိန် တဖွဖွ ပြောပြခဲ့ဖူးသည့် သူ့ညီလေး ဆိုသူမှန်းသိလိုက်ရသည်။
ကျတော် ဘယ်လို လုပ်ရမလဲ?
ရူးတော့မယ်။
တခါတရံ နေ့တဒူဝ အလုပ်များ၌ အောင်ရဲသူ၏ အ ေကြာင်း အတွေးများကြောင့်ပင် ကယောင်ကတမ်းဖြစ်ခဲ့ရဖူးသည်။
အောင်ရဲသူက မြတ်ဘုန်းရှိန်ပြောခဲ့ဖူးသည့် အတိုင်း ပုစွန်ထုပ် ဟင်းနှင့် စားသည်။ကျတော် အလိုအလျောက်ပင် အောင်ရဲသူ အတွက် ပုစွန် အခွံေတွခွာပေးနေမိသည်။
"ဟင် ပြည့်စုံ ပါရောက်နေတာလား?"
ရုတ်တရက် ကျတော်တို့ အနီးကို မြတ်ဘုန်းရှိန်ရောက်လာလေသည်။ေအာင်ရဲသူအတွက် ပုစွန်ထုပ် ကို အခွံခွာပေးနေသည့် ကျတော့်ကြောင့် တော့ မြတ်ဘုန်းရှိန်က ဖျတ်ကနဲ မျက်နှာပျက်သွားလေသည်။ကျတော်လည်း အလိုလိုနေရင်း မလုံမလဲ ဖြစ်သွားရသည်။
"အေးကွာ။
ချိန်းထားရင် လွဲဦးမှာ ။နေ့လယ်စာ စားဖို့ လာရင်း ဒီမှာ မထင်မှတ်ပဲ လာဆုံနေတာ"
ဟု ကျတော်က ပြေရာ၊ပြေကြောင်း ပြောမိသည်။
ဒါပေမယ့် မြတ်ဘုန်းရှိန်က
"အိမ်မှာ ကိုကို ချက်ထားတယ် ကောင်လေးအကြိုက်ဟင်းတွေချည်းပဲ အိမ်ကျမှ အတူတူစားကြစို့နော်"
မြတ်ဘုန်းရှိန်၏ စကားကြောင့် စားရန်ပြင်နေသော အောင်ရဲသူက ဆက်မစားတော့ပဲ လက်စသတ်လိုက်သည်။
"ရှင်းမယ်"
မြတ်ဘုန်းရှိန်က ကျတော့်အတွက်ပါ ရှင်းပေးပြီးသည့်နောက် ကျတော့်ကို နှုတ်ဆက်ကာ အောင်ရဲသူ၏ လက်ကို ဆွဲပြီး ခေါ်သွားလေသည်။
ဘာလို့မှန်း သေချာမသိပေမယ့် ထိုမြင်ကွင်းကိုပဲ တနေကုန် ပြန်မြင်ယောင်ကာ အသည်းကွဲနေမိတော့သည်။
Author Thinn Thinn Su Hlaing
10:20PM
(အသည်းလေးတွေ ပေးခဲ့နော်)