တို့..အတူ (BL Fiction)
အပိုင်း(၆)
ကျတော်တို့ သားအဖ သုံးယောက် အတူတူ ညစာ စားနေချိန်မှာ တော့ ဖေဖေနှင့် အလုပ်ကိစ္စတွေကို မပြောဖြစ်ကြပေ။
ဒီနေ့ ညနေစာ ကို ဖေဖေ ခံတွင်းတွေ့ရဲ့လား?ဖေဖေ့ကျန်းမာေရးနှင့် အဆင်ပြေအောင် ဆား၊ဟင်းချိုမှုန့် လျော့ထည့်ရဲ့လား ဆိုတာကို လည်း နေ့စဉ် မြည်းကြည့်ရသည်မှာ ကျတော်၏ အလေ့အကျင့် တခု လိုပင်ဖြစ်နေလေပြီ။
ပြီးတော့ ညီလေး။ဒီကောင်လေး စားလို့ ဝင်ရဲ့လား?ဘာတွေတွေးနေလဲ?ဆိုတာကိုလည်း အမြဲတွေးကြည့်နေမိတတ်သည်။အခုတလောကျတော့ အလုပ်တခု ပိုလာလေပြီ။ဒီကောင်လေး ကျတော့် အကြောင်းကိုရော တွေးရဲ့လား?ဆိုသည့် မေးခွန်းပင် ဖြစ်သည်။
သူကြိုက်တတ်သည့် ပုစွန်ထုတ်တွေကို အခွံခွာပေးနေရင်းကနေ သူ့ကို တစေ့တစောင်း ခိုးကြည့်မိသည်။သူလန့်သွားမှာကိုလည်း စိုးရိမ်သည်။
သူဘာဖြစ်လို့ ကျတော့်ကို နေ့လယ်က နောက်ယောင်ခံ လိုက်နေခဲ့တာလဲ?လို့ တွေးမိပြန်တော့ ရင်ခုန်ရမလိုလို၊ရင်ဖိုရမလိုလိုပင်။
ညစာစား ပြီး၊သိမ်းဆည်း ပြီး သည့် အခါ ကျတော်က ဖေဖေနှင့် ခါတိုင်းညတွေလိုပင် စာရင်း တွေ ထည့်တာတွေ၊ဆွေးနွေးတိုင်ပင်တာတွေ လုပ်နေပေမယ့် စိတ်က ညီလေး ဆီကိုပဲ ရောက်၊ရောက်နေပြန်သည်။
ဒီဂျစ်ကန်ကန် ကောင်လေး ဘာတွေများ လုပ်နေပါလိမ့်မလဲ?ဆိုတာကို သိချင်
လာမိပြန်သည်။
ကျတော် ဒီအိမ်ကို စရောက်လာတော့ အသက်(၁၀)နှစ်ခန့်အရွယ်ရှိေနပြီဖြစ်သည်။ထိုအချိန်က ဖေဖေနှင့်
မေမေတို့မှာ သားသမီး အရင်းအချာရယ်လို့ မရှိသေးချေ။ကျတော့် ကို တရားဝင် မွေးစားပြီးချိန်မှာပင် စစ်စစ်မှန်မှန် ချစ်ခင်ကာ ဂရုစိုက် ပေးခဲ့ကြသည်။
နောက်တော့ သိပ်မကြာခင်မှာပင် မေမေ့ဆီမှာ ရင်သွေးလေး ရှိလာပြီဟူ၍ သိလိုက်ရသည်။စပြီး သိသိချင်း၌ ကျတော် သိပ်စိုးရိမ်မိသည်။ကျတော့်ကို မချစ်ကြတော့ ရင် ဘယ်လို လုပ်မလဲ?ဆိုပြီးတော့ပေါ့။
သို့ပေသိ ကိုယ်ဝန်ကြီး တကားကားနှင့်ပင် မေမေက ကျတော့်ကို ဂရုစိုက်မြဲ။ဖေဖေကလည်း ကျတော့်အတွက်ဆို အမြဲ အသင့်ရှိပေးနေမြဲပင်ဖြစ်သည်။အဲ့ဒီ အချိန်ကတည်း က မေမေတို့၊ဖေဖေတို့၏ ရင်သွေးလေးကို ကျတော်ကလည်း ချစ်ပေးရမည်ဟု ဆုံးဖြတ်ခဲ့သည်။
တကယ်လည်း ညီလေးက မွေးမွေးချင်း မှာပင် ပါးဖောင်းဖောင်းလေးနှင့် မျက်လုံးတောက်တောက်လေးနှင့် ချစ်စရာလေး ဖြစ်နေခဲ့သည်။ပြီးတော့ သူ့ကို မွေးမွေးပြီးချင်း မေမေက ဆုံးပါးသွားခဲ့သည်မို့ သိပ်ပြီးတော့လည်း သနားစရာ ကောင်းခဲ့သည်။အဲ့ဒီအချိန်မှာပင် ညီလေးကို စောင့်ရှောက်ပေးရမည်၊ချစ်ခင်ပေးရမည်ဆိုသည့် ဆုံးဖြတ်ချက်က ပိုပြီး ခိုင်မာလာခဲ့သည်။
သူ့ကို မွေးသည့် အချိန်မှာ ကျတော်က အသက်(၁၂)နှစ် ပြည့်လု၊ပြည့်ခင် အရွယ်ပင် ဖြစ်နေပြီ။
ညီလေး လူမှန်း သိတတ်လာတော့ ဖေဖေက ကျတော့်ကို အားကိုးတာ၊ကျတော့် ကို ဂရုစိုက်တာတွေကို သူ မကျေနပ်၊အမြဲတမ်း စူပုတ်ပုတ်၊ဂျစ်ကန်ကန်လေးနှင့် မျက်နှာလေးကို သုန်မှုန်ထားတတ်သည်။
တကယ်ဆို ဖေဖေကလည်း ချစ်ပေမယ့် သူ့ကို အားမလို၊အားမရ ဖြစ်ကာ ပြောမိ၊ဆိုမိတာတွေကို သူမကြိုက်တာသာ ဖြစ်သည်။
ငယ်စဉ် အချိန်တုန်းကတော့ သနားလည်း သနားပြီး ၊ညီလေး တယောက်လို တကယ်လည်း ချစ်ခဲ့မိသည်။ညီလေးကလည်း အကိုအရင်းတယောက်လိုပဲ တလျှောက်လုံး ထင်မှတ်လာခဲ့သည်။
သို့ပေမယ့် ကျတော့် အသက် သုံးဆယ်ကျော်လာသည့် အချိန်အထိ အလုပ်ရယ်၊မိသားစုရယ်။မိသားစုရယ်၊အလုပ်တွေရယ် နှင့်ပဲ လည်ပတ်လာခဲ့ပြီး
ဘာကြောင့် ဒီလို ဖြစ်နေရတာလဲ ?ဆိုတာကို အဖြေရှာကြည့်တော့ ကျတော့်မှာ ညီလေးကို ချစ်မိမှန်း မသိ၊ချစ်မိနေတာကို တွေ့လိုက်ရသည်။
အရွယ်ေရာက်လာသည့် ညီလေးက သူ့ရွယ်တူ အတန်းဖော်တွေအပေါ် စိတ်ကစားလျှင် ကျတော် သဝန်တိုမိသည်။သူ့ကို ဘယ်လို ဂရုစိုက်ရမလဲ?။သူပို ချစ်လာအောင်၊သူပို အားကိုးလာအောင်၊သူတခြား တစုံတယောက် အကြောင်း မတွေးနိုင်အောင် ဘယ်လို လုပ်ယူရမလဲကိုပဲ ကျတော် အမြဲတမ်းတွေးသည်။
အဲ့ဒီ လို သဝန်တိုရသည့် အကြောင်းတွေ၊မခံစားနိုင်သည့် အကြောင်းတွေကို ပြည့်စုံ ဆီမှာ အမြဲတမ်း ရင်ဖွင့်လေ့ရှိတာမို့ ကြာလာတော့ ပြည့်စုံကပင် ပြောလာသည်။
"မင်း သူ့ကို သဝန်တိုတာ ကြီးက မလွန်လွန်း ဘူးလား?"
"ဟင် ဘယ်လို လွန်တာလဲ?မိသားစုတွေက ဒီလိုပဲ ဖြစ်တတ်တာပဲ မဟုတ်ဘူးလား?"
"မဟုတ်ပါဘူး၊မင်းတို့ ချင်း က ညီအကို အရင်းတွေမှ မဟုတ်ပဲနဲ့ ၊မင်း သူ့ကို ချစ်ေနတာက တမျိုးကြီးပဲ ၊ကိုယ့်ကိုကိုယ်လည်း သေချာ ပြန်စဉ်းစားပါဦး မြတ်ဘုန်း ရာ"
သူ့စကားကြောင့် ကျတော် အချိန်ယူပြီး ကိုယ့်ကိုကိုယ် အမြဲတမ်း ဆန်းစစ်ကြည့်ပြီးသည့် အခါ အရမ်းလန့်သွားခဲ့ရသည်။
တော်သေးသည် အဲ့ဒီအချိန်မှာ ညီလေးက ဟိုပုန်း ဘက်သို့ ပန်းချီကားရေးရန်အတွက် ခရီး ထွက်နေချိန် ဖြစ်နေလို့ပင်။
သူ့အပေါ် ညီအကို လို မဟုတ်သည့် ခံစားချက်တွေ ရှိနေမှန်း သိလျှင် ကျတော့်ကို လန့်သွားပြီး တသက်လုံး မုန်းသွားမှာကို လည်း စိုးရိမ်မိသည်။
နောက်တော့ ညီလေးက ပြည့်စုံ၏အကြောင်းတွေကို ကျတော့်ဆီမှာ မေးလာသည့်အခါ
ကျတော် ဘယ်လိုမှ မထိန်းချုပ်နိုင်တော့ပဲနှင့် ကျတော်တို့က ညီအကိုတွေ မဟုတ်ကြသည့် အကြောင်းကို ပြောရင်း ချစ်သည့် အကြောင်းတွေကိုပါ ဖွင့်ပြောလိုက်မိသည်။
ပြီးတော့ သူ လန့်ပြီး ကျတော့်ဆီက ထွက်ပြေးသွားမှာကိုလည်း ကြောက်မိသည်။အသက် သုံးဆယ်ကျော်လာသည်အထိ အလုပ်တွေ နှင့် လည်ပတ်ရင်း အသက်ကြီးလာသည့် ကျတော့်မှာ အနီးဆုံးက ချစ်ရသူလေးကို ဖမ်းဆုပ်နိုင်ဖို့ ခက်ခဲနေရသည်။
အမြဲတမ်း အဖေနှင့် အကို လုပ်သူတို့ကို အရွဲ့တိုက်နေတတ်ပြီး စူပုတ်ပုတ်၊ဂျစ်ကန်ကန် နှင့် ကောင်လေးတယောက်ကို ချစ်မိသည်မှာ လွယ်တော့ မလွယ်ကူချေ။
"သားကြီး အဖေပြောတာ ကြားရဲ့လား?"
"ဗျာ"
"မနက်ဖြန်က စ ပြီး တည်းခိုခြံကို ဖွင့်ဖို့ လုပ်တော့ သား၊မထူးလည်း ဖွင့်တော့မှာပဲဟာ နော်"
"ဟုတ်ကဲ့ ဖေဖေ၊မနက်ဖြန်မှာ ဝန်ထမ်းေတွရွေးချယ်ပြီး ခန့်ဖို့ စီစဉ်ထားပြီးပါပြီ"
"အေး၊အေး ၊သား အိပ်ချေတော့၊အဖေလည်း နားတော့မယ်၊ဪ မနက်ကျ ပြခန်းထဲ ထည့်မယ့် သားရဲ့ ပန်းချီကားကိုလည်း ထုပ်ပိုးထားတော့ ဟုတ်ပြီလား?"
"ဟုတ်ကဲ့ပါ ဖေဖေ"
ကျတော် သိမ်းစရာ၊ဆည်းစရာ တွေကို သိမ်းဆည်းပြီး ဖေဖေ့ အလုပ်ခန်းလေးကို ပိတ်ခဲ့သည်။ပြီးတော့ ကျတော့် ပန်းချီခန်းလေး ဘက်ကို ထွက်လာခဲ့သည်။
တံခါးကို ဖွင့်လိုက်သည်။မီးခလုတ်ကို အမှောင်ထဲမှာ စမ်းပြီး ဖွင့်လိုက်သည်။မနက် ဖေဖေ့ပြခန်းထဲ၌ ထည့်ပြီး ပြသမည့် ပန်းချီကား ကို လှမ်းယူလိုက်သည်။
"ဟင်"
ကျတော့် စားပွဲပေါ်မှာ ညီလေး၏ပုံတွေကို ဆွဲထားသည့် ပန်းချီကားတွေကို ပြန့်ကျဲနေလျှက်သား တွေ့လိုက်ရသည်။
ဪ ....ဒါကြောင့် ပဲ သူနေ့လည်က နောက်ယောင်ခံ လိုက်လာတာကိုး ဟုတွေးလိုက်မိသည်။
မနက်အတွက် ပြခန်းထဲမှာ ပြသမည့် ပန်းချီကားကို သေချာထုပ်ပိုးပြီးသည့် နောက် ညီလေး အခန်းထဲသို့ ဝင်ပြီး သူ့ကို ရှာမိပေမယ့် ညီလေးက သူ့အခန်းထဲမှာ ရှိမနေပါ။
"အောင်ရဲသူ တယောက်ကတော့ ဘယ်များသွားေနပါလိမ့်"
လို့ တိုးတိုးလေးရေရွတ်လိုက်ပြီး သူစီးကရက် ခိုးသောက်နေကျ ဝရံတာ ထောင့်လေးဆီသို့ လိုက်သွားမိလေသည်။
ဟော....ထင်သည့် အတိုင်းပင်
ညီလေးက ဝရံတာထောင့်ချိုးလေး၌ စီးကရက် ခိုးသောက်နေလေသည်။
"ကိုကို့ ကိုလည်း တဖွာလောက်တိုက်ဦး"
.........
ကိုကိုက အဲ့ဒီလို လူတယောက်ပါ။သူကိုယ်တိုင်ကတော့ ချောကလက်ဖျော်ရည်ကိုလည်း မကြိုက်သလို၊
စီးကရက်ကိုလည်း မကြိုက်ပေမယ့် အဲ့ဒီအရာတွေကို ကျတော့်ဆီကနေ တဆင့် တောင်းယူပြီး မြည်းစမ်းရတာကိုတော့ ကြိုက်သူပါ။
ကျတော်ကိုကို့ လက်ထဲကို သောက်လက်စ စီးကရက်လိပ်လေးကို ထည့်ပေးလိုက်သည်။ကိုကိုက တဖွာလောက် ဖွာရှိုက်ပြီးကျတော့်ကို ပြန်ပေးသည်။
"ကိုကိုခဏ၊ခဏ ယူမြည်းပြီး ရှိုက်နေကျပဲ စီးကရက်သောက်ရတာကို မစွဲလမ်းဘူးလား?"
ကျတော့် စကားကြောင့် ပါးစပ်ထဲကနေ အခိုး၊အငွေ့တွေ မှုတ်ထုတ်နေရင်းကနေ ကိုကိုက ကျတော့်ကို လှမ်းကြည့်
သည်။
"ဟုတ်ပါရဲ့၊ကိုကို ဘာလို့ စီးကရက်တွေကိုမစွဲလမ်း တာပါလိမ့်၊ဖြစ်နိုင်တာက၊တခြား တခုခုကို စွဲလမ်းမိလို့ နေမှာပေါ့ ညီလေးရဲ့"
ကိုကို၏ အနှောင့်အသွား မလွတ်သည့် စကားကြောင့် ကျတော် ဘာပြောရမှန်း မသိပဲ ကိုကို့ကိုသာ ငေးကြည့်နေမိသည်။ကိုကိုက နောက်ယောင်ခံလိုက်သမားပဲ၊ကျတော် စီးကရက်ခိုးသောက်နေကျ နေရာကို သိသည်၊ကျတော် အထက်တန်းကျောင်းတက်တုန်းက ဘောလုံးကစားခဲ့တာကို သူသိသည်၊ကျတော် ပန်းချီဆရာ ဖြစ်ဖို့ ကြိုးစားနေတာကို သူသိသည်။
"ကျတော်တို့က ညီအကို အရင်းမဟုတ်ဘူးဆိုတာ တကယ်လား?"
"အဲ့ဒါက ညာရမယ့် ကိစ္စလည်း မဟုတ်ဘူး။ညီအကို အရင်းတွေဆိုလည်း ကိုကို့ဆီမှာ ဒီလို စိတ်ခံစားမှုတွေ ဖြစ်လာစရာ အကြောင်းမရှိဘူး"
ကိုကိုက ကျတော့်ကိုကြည့်ပြီး သေချာပြောပြနေတာမို့ တကယ့်အဖြစ်အပျက်ဆိုတာကို ကျတော်ယုံသည်။တကယ်တော့ ကိုကို စပြီး အသိပေးလိုက်ကတည်းက ကျတော် ယုံကြည်ပြီးသားဖြစ်နေပြီ။ကိုကို့တသက်တာမှာ ကျီစယ်ပြီး လိမ်ညာပြောခဲ့တာလည်း မရှိသလို၊အတည်ပေါက် လိမ်လည်ပြောဆိုတာလည်း မရှိခဲ့ဖူးချေ။
"နေ့လယ်က ကိုကို မရှိတုန်း ကိုကို့ ပန်းချီခန်းထဲကို ဝင်ခဲ့သေးလား?"
"ဝင်ကြည့်မိတာပါ ။ဘာရယ်မဟုတ်ဘူး"
ကိုကိုက ကျတော်နှင့် မျက်နှာချင်းဆိုင် ဖြစ်သည်အထိ သူ့မျက်နှာကို ကျတော့်မျက်နှာ အနီးသို့ တိုးကပ်လိုက်သည်။
"ပိုင်ရှင်မသိအောင် ခိုးဝင်ရင် အပြစ်ရှိတာကို ညီလေးမသိဘူးလား?"
"သိတယ် ကိုကို ဖယ်"
ကျတော်က ကိုကို့ကို တွန်းလွှတ်လိုက်ပေမယ့် ကိုကိုက ပိုပြီး တိုးကပ်လာသည်။
"အပြစ်ရှိရင် အပြစ်ပေးခံရမယ်လေ"
ပြောလည်းပြောရင်း ကျတော့်မျက်နှာကို ပါ သူ့လက်နှစ်ဖက်နှင့် ဆွဲယူကာ ရုတ်တရက် ကျတော့်နှုတ်ခမ်းလေးကို ဖိကပ်ကာ နမ်းလိုက်လေသည်။
"ပြွတ်"
"အာ ကိုကို။ကိုကိုက မှ အပြစ်ရှိတာ မဟုတ်ဘူးလား? ကျတော့်ကို နောက်ယောင်ခံလိုက်တာရယ်၊ကျတော်မသိအောင် ကျတော့်ပုံတွေကို ခိုးဆွဲတာရယ် ။ကိုကိုကမှ အပြစ်နှစ်ခုတောင် ရှိနေတာကို"
ကျတော်က သူ့ရင်ဘတ်ကို တွန်းကာ ခပ်စွာစွာလေး ပြန်ပြောတာကိုပင် ကြည့်ပြီး ကိုကိုက သဘောကျကာရယ်နေသည်။
"အပြစ်ကနှစ်ခုဆိုတော့ နှစ်ခါ အပြစ်ပေးခံရမှာပေါ့ ဟုတ်လား?
မကျေနပ်ရင် နှစ်ခါပြန်နမ်းလိုက်လေ
ကိုကို့ ကို"
ဒီတခါကျ ေတာ့ ရှက်သွားမိသည်က ကျတော်ပင်ဖြစ်နေသည်။ကျ ေတာ်စကားမှားပြီး ပြောလိုက်မိသည်။လက်မောင်းတွေ၊ဂုတ်ပိုးတွေ၊နောက်ကျောတွေမှာ ကြက်သီးမွှေးညှင်းလေးတွေပင် ထသွားရသည်။
"ကိုကို သွားအိပ်တော့ဗျာ"
"အဟင်း ၊ဟုတ်ပါပြီဗျာ၊စီးကရက်တွေ အများကြီး မသောက်နဲ့နော်၊စောစောအိပ်တော့ "
ကျတော့် ခေါင်းကို ကလေးသူငယ်လေးကို ပုတ်သလို ချစ်စနိုးနှင့် ပုတ်ကာ ကိုကိုက နှစ်နှစ်ခြိုက်ခြိုက် ပင် ပြုံးရယ်ပြီး
သူ့အိပ်ခန်းဆီသို့ ထွက်သွားလေသည်။
ကျတော်လည်း ရင်ဘတ်ထဲကနေ တမျိုးကြီး ခံစားလာရတာကြောင့်ပင် စီးကရက်ကို ပြာခွက်လေးထဲသို့ ထိုးချေပြီး အိပ်ရာထဲသို့ ဝင်လာခဲ့လေသည်။မနေ့ညက အိပ်ရေးပျက်ခဲ့တာမို့ ဒီညမှာတော့ အစောကြီး အိပ်ပျော်သွားရလေသည်။
Author Thinn Thinn Su Hlaing
9:12PM