တို့...အတူ(BL Fic)
အပိုင်း(၁)
ပြည့်စုံဘ
ရာသီက ဆောင်းဥတု တော့ မဟုတ်သေးသည့်တိုင် သစ်ပင်တွေ ၊လယ်တောတွေ၊အများအပြားရှိပြီး သစ်တောကြီး၏တောင်ခြေမှာ ရှိသည့် တောင်တက်အပန်းဖြေ စခန်းလေး၏ အပူချိန်မှာ လျော့နည်းကာ အေးမြနေသည်။
အေးမြနေသည့်ကြား က လေအေးလေးကလည်း တဖြူးဖြူး တိုက်ခတ်နေသည်မို့ စိမ့်ကာနေသည်။
ဘာပဲဖြစ်ဖြစ် အပူပိုင်းဒေသက
လာသည့် ကျတော့်အတွက် သိပ်သဘောကျစရာ နေ့အပူချိန်လေး ဖြစ်ခဲ့သည်။ဒီလို နေရောင်မမြင်နိုင်အောင် အေးစိမ့်နေသည့် နေ့အပူချိန်မျိုးကို နှစ်ခြိုက်မိသားနှင့် ဘာကြောင့်များ ကျတော့်လိုလူက အပူပိုင်းဒေသ၏ နယ်မြို့လေး တမြို့မှာ မွေးဖွားလာခဲ့ရပါသလဲ?။
အရင်ကဆို ကျတော့်မြို့လေးက အပူပိုင်းဒေသဖြစ်တာတောင် ကန်အကြီးကြီးရှိပြီး ရေခိုး၊ရေငွေ့ရသေးသည်။သို့သော် ကန်ကြီးကကောနေပြီ။မိုးဥတု မဟုတ်ရင် ရေမရှိတော့။ကန်ကြီးအတွက် ထိန်းသိမ်းစောင့်ရှောက်ခတွေ သိန်းထောင်နှင့်ချီကာ ချပေးထားသည့်တိုင် ဒီအတိုင်းပဲ ဖြစ်နေမြဲ။
အို တော်ပါပြီ၊ဒါတွေ ကို ဆက်စဉ်းစားရင် စိတ်ညစ်ရတာသာ အဖတ်တင်လိမ့်မည်။
ပြီးတော့ လည်း အပူပိုင်းဒေသ၏မြို့လေး တမြို့ ဖြစ်ခဲ့တာတောင် တောတွေ၊တောင်တွေ အထပ်ထပ် ဝန်းရံထားခဲ့တာမို့ ယခုေရာက်ေနသည့် ဒေသလေးလို အေးမြ ခဲ့ဖူးသည်။အခုနောက်ပိုင်းမှာတော့ ဒေသခံတွေနှင့်အာဏာ ပိုင်တွေ သစ်ထုတ်၊မီးသွေးဖုတ်၊ထင်းခုတ်သုံးကြတာနှင့်ပင် တောလည်း ပြုန်းခဲ့ပြီ။
တကယ့် အပူပိုင်းဒေသ၏ မြို့တမြို့လည်း ဖြစ်လာခဲ့ချေပြီ။
ဪ ငါဘာတွေ စဉ်းစားနေပါလိမ့်ဟု တွေးကာ ဟူဒီ အနွေးထည်၏ အိပ်ကပ်ထဲသို့ လက်နှစ်ဖက် ကို ထိုးထည့်လိုက်သည်။
နေရောင်မမြင်ရအောင် အုံ့ဆိုင်းပြီး အေးမြနေသည့် ရာသီ ဉတုမျိုးကို သဘောကျသည်။တခါတရံ အဲ့ဒီလိုနေ့ရက် ဒါမှမဟုတ် အဲ့ဒီလိုနေရာမျိုးကိုများ ရောက်ခဲ့ရင် အလိုလို ပျော်မြူးရွှင်လန်းနေမိသည်။
"ဪ အကို အပြင်ထွက် လည် မလို့လား ဗျ"
တောင်တက်အပန်းဖြေစခန်း၏ ဝန်ထမ်းလေးက သန့်ရှင်းရေး လုပ်နေရင်းမှ ကျတော့်ကို မေးသည်။ ဒီကို မကြာခဏ လာလည်မိတာကြောင့် သူတို့လေးတွေနှင့် မျက်မှန်းတန်းမိနေပြီ။
"ဟိုနား၊ဒီနား လမ်းလျှောက်မလို့ပါကွာ"
"ဪ ဟုတ်ကဲ့ အကို ခဏနေရင် မနက်စာ စားလို့ရမှာပါ ခင်ဗျာ"
"အေးကွာ အကို မှီအောင်ပြန်လာခဲ့မယ်"
"ဟုတ်ကဲ့ပါ"
တကယ်လည်း ကျတော် အဝေးကြီးတို့ ၊လူစည်ကားရာ အရပ်တို့ကို လျှောက်မလည်ပါဘူး။လူစည်စည်ကားကား ကို ကျတော်မကြိုက်ဘူး။ဘာကြောင့်မှ မဟုတ်ပါဘူး ကျတော်က သစ်ပင်တွေ အများကြီး ရှိတဲ့ ကြားက တိတ်ဆိတ်နေတဲ့ လမ်းမတွေ၊ခုံတန်းလျားလေးတွေ ရှိပေမယ့် ထိုင်သူ သိပ်မရှိတဲ့ ခုံလေးတွေ၊စုံစုံလင်လင် ခင်းကျင်းထားပေမယ့် လူသိပ်မစည်ကားတဲ့ စတိုးဆိုင်လေးတွေ၊အရသာ ကောင်းပေမယ့် လူမရှုပ်တဲ့ လက်ဖက်ရည်ဆိုင်လေးတွေ၊လူစည်ကားပေမယ့် သီးသန့်ခန်းရှိတဲ့ စားသောက်ဆိုင်တွေ အဲ့ဒီလို မျိုးကို
သိပ်သဘောကျတတ်သည်။
အတွေးတွေနှင့် လမ်းလျှောက်လာရင်းကနေ တဖက်လမ်းသွယ်လေးကို စိတ်ဝင်တစား လျှောက်လာခဲ့မိပြန်ပါပြီ။ဒီနေရာက ဆိတ်ငြိမ်နေသည်။သစ်ရွက်ခြောက်တချို့က လမ်းမပေါ်ကို ကြွေကျနေသည်။
သစ်ပင်အောက်မှာ ခုံတန်းလျားလေး တခုံရှိသည်။နောက်ခံမှာ ရှိနေသည့် တိုက်အိမ်လေးကပင် တိတ်ဆိတ်နေသည်။မျက်နှာချင်းဆိုင်မှာတော့ တောင်ကမူလေး တခု ရှိနေသည်။အဲ့ဒီတောင်ကမူပေါ်မှာ သိပ်လှသည့် နေကြာရိုင်းခင်းလေးကတောထလျှက် လှပထိန်တောက် စိုရွှမ်းနေသည်။
ဘာရယ်မဟုတ်ဘူး ဒီလို လမ်းသွယ်လှလှလေးတွေကို ကျတော် ကြိုက်သည်။လူသွား လူလာလည်း နည်းပါးသည်။ကျတော့်ကို စောင့်ကြည့်ကာ အကဲဖြတ်နေမည့် တစုံတဦးလည်း ရှိမနေချေ။
"အို.......လှ လိုက်တာ။သာယာလိုက်တာ"
ကြည့်ပါဦး ငှက်ကလေးတွေ၏ တျီတျီတျာတျာ အသံလေးတွေကိုပင်ကြားနေရသည်။
ခုံတန်းလျားလေးမှာ ဝင်ထိုင်လိုက်သည်။မျက်နှာချင်းဆိုင်က တောင်ကမူလေးနှင့် နေကြာရိုင်းတွေကို ကြည့်လိုက် ၊သစ်ပင်ကြီးကို မော့ကြည့်လိုက်၊သစ်ရွက်ကြွေတွေကိုကြည့်လိုက်၊တဖက်လမ်းသွယ်လေးဆီက တမျှော်တခေါ် လမ်းမကြီးကို ငေးကြည့်လိုက်နှင့် ကျတော် တော်တော် ကြည်နူးမိသည်။
ဪ ငါမနက်စာ ပြန်စားရဦးမှာပဲ။
မထချင်၊ထချင်နှင့် ခုံတန်းလျားလေးကနေ ထပြီး နေကြာရိုင်းတွေကို တချက်ပြန်လှည့်ကြည့် လိုက်မိသေးသည်။
ငါမပြန်မချင်း လာပြန်ကြည့်လို့ ရပါသေးတယ်လေ လို့ တွေးကာ ထိုနေရာလေးကနေ ထွက်ခွာလာခဲ့မိသည်။
လက်က နာရီကို ငုံ့ကြည့်မိသည်။
နံနက် ၇နာရီ ၄၅ မိနစ်ပင် ရှိနေပြီပဲ။
................
အောင်ရဲသူ
အိပ်ရာက ဆတ်ကနဲ နိုးလာသည်။နိုးလာလာချင်း ခေါင်းထဲမှာ တွေးနေမိသည်က နေကြာရိုင်းတွေကို ပန်းချီဆွဲဖို့ပင်။
ကျတော်နေနေသည့် တိုက်အိမ်လေး၏ မျက်နှာချင်းဆိုင်မှာ တောင်ကမူလေးရှိသည်။ထိုတောင်ကမူလေး၏ အပေါ်မှာ နေကြာရိုင်းတွေက လှလှပပကြီးကို တောထကာ ပွင့်အာနေကြလေသည်။
အဲ့သည် နေကြာရိုင်းတွေကို ကင်းဗတ်စထဲ ဆွဲသွင်းဖို့ ကျတော်ကြိုးစားနေခဲ့သည်မှာ ဒီနေ့နှင့်ဆို တလနီးပါး ရှိလာခဲ့ပြီဖြစ်သည်။
ပန်းချီဆွဲဖို့ ကင်းဗတ်တွေ၊ဒေါက်တိုင်တွေ၊ဆေးတွေ၊စုတ်တံတွေ အကုန်လုံးကို သယ်လာကာ အိမ်ရှေ့က သစ်ပင်အောက်မှာ နေရာယူလိုက်သည်။
"ဟင်"
ကျတော်ထိုင်နေကျ ခုံတန်းလျားလေးပေါ်မှာ လက်ကိုင်ပဝါလေး တထည်ကို တွေ့ရသည်။ပုံမှန်ဆို ဒီနေရာလေးက ဆိတ်ငြိမ်သည်။မြို့ထဲက လူကုံထံတွေ၏ အပန်းေဖြအိမ်ရာလေးတွေသာ ရှိသည်မို့ အမြဲတမ်း လူမနေပဲ တခါတရံမှသာ လူရှိတတ်သည့် ရပ်ကွက်လေးလည်း ဖြစ်တာမို့ လူသွား၊လူလာ သိပ်မရှိပေ။ဒီလိုနေရာလေးမှာ ဘယ်လို လုပ်ပြီး လက်ကိုင်ပဝါက ရှိနေတာပါလိမ့်။
ပြီးတော့ ဒီလို မနက်ခင်းကြီးမှာလေ။
အို.....ဒါတွေက ကိုယ့်အလုပ်လည်း မဟုတ်ပါဘူးလေ လို့ တွေးကာ ပန်းချီကားကိုသာ ရေးဆွဲနေလိုက်သည်။
တကယ်တော့ ကျတော် မနေ့ကလည်း တကား ဆွဲပြီးပါပြီ ။ဒါပေမယ့် ကျတော်မေန့ကပန်းချီကားကို စိတ်တိုင်းမကျဘူး။ကျတော့်ကား တွေဟာ ကျတော့် အကို၏ပန်းချီကားတွေလို မပြေပြစ်ဘူး။တကယ်ဆို ကျတော်လည်း
အကို့လိုပဲ ငယ်ငယ်ကတည်းက
ပန်းချီပညာ ကို သင်ယူခဲ့တာပဲ။
ဒါပေမယ့် ဘာလို့ အမြဲတမ်း အကို့ကို လိုက်မမှီနိုင်အောင် ဖြစ်ခဲ့ရသလဲ? ကျတော်မသိဘူး။
အဖေကဆို အမြဲတမ်းပြောသည်။
"ငါ့သားကြီးက ပန်းချီမှာ သိပ်တော်တာပဲ ၊သူ့ပန်းချီကားတွေဆို နိုင်ငံခြားသား တွေက သိပ်ကြိုက်တာ အမြဲတမ်း ဈေးရတယ်"
လို့ မကြာ၊မကြာ ပြောတတ်သည်။ဒီလိုပြောတိုင်း ကျတော့် ကြိုးစားချင်စိတ်တွေကို နှစ်ဆမြှင့် ပြီး ကြိုးစားပေမယ့် ဘယ်လိုမှ ကျတော်က အဖေ့ဆီက ချီးကျူး မှုတွေကို လက်မခံခဲ့ရဖူးဘူး။
ဆွဲနေရင်း စုတ်တံကို ဆေးခွက်ထဲ နှစ်ပစ်လိုက်မိသည်။အဖေနှင့် အကို့အကြောင်း တွေးမိရင် အလိုလိုနေရင်း ဒေါသတွေက ထွက်လာရပြန်သည်။ကင်းဗတ်စပေါ်ကို စုတ်တံနှင့် လျှောက်ခြစ်ပစ်လိုက်သည်။ကားထဲကနေကြာရိုင်းတွေက လေထဲမှာ လွင့်မနေကြဘူး။တောင့်နေကြတယ်။ကျတော် မကြိုက်ဘူး။
"ကဲဟာ ကဲဟာ"
သွားပြန်ပြီ ။ဒီနေ့တရက်တော့ အလကား အချိန်ကုန်သွားရပြန်ပါပြီ။လက်နှစ်ဖက်နှင့် မျက်နှာကို အုပ်ကာ ကြူကြူပါအောင် ငိုချလိုက်မိတော့သည်။
ကျတော် ပန်းချီဆရာ မဖြစ်ချင်တော့ဘူး။အဖေ။အဖေလိုချင်တဲ့ ရလာဒ်မျိုး ရအောင် ကျတော် ဘယ်တော့မှ လုပ်နိုင်မယ် မထင်တော့ပါဘူး။
Author Thinn Thinn Su Hlaing
8:24 AM