" ဘာလို့ သေချာယူမစားတာလဲ? ဒီပွဲကို Arthit မရှင်းရပါဘူးနော်။ Cherry ကျွေးမှာပါ "
ပန်းကန်ထဲကို ထည့်ပေးလာတဲ့ မာလာကြက်သားရဲ့အပေါ်ကို ချိစ်အရည်ဆမ်းပေးရင်း Cherry က ခပ်ပြုံးပြုံးပြောတယ်။
P'King ဆီက မက်ဆေ့ခ်ျကြောင့် အိမ်ကြီးဆီကို တမင်မသွားဘဲ Cherry ခေါ်တဲ့ စားသောက်ဆိုင်ကိုသာ ထွက်လာဖြစ်ခဲ့တာ။
အိမ်ပြန်မရောက်လောက်သေးဘူးထင်တဲ့ Kong ကိုလည်း မပြောဖြစ်လိုက်။
" တို့ကလေ Arthit ကို နှစ်ယောက်တည်း ဒီလို ညစာပျော်ပျော်ပါးပါးစားဖို့ ခေါ်ရတာ ခက်ခဲနေမလား စိုးရိမ်မိနေသေးတာ။ ချက်ချင်း လာမယ်ပြောလို့ တော်သေး "
" အာ... မဟုတ်တာ ။ နှစ်ယောက်တည်းစားရလည်း ကျွန်တော် အဆင်ပြေပါတယ်။ Cherry က ကျွန်တော့်အတွက် သက်တောင့်သက်သာဖြစ်စေတဲ့သူမျိုးထင်တယ်။ ကျွန်တော် အဆင်မပြေစရာအကြောင်းမရှိပါဘူး "
Cherry က သက်တောင့်သက်သာ စိတ်အေးအေးချမ်းချမ်းနေလို့ရအောင် အမြဲနွေးထွေးစွာ ဆက်ဆံပေးတတ်သူမို့ ဒီလိုပြောလိုက်ခြင်းသာ။
Arthit အဖြေကြားတော့ လက်မှာကိုင်ထားတဲ့ တူချောင်းလေးကိုကိုက်ကာ Cherry က မျက်လုံးလေးတွေမှိတ်သည်အထိ ရယ်တယ်။
" ဒီလိုကြားရတာတော့ ဝမ်းသာပါတယ်။ သက်တောင့်သက်သာ ဖြစ်စေတဲ့အပြင် တခြား ခံစားချက်တွေဘာတွေရော မရှိတော့ဘူးလား? "
" ဗျာ? "
" ပျော်တာတို့ Cherry နဲ့ လျှောက်လည်ချင်တာမျိုးတို့ပေါ့ "
" စိတ်ချမ်းသာတဲ့ခံစားချက်တော့... "
" ဒီလောက်ဆို ရပြီ။ Cherry ကတော့ Arthit နဲ့လျှောက်လည်ချင်တယ် ပိုသိချင်တယ် ပျော်လည်းပျော်တယ် ပြီးတော့ ရင်တွေလည်း တဒိန်းဒိန်းခုန်တယ် "
ဘာမှမဖြစ်သလိုပုံစံလေးနဲ့ ပြောချလာတဲ့ Cherry ကို တဗျာဗျာနဲ့ အံ့အားသင့်သလို ပြောနေမိတာက Arthit..
" Cherry က ပွင့်လင်းတာကိုကြိုက်တယ်။ Arthit ကိုလည်း Cherry လို ပွင့်ပွင့်လင်းလင်း ပြောစေချင်တယ် "
မျက်မှန်လေးပင့်ပြီး မျက်နှာ ခေါင်းငုံ့ချသွားတဲ့ Arthit က လက်မှာကိုင်ထားတဲ့ တူကို ချပြီး လေပြင်းတစ်ခုကို ရှုရှိုက်လိုက်မိတယ်။
Cherry ကို ဘယ်လိုအဖြေမျိုးပြန်ပြောသင့်လဲ?
စဉ်းစားနေရင်းနဲ့ အတွေးတွေက..
လွန်ခဲ့သော နှစ်ရက်ခန့်က
" မင်းနဲ့သူနဲ့လိုက်တယ် "
ညနေစာလေးယောက်အတူစားပြီး မိန်းကလေးတွေကို အိမ်ပြန်ပို့ပေးပြီးတာနဲ့ တိတ်ဆိတ်နေတဲ့ကားထဲမှာ အရင်ဆုံး စကားပြောလာတာက Kong...
" ဟမ်? စကားက အဆက်အစပ်မရှိ "
" အခုပဲ သူ ကားပေါ်က ဆင်းသွားတဲ့ဟာ.. စကားက အဆက်အစပ်ရှိစရာလိုသေးလို့လား? "
Arthit က ဘာမှပြန်မပြောဘဲ ရှေ့တည့်တည့်သာ ကြည့်နေလိုက်တယ်။
" မင်းစတိုင်လ်မဟုတ်ဘူးလား? "
" .... "
" Cherry ကို တကယ် စိတ်မဝင်စားဘူးလား?"
"..."
" အကောင်းမေးနေတာ..မင်း ရည်းစားရတော့လည်း ငါတို့နဲ့အတူ လိုက်ပျော်လို့ရတာပဲဟာ "
ကားမောင်းနေရာကနေ Kongpop ကလည်း
Arthit မျက်နှာကို မေးခွန်းတစ်ခုမေးတိုင်း တစ်ခါကြည့်တယ်။ ဒါပေမယ့် မေးခွန်းတိုင်းအတွက် ဖြေမယ့်သူက တိတ်ဆိတ်နေဆဲ။
" မဖြေချင်လည်းနေပေါ့ ။ အခုကစပြီး ငါလည်း မပြောပြတော့ဘူး "
" မင်းရော? May ကို တကယ်ကြိုက်တာလား? သူက မင်းစတိုင်လ်ဆိုတာ သေချာလား? "
လက်မဘေးကအသားကို တတောက်တောက်နဲ့ ခွာချနေရင်း Arthit မေးမိတယ်။ အမှန်ဆို May နဲ့စတွဲတည်းက Kongpop ဆီက မေးစရာမလို ပြောလာပြီးသား သိပြီးသားအဖြေ။
" ကြိုက်တာက ကြိုက်တာပဲ။ ငါကြိုက်တဲ့ပုံပဲဟာ "
" ချစ်ရော ချစ်လား? "
Arthit က ခန္ဓာကိုယ်ကို Kongpop ရှိရာဘက်သို့ စောင်းထိုင်လိုက်ရင်း မျက်နှာကို တည့်တည့်ကြည့်ကာ မေးတယ်။ ချစ်တယ်ဆိုတဲ့အဖြေသာ ကြားရရင် ကိုယ့်မျက်နှာ ပျက်မသွားဖို့ အရေးကြီးတယ်ဆိုတဲ့ စိတ်နဲ့။
Kongpop ကလည်း စောင်းလာတဲ့ ခန္ဓာကိုယ်ပိုင်ရှင်ရဲ့မျက်နှာကို ရယ်ပြီးလှည့်ကြည့်တယ်။ ဒါပေမယ့် တဖက်လူရဲ့မျက်လုံးတွေကို မြင်မိပြီး မရယ်နိုင်တော့။
ခဏပြန်စိုက်ကြည့်နေရာကနေ ရုပ်ချက်ချင်းတည်သွားရင်း
" မသေချာဘူး "
" မင်း အိမ်နဲ့တောင် မိတ်ဆက်ပေးချင်တာဆို? "
ဒီတခေါက်တော့ Kongpop အသံတိတ်နေတဲ့အလှည့်ဖြစ်သွားတယ်။
" ငါ့ကိစ္စက ထားပါ။ မင်း ကောင်မလေးရဖို့ ပိုအရေးကြီးတယ် "
သက်ပြင်းချလိုက်ရင်း Arthit တစ်ယောက် လမ်းမဘက်ရှိရာဘက်ကိုသာ မျက်နှာပေးလှည့်ထိုင်လိုက်တယ်။
" ငါ ငါ့ခံစားချက်ကို သေချာ စဉ်းစားနေတုန်း Kong "
ကားမောင်းရင်း ကျောကုန်းကို ဖြည်းဖြည်းချင်း လာပုတ်ပေးနေတဲ့ Kong လက်တွေကို ရှောင်နိုင်စွမ်းတော့မရှိခဲ့။
" Arthit..Arthit... ဘာတွေတွေးနေတာလဲ? "
မျက်နှာရှေ့မှာ လက်ဝေ့ယမ်းရင်း ခေါ်နေတဲ့ Cherry မျက်နှာကိုမြင်ပြီး အတွေးစတို့က ပြတ်တောက်သွားတယ်။
Kongpop ဟာ ဘယ်တော့မှ ကိုယ့်အတွက်ဖြစ်မလာနိုင်တာကို သိသိကြီးနဲ့ ဒီအသုံးမကျတဲ့ ချစ်ခြင်းကို သိမ်းထားရမှာလဲ?
ကိုယ်ဟာ Kongpop ကို ဘယ်လောက်ထိ ဘယ်အချိန်ထိ ချစ်နိုင်မှာမို့လို့လဲ?
ဒီလောက်တောင် ရည်းစားရစေချင်နေမှတော့....
" ကျွန်တော့်စိတ်ကိုတော့ သေချာမသိတာ တကယ်ပါ ။ ဒါပေမယ့် Cherry သာ ကျွန်တော် ဒီလိုဖြစ်နေလည်းပဲ အဆင်ပြေတယ်ဆိုရင် ကျွန်တော်တို့.."
Kring --
Cherry ကို ပွင့်ပွင့်လင်းလင်းပြောပြီး တွဲဖို့အဆင်ပြေမပြေ မေးကြည့်မယ်ဆိုမှ ဖုန်းသံက မြည်လာတယ်။
Kongpop
ဖုန်းမျက်နှာပြင်ထက်မှာပေါ်နေတဲ့ နာမည်ကို
မြင်တာနဲ့ Cherry ကို သူ ခွင့်တောင်းသလို ကြည့်လိုက်တယ်။ Cherry ခေါင်းညိမ့်ပြတော့မှ စားပွဲကနေ ခဏထထွက်လာရင်း
" ဟယ်လို Kong? ပြော ဘာပြောမလို့လဲ? "
" အခု အိမ်မှာ P'King က သူ့ကောင်မလေးနဲ့မိတ်ဆက်ပေးဖို့ ခေါ်လာမယ်လို့ပြောနေကြတယ်။ မင်းကိုလည်း ခေါ်ထားတယ် ပြောတယ်။ မင်း ဘာလို့မရောက်လာသေးတာလဲ? "
" ဘာ!?"
" ဟ! လန့်လိုက်တာ ဘယ်လိုဖြစ်လို့ ထအော်တာလဲ? လာကြမယ့်အတွဲက လွဲရင် မင်းပဲ လာဖို့ကျန်တော့လို့ Phor က မေးနေတယ်။ ပြောမယ့်သာပြောတာနော် P'King က သူ့ကောင်မလေးကို အရင် မိတ်ဆက်ပေးလာတယ်ဆိုတည်းက Phor ဆီကို အကွက်ရွေ့နေတာထင်တယ်။ ငါလည်း ခေါ်ပြသင့်ပြီ May ကို "
P'King ဘာတွေလုပ်ဖို့ကြံနေတာလဲ?
ဘာလို့ အဲ့လောက်ထိ Kong ကို အထိနာစေချင်နေရတာလဲ?
" နေဦး.. ငါ ဖုန်းဆက်စရာရှိလို့။ နောက်မှ ပြန်ဆက်မယ် "
P'King ဆီကို အရင်ဖုန်းဆက်သင့်တယ် ထင်တယ်။ ခုလို Kong နဲ့ ဖုန်းပြောနေတာက အချိန်ဖြုန်းနေသလိုပဲ။
တော်ကြာ Kong ရှေ့ကို P'King တယောက် May နဲ့အတူ ပေါ်လာခဲ့ရင်.. ?
" မင်း အခုဘယ်မှာလဲ ? ပြန်လာရမှာဝေးရင် ငါ လာခေါ်ပေးမယ်... "
Kong ပြောနေတာကို ဆက်နားမထောင်တော့ဘဲ ဖုန်းချလိုက်ရင်း P'King ဖုန်းကို ခေါ်လိုက်တယ်။ ကိုင်မယ့်သူ မရှိ....
ကျေးဇူးပြုပြီး...
ကျေးဇူးပြုပြီး...
Kong ကို စိတ်ထိခိုက်အောင် မလုပ်ပါနဲ့။
" Hello N'Art? "
" P'.. ? P' ကောင်မလေးကို အိမ်နဲ့မိတ်ဆက်ပေးမလို့ဆို? ဘယ်သူလဲ? May လား? May ဆိုမရဘူးနော်.. အိမ်မှာ ပွဲတွေဖြစ်ကုန်မှာပေါ့ "
တစ်ဖက်က အသံတိတ်ဆိတ်နေရာကနေ ရယ်သံသဲ့သဲ့ထွက်လာတယ်။
" ကိုယ်လည်း Phor ဆီက အမှတ်ရအောင်လုပ်ရမယ်လေ။ Phor က ကိုယ့်ကို အိမ်ထောင်ကျစေချင်နေပြီ။ ကိုယ့်မိသားစုနဲ့ကိုယ်ဖြစ်တဲ့အခါ ရရမယ့်အရာတွေလည်း သူ ခွဲပေးမယ်ပြောထားတော့... "
" P'.. အဲ့ဒါ..အဲ့ဒါ May မဖြစ်လည်း ရတာပဲလေ။ မဟုတ်ဘူးလား? P' လည်း Kong ကို နိုင်ချင်လို့ May ကို အဲ့လို.. "
" ဘယ်သူပြောလဲ N'Art? ကိုယ်က May နဲ့အရင် ကြိုက်တဲ့လူပါ "
"...."
ပြောစရာစကားမရှိ။
" မင်း သူငယ်ချင်းကသာ ပိုင်ရှင်ရှိမှန်းမသိ မရှိမှန်းမသိ ကိုယ့်ကောင်မလေးကို လိုက်တာ "
Arthit မျက်မှန်ကို ချွတ်ရင်း မျက်ခုံးနားကို စီးကျလာတဲ့ ချွေးစက်အချို့ကို လက်ဖြင့်ဖိသုတ်လိုက်မိတယ်။
စားပွဲဖက်ကိုလှမ်းကြည့်မိတော့ Cherry က ဖုန်းအေးဆေးသုံးနေတာမို့ သူ အားနာနာနဲ့ ဖုန်းကို နားမှာ ပြန်ကပ်လိုက်ပြီး
" ကျွန်တော် ပြောတာ နားထောင်နော် P'.. P' တို့ ညီအစ်ကိုနှစ်ယောက် ဒီလိုလုပ်နေလည်း အကျိုးမရှိဘူး။ အခုလိုသာ May နဲ့ နှစ်ယောက်လုံးကြိုက်နေကြမှန်းသိရင် ဦးလေးကရော ဒီအတိုင်းနေမှာမို့လို့တဲ့လား? Kong နဲ့ P' ထိုင်ထိုးနေလို့ မင်းတော့ သူ့ကိုယူ မင်းတော့မယူနဲ့လို့ ဦးလေးက ခွဲပေးမှာတဲ့လား? "
" ကိုယ် ဒါတွေကို မတွေးထားဘဲ မိတ်ဆက်ပေးမယ်လို့ တွေးထားတာလား? ဆောရီး N'Art.. May လည်း သူ့အိမ်ပေါ်က ဆင်းလာနေပြီ။ အိမ်ကျမှ တွေ့ကြမယ် "
P'King ဖုန်းချသွားပြီးတာနဲ့ တပြိုက်နက် Kongpop ဖုန်းက ပြန်ဝင်လာပြန်တယ်။ ဒါပေမယ့် သူမကိုင်မိတော့။
Cherry ဆီကို အမြန်ပြေးသွားလိုက်ရင်း
" Cherry...ကျွန်တော် အားတော့နာပါတယ်။ ဖြစ်နိုင်ရင် ကျွန်တော့်ကို အိမ်လိုက်ပို့ပေးနိင်မလား?"
-------------
ခြံရှေ့ကို Cherry ကားရောက်တာနဲ့ King ရဲ့ကားကိုပါ နောက်ကပ်ရပ်မှာ လိုက်လာတာ မြင်လိုက်တာမို့ Arthit လည်း ရင်တမမနဲ့ လာခဲ့ရာကနေ အပူလုံးကြီး တစ်ဝက်လောက် ကျသွားသလို ခံစားရတယ်။
" Cherry.. ကျွန်တော် မိသားစုကိစ္စလေးကြောင့် ခုလိုထပြန်လိုက်ရတာ အားနာပါတယ်။ နောက်မှ သေချာလာတောင်းပန်ပါဦးမယ် "
ပြောပြီးတာနဲ့ တံခါးအမြန်ဖွင့်ကာ King ကားရှိရာကို Arthit အပြေးသွားလိုက်တယ်။
" P'King "
ကားမောင်းသူဘက်ရှိတဲ့နေရာက မှန်ကိုခေါက်ပြီး ခေါ်လိုက်တော့ King က ပြုံးပြုံးကြီးနဲ့ မှန်ကို ချလာရင်း
" အပြင်က အခုမှရောက်တာလား? "
King ဘေးမှာ ထိုင်နေတဲ့သူက May မှ May...
" Arthit ရေ ဒီမှာ လွယ်အိတ်ကျန်ခဲ့လို့ "
Cherry ကားက မသွားသေးဘဲ ပြတင်းပေါက်ကနေ Cherry က ခေါင်းပြူထွက်ရင်း လွယ်အိတ်ကို ယမ်းခါပြကာ အော်ခေါ်တယ်။
May ကို Cherry မမြင်ဖို့အရေး ကားပေါ်က ဆင်းလာပေးမှာဆိုးလို့ Arthit လည်း ကားနှစ်စီးကြား ဟိုပြေးဒီပြေးနဲ့ဗျာများနေတယ်။
" ဒါ ဟိုနေ့က Arthit ကို ပန်းချီဆွဲပေးတဲ့ကောင်မလေးပဲ။ Kongpop နဲ့သွားတုန်းက တွေ့တာ "
" ဟုတ်လား? N'Art ဆီမှာ တခြားသူငယ်ချင်းမရှိဘူးထင်နေတာ "
ရှေ့ကားမှာ လွယ်အိတ်ယူရင်း စကားပြောနေတဲ့ Arthit ကို ကြည့်ကာ စကားဆက်မိကြတော့ May က သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြုပြင်နေရင်းကနေ ရုပ်ကလည်း မဲ့ရင်း
" ဘယ်ကသာ.. သူငယ်ချင်းဟုတ်ဟန်မပေါ်ပါဘူး။ Arthit ကို ကြိုက်နေတာလားမသိ ။ Kongpop ကတော့ အသေပေးစားနေတာပဲ "
May အဖြေကိုကြားတာနဲ့ King က အလှပြင်နေတဲ့ May ကိုကြည့်နေရာကနေ ကားဆီပြန်လျှောက်လာတဲ့ Arthit ဆီကို အကြည့်တွေရောက်သွားတယ်။
Kongpop နဲ့ Arthit ကြားမှာ နောက်ထပ် မိန်းကလေးတစ်ယောက်?
" May.. ? အထဲ အရင်ဝင်နှင့်။ အိမ်ကြီးထဲ မသွားနဲ့ဦး။ ကိုယ်နဲ့မှ တူတူဝင်မယ် "
May က ခေါင်းညိမ့်ပြရင်း ကားပေါ်က ဆင်းသွားတယ်။
" N'Art က ကားပေါ်တက် "
" ဗျာ? "
" N' အခု ကိုယ့်ကို အထဲမှာ ပွဲမဖြစ်စေချင်လို့ တားမှာမလား ? အပြင်မှာ ရပ်ပြောနေတာ Kongpop မြင်သွားရင် ဘယ်လိုလုပ်မလဲ? "
King စကားကြောင့် Arthit လည်း ကားပေါ်ကို ခိုးကြောင်ခိုးဝှက်နဲ့ အမြန်တက်ထိုင်လိုက်တယ်။
" ကောင်မလေးနဲ့ Date လား? "
" ကျွန်တော့်ကိစ္စက အရေးကြီးလား P'?အခုက P' တို့.."
" N'Art ဖြေတဲ့အပေါ်မှာ မူတည်ပြီး ကိုယ်လုပ်မယ့်အရာက ကွဲသွားနိုင်တယ် "
အဓိပ္ပါယ်ပါပါစိုက်ကြည့်ပြီး ပြောလိုက်လို့ ငြင်းခုန်ဖို့လုပ်နေတဲ့ Arthit လည်း ငြိမ်ကျသွားတယ်။
" Kongpop ကို ခိုးနမ်းပြီး ခုကျတော့ ကောင်မလေးနဲ့ ဒိတ်တယ်? N'Art ပုံစံက ဘယ်ဟာအမှန်လဲ? "
"..."
King ပုံစံကြည့်ရတာလည်း အကြီးအကျယ် တခုခုကို စဉ်းစားနေတဲ့ပုံ။
" Kong က May ကို တော်တော် သဘောကျပုံရတယ် P'.. "
" အဲ့တော့ "
မျက်ခုံးတစ်ဖက်ပင့်ကာ Arthit ကို လှည့်ကြည့်ပြီး မေးလာတဲ့ King ပုံစံက ဘာလုပ်ပေးရမှာလဲဆိုတဲ့ပုံ။
" ကျွန်တော်... ကျွန်တော် သိပါတယ်။ ကျွန်တော်နဲ့ Kong က ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတာ "
" ... "
" Kong ပျော်တာ အဆင်ပြေတာပဲ မြင်ချင်တယ် P'.. ကျွန်တော် မြင်ရသလောက် သူ May နဲ့ တော်တော်ပျော်တယ်။ May ကို သူ ရွေးချယ်ထားတဲ့ပုံစံမျိုး အမြဲပြောနေတာ "
King က ဒီကိစ္စတွေ သူ သိပြီးသားပါဆိုတဲ့ အထာနဲ့ စတီယာတိုင်ကို လက်နဲ့ခပ်ဖွဖွပုတ်ကာ နားထောင်ပေးနေတယ်။
" ကျွန်တော် Kong ကို မေးဖူးသလိုပဲ P' ကို မေးမယ်။ တကယ်ပဲ May ကို ချစ်သလား ? "
"...."
" May ကရော နှစ်ယောက်ထဲက ဘယ်သူ့ကို တကယ်ချစ်တာလဲဆိုတာ P' မေးကြည့်ဖူးလား? "
" ကိုယ်တို့နှစ်ယောက်က အပြန်အလှန်မေးခွန်းတွေပဲ မေးပြီး အဖြေပေးနိုင်ကြတဲ့ပုံမပေါ်ဘူးဖြစ်နေတယ် "
Kring ~
ဖုန်းမျက်နှာပြင်ပေါ်မှာ ပေါ်လာတဲ့ နာမည်က လွန်ခဲ့တဲ့ မိနစ်ပေါင်းများစွာတည်းက ထပ်ခါထပ်ခါခေါ်နေတဲ့ လူ... ။
လက်မှာ ကိုင်ထားတဲ့ ဖုန်းကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ပြီး King ရဲ့ ဆုံးဖြတ်ချက်ကို မျှော်လင့်တကြီး စောင့်နေမိတာက Arthit ။
မက်ဆေ့ခ်ျဝင်လာသံကြားတာနဲ့ လက်ထဲက ဖုန်းကိုဆွဲလုသွားတာက King ။
~ Art!! မင်း ဘယ်မှာလဲ ? ဘာလို့ဖုန်းမကိုင်တာလဲ? ငါ တကယ်စိတ်ပူနေပြီ။ ဖုန်းကိုင် ~
" ဒါပေမယ့် ခုတော့ ကိုယ် ဖြေနိုင်တာ တစ်ခုတော့ရှိတယ် "
မက်ဆေ့ခ်ျကို ဖတ်ပြီးတာနဲ့ Arthit လက်ထဲ ဖုန်းကိုပြန်ပေးရင်း King က ပြောတယ်။
" N'Art သာ ကိုယ်ပြောတဲ့အတိုင်း အကုန်လုပ်ပေးနိုင်ရင် Kongpop စိတ်ဆင်းရဲစရာမရှိလာနိုင်ဘူးဆိုတာပဲ "
---