ဘုန်းပြည့်ချမ်းဟန် (Complete)
By _ReThor_
2.9M 188K 23.6K
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022 More
Part - 1 + 2 (U+Z)
Part-3 (U+Z)
Part - 4(U+Z)
Part-5 (U+Z)
Part - 6 (U+Z)
Part - 7 (U+Z)
Part - 8 (U+Z)
letter from 🖋to 📖💌
Part - 9 (U+Z)
Part - 10 (U+Z)
Part - 11 (U+Z)
Part-12 (U+Z)
Part - 13 (U+Z)
Part - 14 (U+Z)
Part-15 (U+Z)
Part-16 (U+Z)
Part-17 (U+Z)
Part-18 (U+Z)
Part-19(U+Z)
Part-20 (U+Z)
Part -21 (U+Z)
Part-22 (U+Z)
Part-23(U+Z)
Part-24 (U+Z)
Part-25 (U+Z)
Part-26(U+Z)
Part-27(U+Z)
Part-28(Unicode)
Part-28(Zawgyi)
Part-29 (Unicode)
Part-29 (Zawgyi)
Part-30 (Unicode)
Part-30(Zawgyi)
Part-31(Unicode)
Part-31(Zawgyi)
Part-32- Heavenic (Uni)
Part-32- Heavenic (Zawgyi )
Part-33🚨 (Unicode)
Part-33 🚨 (Zawgyi)
Part-34🚨 (U+Z)
Part-35 (Unicode)
Part-35 (Zawgyi)
Part-36 (Unicode)
Part-36 (Zawgyi)
Part-37 (Unicode)
Part-37 (Zawgyi)
Part-38 (U+Z)
Part-39 (U+Z)
Part-40 🚨 (U+Z)
Part-41 🚨🏕️🐂 (U+Z)
Part-42 နှောင်ကြိုး 🕸️💎(U+Z)
Part-43(U+Z)
Part-44 Yogurt🚨(Uni)
Part-44 Yogurt🚨(Zawgyi )
Part-45(U+Z)
Part-46 Pre-Devil (U+Z)
Part-47 🚨Devil🚨(U+Z)
Part-48 🙆‍♂️(U+Z)
Part-49 ☕ (U+Z)
Part-50(U+Z)
Part-51📜(U+Z)
Part-52 Ko~~~(Uni)
Part-52 Ko~~~(Zawgyi)
💜ကျော်မသွားကြပါနဲ့ဗျို့📌
Part-53 🥧💧(U+Z)
Part-54 (U+Z)
Part-55 (U+Z)
Part-56 (U+Z)
Part-57 🦋(Zawgyi)
Part-58 💜 (U+Z)
Part-59 (U+Z)
Part-60 (Unicode)
Part-60(Zawgyi)
Part-61 (U+Z)
Part-62 (U+Z)
Part-63 (U+Z)
Part-64 (U+Z)
Part-65 (U+Z)
Part-66 (U+Z)
Part-67 (U+Z)
Part-68 (U+Z)
Part-69 (U+Z)
Final Part (U+Z)
ကျေးဇူးတင်လွှာ / ေက်းဇူးတင္လႊာ
💜Announcement♒(U+Z)
💔Announcement💔
Thingyan Extra (U+Z)
Surprise !!!
💜Volume 2-Cover ♒
💜Volume 1- Cover♒
📚 Book Details 📃
💜Chibi Art💜
🎟️ Gifts 🎁
🛎️ Announcement 🛎️
About Google Form
🙏 Please 🙏
💜 Hello ♒
💜Anniversary Extra♒
Just .. 27 steps 👣
Hello
Announce - 1
Part-57 🦋(Uni)
25.4K 1.7K 441
By _ReThor_
၂၀၁၉ခုနှစ်   ဩဂုတ်လ ၂၆ ရက်တနင်္လာနေ့....နံနက် ၅ နာရီ...
"အရဟတာဒိ နဝဂုဏေဟိ အရဟံအစရှိသောကိုးပါးသောဂုဏ်တော်တို့နှင့် သမ္ပန္နာဂတံ ပြည့်စုံတော်မူသော နာထံ လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ကိုးကွယ်ရာဖြစ်တော်မူသော ဗုဒ္ဓံ သက်တော်ထင်ရှား သဗ္ဗညုမြတ်စွာဘုရားကို ဥဒ္ဒိဿ ရည်မှန်း၍ စေတီယဿ ဓာတုစေတီ ဓမ္မစေတီ ဥဒ္ဒိဿစေတီ ပရိဘောဂစေတီတော်မြတ်အား ဝဏ္ဏ ဂန္ဓ ရသ သမ္ပန္နံ အဆင်းအနံ့အရသာနှင့်ပြည့်စုံသော ဣမံ  ပိဏ္ဍပါတ ခါဒနိယဘောဇနိယံ ဤ ဆွမ်း ခဲဖွယ် ဘော
ဇဥ် ချိုချဥ်အရသာအဖြာဖြာကို သက္ကစ္စံရိုရိုသေသေ ဒေမိ နိဗ္ဗာန်ရည်မှန်းလှူဒါန်းပါ၏"
လည်ကတုံးအင်္ကျီအဖြူနှင့်အညိုအကွက်အစိပ်သေးလေးများပါသောပုဆိုးကိုဝတ်ဆင်ထားသူထံမှအသံနေအသံထားမှန်မှန်ဖြင့်ထွက်လာသည့် အရုဏ်ဆွမ်းကပ်နေသောအသံလေးသည်ဘုရားခန်းထဲဝယ် သာယာနာပျော်ဖွယ်လွင့်ပျံနေပါ၏။ ဆွမ်းတော်ကပ်ရွတ်ပြီးသည်နှင့် ချမ်း,သည်မုန့်ဟင်းခါးတစ်ပွဲနှင့်ကော်ဖီမုန့်အချိုပွဲအစုံတင်ထားသောစားပွဲဝိုင်းလေးအား အသာပင့်မြှောက်ကာရှင်တော်မြတ်ဘုရားထံရည်မှန်းဆက်ကပ်လိုက်ပါသည်။ ထို့နောက် ထိုစားပွဲဝိုင်းလေးအားပြန်ချကာလက်အုပ်ချီလျက်မျက်လုံးအသာပိတ်ကာ အာရုံစူးစိုက်တောင်းဆုပြုလေသည်။
နိဗ္ဗာန်ရည်မှန်းလှူဒါန်းတယ်ဆိုပေမယ့်လည်း နိဗ္ဗာန်မရောက်ခင်ဘဝစပ်ကြားတိုင်းတော့ ချစ်ရတဲ့ကိုကိုနဲ့ဘဲဆုံချင်ပါ၏။
"ယနေ့ကျရောက်သော ဘုရားတပည့်တော်၏ခင်ပွန်းဖြစ်သူ အစ်ကိုအောင်ဘုန်းဟန်၏ ၂၉ နှစ်ပြည့်မွေးနေ့အလှူအဖြစ် ဤ အရုဏ်ဆွမ်းအားဆက်ကပ်လှူဒါန်းပါ၏ အရှင်ဘုရား...ပြုလုပ်အပ်သောကုသိုလ်ကောင်းမှုကြောင့် မွေးနေ့ရှင် မွေးနေ့မှစ၍နှစ်ပေါင်းများစွာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး အနာမျိုး ၉၆ပါးကင်းဝေးပါစေ...ပို့သအပ်သောမေတ္တာဓာတ်ကြောင့် ကိုကိုခံစားနေရတဲ့ရောဂါဝေဒနာတွေအများဆုံးသက်သာပျောက်ကင်းပြီး နိုးထလာနိုင်ပါစေဟူသောတောင်းဆုပြုပါ၏ အရှင်ဘုရား ..."
တောင်းဆုပြုပြီးနောက် ချမ်း,ဦးသုံးကြိမ်ချလိုက်ပါ၏။
ဒီနေ့ ကိုကို့မွေးနေ့...။ မွေးနေ့ရှင်အိပ်နေတဲ့မွေးနေ့။ အိပ်နေတာလည်း ကိုးလကျော်ပြီ။ဒါတောင် အိပ်ရေးမဝသေးဘူးလားမသိ။ ကျွန်တော်ပြောထားရဲ့သားနဲ့အဲ့လူက,ကတိမတည်ဘူးဗျာ။ ဒီပုံအတိုင်းဆိုကျွန်တော့်မွေးနေ့မှာလည်း အိပ်နေဦးမလားမသိဘူး။ သူအိပ်တာအရေးမကြီးဘူးဗျ...အဲ့ဒီလူလေ အိပ်ဘဲအိပ်နေတော့ အစာကောင်းကောင်းကျွေးလို့မရဘူးဖြစ်နေတယ်။ အစာသိပ်မဝင်တော့ အခြားအာဟာရဖြစ်စေတဲ့ဆေးတွေထိုးပေးရတော့တာပေါ့။ ဒါပေမယ့်လည်းအစာနဲ့ဆေးဆိုတာတူတာမှမဟုတ်တာ။ အဲ့ဒီတော့ အစာပုံမှန်မဝင်တဲ့သူကဆေးဒဏ်တွေနဲ့ပိန်ပိန်လာတယ်ဗျာ။ ပိန်ပိန်လာပေမယ့်ကျွန်တော့်ထက်တော့ထွားနေတုန်းဘဲ။ ကဲ..အခုအဲ့ဒီလူကိုသွားကြည့်ဦးမယ်ဗျာ...။
ချမ်း,ဘုရားခန်းမှထွက်တော့ ဘုရားရှိခိုးဖို့လာသည့် မေမေနှင့်အခန်းဝတွင်ဆုံလေ၏။
"မေမေ"
"သားငယ်"
ချမ်း,မေမေ့အားပြုံးပြနှုတ်ဆက်လိုက်ပြီးနောက်...
"မေမေ ဘုရားရှိခိုးမို့မလား...တန်းရှိခိုးလိုက်တော့နော် သားဆွမ်းတော်ကပ်ပြီးပြီ"
ဒေါ်မေသူအောင် သားဖြစ်သူကိုကြင်နာစွာကြည့်လိုက်ပါ၏။ ဒီနှစ်အတွင်းဤကလေးသည်အများကြီးရင့်ကျက်တည်ငြိမ်လာပြီး သူ့ကိုကိုနှင့်ပတ်သက်သောခံစားချက်များကိုလည်းထိန်းချုပ်လာနိုင်ပုံရလေ၏။ မုန်တိုင်းကာလအစတွေတုန်းကတော့တစ်ယောက်တည်းစကားတွေပြောလိုက် ရယ်လိုက် ငိုလိုက် သီချင်းတွေဆိုလိုက်နှင့်ဆောက်တည်ရာမဲ့နေခဲ့သောကလေးသည် အလုပ်ဝင်ပြီးနောက်ပိုင်းအများကြီးပြောင်းလဲလာခဲ့သည်။
မနက်တိုင်းဘုရားရှိခိုးဝတ်တက်ခြင်းကိုပုံမှန်ပြုလာသလို ညတိုင်းလည်းတရားထိုင်လာလေ၏။ ယခင်လိုဆူပူသောင်းကျန်းခြင်းမရှိသလောက်ဖြစ်လာခဲ့သောကလေးသည် သူအစ်ကိုနားထိုင်ပြီး စာတွေကိုငြိမ်ငြိမ်သက်သက်ဖတ်ပြတတ်လာ၏။ အလုပ်မှာတွေ့ကြုံရသမျှ အာပေါင်အာရင်းသန်သန်နဲ့ပြောလာတတ်သလို တိုးတိုးလေးလည်းသီချင်းဆိုတတ်လာခဲ့ချေပြီ။ သို့သော် ညတိုင်းညတိုင်းတော့သူ့အစ်ကိုနားမှာအိပ်မပျော်မချင်းစကားတွေထိုင်ပြောနေတုန်းပင်။
ဆံပင်ညိုဖျော့လေးတွေကိုလှန်တင်ဖြီးထားသဖြင့် ရှင်းရှင်းလင်းလင်းဖြစ်နေသောမျက်နှာပိုင်ရှင်လေး၏ပါးလေးတစ်ဖက်အား ဒေါ်မေသူအောင်အုပ်ကိုင်လိုက်ပါ၏။ ပါးလေးတွေတော့နည်းနည်းပြန်ပြည့်လာချေပြီ။ သူမ,ပါးလေးကိုအုပ်ကိုင်လိုက်တော့ မျက်လုံးလေးမှိတ်ကျတဲ့အထိပြုံးသွားတဲ့ကလေး။
(မေမေ့သားငယ်လေး..)
"အဲ့ဒါဆို မေမေဘုရားရှိခိုးမယ် ... ပြီးရင် သားဖေဖေနဲ့ဘုန်းကြီးကျောင်းဆွမ်းချိုင့်သွားပို့မယ် သားရောမလိုက်တော့ဘူးလား"
သားရုံးမှာလချုပ်တွေလုပ်စရာရှိ၍မနက်ဘုန်းကြီးကျောင်းသွားလျှင်မလိုက်တော့ဟု ညကတည်းကပြောထားသော်လည်းစိတ်ပြောင်းလိုပြောင်းငြားမေးလိုက်ခြင်း။
"အရမ်းကြီးမရှုပ်ရင်သားလိုက်မလို့ဘဲ ဒါပေမယ့်စာရင်းတွေပြန်ကြည့်တော့ လိုတာလေးတွေရှိသေးလို့ မေမေ ခဏနေအဲ့ဒီစာရင်းတွေလုပ်ပြီးရင် ရုံးသွားဖို့ပြင်မလားလို့လေ သားမလိုက်တော့ဘူးနော်.."
"အေးပါ သားသဘော မနက်စာတော့စားသွားချည်...မင်း မနက်စာတွေလွတ်လွတ်နေတာများပြီးနော် မေမေမပြောချင်လို့"
မျက်စောင်းလေးထိုးလိုက်ပြီးစိတ်ဆိုးဟန်ပြတော့...သူမ,သား ကလေးကြီးကခါးတွေကိုဘေးတစောင်းဖက်လာပြီးပါးကိုတရှုံ့ရှုံ့နမ်းပါ၏။
"မေမေကလည်းဗျာ...စားသွားပါ့မယ်..."
ရှူးးး ရွှတ်...ရွှတ်..
"အမလေး...ဖယ်စမ်းပါ ဘုရားရှိခိုးမို့ အလကား အဲ့လိုချွဲလိုက်တာနဲ့စိတ်ပျော့မယ်ထင်နေကြတာ"
"မပျော့ဘူးလား ပြော"
"ပျော့တယ် ဟေ့ ပျော့တယ်!!"
"ဟား ဟား ဟား ဟား"
ချမ်း,သူ့ကိုတွန်းဖယ်ပြီးဘုရားခန်းထဲဝင်သွားသော မေမေ့ကျောပြင်လေးအားကြည့်ပြီးသဘောတကျရယ်မိပါ၏။ ဒီလိုဆိုမှသူမရယ်တာတော်တော်ကြာပြီဘဲ။ အလုပ်ဝင်လိုက်တော့ ရယ်ဖို့တောင်မတတ်တော့သလိုပင်။  ကိုကို့နေရာကို ထဲထဲဝင်ဝင်ပတ်သက်ပြီးယူထားခြင်းမဟုတ်တာတောင် မျက်နှာဖုံးမျိုးစုံချိတ်ဆွဲထားရသောထိုနေရာသည် အမြဲပြုံးရယ်နေတတ်သော ချမ်း,မျက်နှာကိုလုံးဝဥဿုံပြောင်းလဲနိုင်စွမ်းရှိခဲ့၏။ သူတောင်ဒီလိုဆို အလုံးစုံတာဝန်ယူထားပါသော ကိုကိုဆိုဘယ်လိုများနေခဲ့ပါလိမ့်။ ဒါတောင် သူနဲ့ဆိုအမြဲရွှင်လန်းတက်ကြွနေခဲ့တာဟာ အလုပ်မှာပေါ့ပေါ့ပါးပါးဖြတ်သန်းနေနေရသလိုပင်။ သိလိုက်ပါပြီ သူ့ကိုကိုကသူ့ကိုဘယ်လောက်တောင်ချစ်ပေးတတ်လည်းဆိုတာ။ အရင်ကရောမသိခဲ့တာမဟုတ်ပေမယ့် အချိန်ကြာလေပိုမြင်ရလေဖြစ်နေတဲ့ကိုကို့မေတ္တာတွေဟာ တန်ဖိုးကြီးနှစ်ချို့ဝိုင်တစ်လုံးပမာ။
ချမ်း,ဘုရားခန်းတံခါးကိုအသံမထွက်အောင်ပိတ်လိုက်ပြီး ကိုကိုရှိရာသို့လှမ်းလာခဲ့ပါသည်။ အခန်းတံခါးဖွင့်အဝင်မြင်နေကျမြင်ကွင်းဟာ တွေ့တိုင်းလည်းရင်နာနေရမြဲ။
ကုတင်ဘေးဆေးပစ္စည်းတွေတင်ထားတဲ့စားပွဲပေါ်ရှိ ဘူးတစ်ခုမှ ချမ်း, stethoscope ကိုယူလိုက်ပြီး ကိုကို့ရင်ဘတ်ပေါ်တင်ကာအသက်ရှုသံအားနားထောင်ကြည့်တော့ လှိုဏ်သံပါတဲ့အသက်ရှုသံဟာ သူ့အတွက်တစ်နေ့တာအားဆေးပါ။ ရိုးရိုးနားထောင်ရင် မကြားရသလောက်ဖြစ်နေတဲ့အသံကြောင့်အားမလိုအားမရဖြစ်နေတဲ့ ချမ်း,အတွက် ဤနည်းဖြင့်နားထောင်ခြင်းကထွက်ပေါက်လေးတစ်ခုပါ။ စကားသံလည်းကင်းမဲ့နေသည့်ကြားက ‌အသက်ရှုသံကပါဒီလိုမျိုးတိုးဖျော့နေမည်ဆိုလျှင် ကျွန်တော်ရပ်တည်နိုင်စွမ်းမဲ့သွားပါလိမ့်မည်။
ထို့နောက် တစ်နေ့တာသွင်းရမည့်ဆေးပုလင်းအသစ်အားလဲလှယ်တပ်ဆင်ပေးလိုက်ပါ၏။ ပတ်ပတ်လည်ရှိခန်းဆီးများကိုဖွင့်ပေးလိုက်ပြီး ကိုကို့အတွက်အရုဏ်ဦးနေခြည်ရစေရန်ရည်ရွယ်လိုက်ပါသည်။
ချမ်း,ကိုကို့အနားပြန်လျှောက်လာပြီးနောက် နဖူးပေါ်ကျနေသည့် ဆံပင်တွေကိုသပ်တင်ပေးလိုက်ရင်း မနက်ခင်းအနမ်းတစ်ပွင့်ဖြင့်နှုတ်ဆက်လိုက်ပါသည်။
(sweet morning and happy birthday ပါကိုကို...နောက်နှစ်ဆို ၃၀ပြည့်တော့မှာလူဆိုးရဲ့...၂၀ကျော်ရဲ့နောက်ဆုံးနှစ်ကိုဒီလိုကြီးဘဲအိပ်နေတော့မှာလား မတန်လိုက်တာ...နှုတ်ခမ်းတွေကလေ ကိုကိုနိုးလာမှတူတူနမ်းကြမယ်နော်...)
ချမ်း,ကိုကို့နှုတ်ခမ်းတွေကိုလက်မဖြင့်သာသာပွတ်ဆွဲနေမိပြီးနောက် လက်တွေဟာရင်ဘက်ပေါ်ဆီခရီးဆန့်လာပြီး နှလုံးသားရှိရာရင်အုံပေါ်ဖွဖွပုတ်ပေးလာလေ၏။
(ဆုတောင်းနေကျစကားလေးပါ...ဒီလက်တွေနဲ့ပြုခဲ့ဖူးသမျှကုသိုလ်ကောင်းမှုအစုစုရဲ့အဖို့ဘာဂတွေ ဤလူသားကိုယ်ထဲစီးဝင်ပြီး ခွန်အားဖြစ်တည်ပေးပါ...ဖြစ်တည်လာမယ့်ခွန်အားတွေကိုအသုံးချပြီးမြန်မြန်နိုးထလာပေးပါတော့ ကိုကိုရယ်..ကျွန်တော်ပြိုလဲနေတာကျွန်တော်ဘဲသိလို့ပါ...ကြာရင်ကျွန်တော်ကိုကို့နောက်လိုက်လာမိတော့မယ်)
ရင်ဘက်ကိုတဖွဖွပုတ်ပေးနေတဲ့ချမ်း,သည်ခေတ္တအကြာမှာတော့ ကိုကို့အားတစ်ချက်စိုက်ကြည့်ပြီးနောက် အခန်းထဲရှိအလုပ်စားပွဲထံလျှောက်လာလိုက်ပါသည်။
ဦးဝေနှင့်ညိုချော၏သင်ပြမှုအောက်တွင် တချို့စာရင်းဇယားတွေဟာ ချမ်း,အတွက်အခက်အခဲမရှိကျော်ဖြတ်လာနိုင်ခဲ့၏။
ထို့နောက်မှာတော့ အခန်းထဲဝယ်စက်တွေဆီမှထွက်လာတဲ့အသံရယ် စာရွက်တဖျတ်ဖျတ်လှန်သံတွေရယ်ဟာ ဤအိမ်မှလူများနေ့တိုင်းကြားနေရသည့်နံနက်ချိန်ခါတေးသံသာများပင်ဖြစ်ပါတော့သည်။
=================================
"အင်းးးးး"
လက်နှစ်ဖက်ကိုအပေါ်သို့ဆန့်တန်းကာဟိုဖက်ဒီဖက်ယိမ်းပြီးအပျင်းကြောဆန့်နေရင်း နံရံပေါ်ကနာရီဆီအကြည့်ရောက်တော့ မနက် ၇:၄၅ ... ။
(အင်း...၈ နာရီတောင်ထိုးတော့မယ်)
ယခုမှလက်စသတ်ထားတဲ့ဖိုင်တွဲရယ် ရုံးယူသွားရမည့်နောက်ထပ်ဖိုင်တွဲနှစ်တွဲရယ်ကို လက်ဆွဲအိတ်ထဲထည့်လိုက်ပြီးနောက် အိတ်ကိုဆွဲကာ ကိုကို့နားလျှောက်လာတဲ့ချမ်း။
"ကိုကို ကျွန်တော်ရုံးသွားတော့မယ် ... ပြန်လာရင်နိုးနေတာဘဲမြင်ချင်တယ်နော် ...မနိုးသေးရင်နောက်နေ့တွေမနမ်းတော့ဘူး"
အလုပ်သွားခါနီးပြောနေကျခြိမ်းခြောက်စကား။ ဘယ်လိုဘဲခြိမ်းခြောက်ခြိမ််းခြောက် ကိုကိုတစ်ယောက်ကတော့အဖက်မလုပ်တာ ကိုးလတောင်ကျော်ခဲ့ပြီမဟုတ်ပါလား။ ကျွန်တော်ကလည်း ပြန်လာတိုင်းသူနိုးနိုးမနိုးနိုး ပါးတွေကိုဘယ်ပြန်ညာပြန်နမ်းနေဆဲပါ။ ထို့နောက်ချမ်း,အလုပ်မသွားခင်ကိုကို့အတွက်လိုတာတွေစစ်ဆေးပေးပြီးနောက် မနက်စာစားရန်အောက်ဆင်းခဲ့ပါ၏။
အောက်ထပ်အရောက် ထမင်းစားခန်းထဲမှထွက်လာသည့်ဖွားမှုံအားတွေ့လိုက်ရတာကြောင့်...
"ဖွားမှုံ ဘယ်လဲ"
"ဟင် ... မြေးလေး ဆင်းလာပြီလား ဖွားဆွမ်းတော်သွားစွန့်မလို့လေ"
"အယ်...ဟုတ်သားဘဲ သားအလုပ်ထဲမျောပြီးဆွမ်းတော်စွန့်ခဲ့ဖို့မေ့သွားတယ်...ဖွားမှုံ နေ နေ နေ သားသွားလိုက်မယ်"
ပြောပြီးအပေါ်ပြန်တက်ဖို့လုပ်နေတဲ့သူ့ကို ဖွားမှုံကလှမ်းဆွဲလိုက်ပြီး...
"ဖွားသွားလိုက်ပါ့မယ် မြေးအလုပ်သွားဖို့လုပ် ဟိုမှာဖွားမုန့်ပြင်ပေးပြီးပြီ စားသွားနော်"
ထမင်းစားခန်းထဲမေးငေါ့ပြပြီးတတွတ်တွတ်ပြောနေတဲ့အဖွားအိုလေး...၈ နာရီဘဲရှိသေးတာကြောင့် ချမ်း,မုန့်ဟင်းငါးစားပြီးမှသာသွားရန်အစကတည်းကရည်ရွယ်ထားပါ၏။ ထို့ကြောင့် ချမ်း,သူ့လက်ကိုဆွဲထားတဲ့ဖွားမှုံကို အသာပြန်ဆွဲလိုက်ပြီးလှေကားပေါ်တွန်းတင်ဟန်ပြုကာ...
"အဲ့ဒါဆိုသားမုန့်စားလိုက်မယ်နော် တော်ကြာပွသွားဦးမယ်"
"အေး အေး မြေး..တစ်ပွဲနဲ့မဝရင်ထပ်ထည့်စားနော် အဆင်သင့်ပြင်ပြီးသားတွေရှိတယ်"
လှေကားပေါ်တရွေ့ရွေ့တက်နေတဲ့အဖွားအိုကသူဗိုက်မဝဘဲအလုပ်သွားလိုက်မည်စိုး၍နောက်ဆံတင်းတင်းပြောလာလေသည်။
"ဟုတ် ဖွားမှုံ"
ဖွားမှုံ အပေါ်ထပ်ကိုအန္တရာယ်ကင်းကင်းရောက်သွားပြီဆိုမှ ချမ်း,ထိုနေရာမှလှည့်ထွက်ကာထမင်းစားခန်းထဲဝင်လာခဲ့လေ၏။
ပြောင်းလဲမသွားတဲ့ဖွားမှုံလက်ရာမုန့်ဟင်းငါးကသူ့ကိုသုံးပွဲအထိဆွဲဆောင်ခဲ့ပါလေတော့သည်။
===========================
"ဦးဝေ ကျွန်တော့်ကိုဒီအပိုင်းလေးပြန်စစ်ပေးပါ မသေချာမှာစိုးလို့"
ရှယ်ယာရှင်တွေဆီအမြတ်ငွေအချိုးကျခွဲပေးရမည့်စာရင်းအားညွှန်ပြ၍ပြောလိုက်ခြင်း။ အတွေ့အကြုံလုံးဝမရှိဘဲရောက်လာရသည့်နေရာအတွက်သူဘယ်လိုပင်ကြိုးစားကြိုးစား ယခုအချိန်ထိသင်္ချာကိန်းဂဏန်းတွေကသူ့ကိုခေါင်းခြောက်စေတုန်းပင်။ သူ့ဖို့ ကိန်းဂဏန်းတွေညှိတာထက် ဆံခြည်မျှင်သွေးကြောရှာတာကပိုပြီးသက်သောင့်သက်သာဖြစ်စေပါ၏။ ဒါကြောင့်လည်း ကျွမ်းကျင်ရာလိမ္မာဆိုသောစကားဖြစ်လာခဲ့ပုံရပါသည်။
ဦးဝေ,ကပေးလာသောဖိုင်တွဲကိုလှမ်းယူလိုက်ပြီး  ညွှန်ပြ‌သောနေရာကိုကြည့်ပြီး ခေါင်းတဆတ်ဆတ်ညိတ်ကာ...
"ဦးဝေပြန်လုပ်ပေးပါ့မယ်...သား ဘာလုပ်စရာရှိသေးလဲ"
"ကျွန်တော် အခွန်ရုံးသွားစရာရှိတယ် ခဏနေသွားမလားလို့လေ"
"သားတစ်ယောက်တည်းလား"
"အစကကိုညိုချောကိုခေါ်သွားမလို့ဘဲ...သူဖေဖေ့နောက်ပါသွားတော့ကျွန်တော်တစ်ယောက်တည်းသွားလိုက်တော့မယ် ဦးဝေ"
"အဆင်ပြေမယ်ဆိုသဘောပါ တစ်ခုခုကိုဦးဝေကိုဖုန်းခေါ်လိုက်နော်...ကဲ ဒါဆို ဦးဝေသွားပြီ"
"ဟုတ်ကဲ့ ဦးဝေ"
ဦးဝေ,ထွက်သွားသည်နှင့် ချမ်း,လည်းလိုအပ်တာတွေယူပြီးအခွန်ရုံးသွားရန်ပြင်ရလေ၏။ လကုန်ရက်တွေမှာ လချုပ်စာရင်းတွေအရှုံးအမြတ်စာရင်းတွေ ခံစားခွင့်ခွဲပေးရတဲ့ကိစ္စတွေ အခွန်ကိစ္စတွေနဲ့ကျွန်တော် ဒေါင်းတောက်မတတ်ချာချာလည်နေလေ့ရှိသော်လည်း ယခုနောက်ပိုင်းမှသတိထားမိရသလောက်အရင်ကကိုကိုရဲ့လကုန်ရက်တွေဟာ ကျွန်တော့်ကိုအချိန်ပေးနေရင်းဖြင့်ပျော်ပျော်ရွှင်ရွှင်ကုန်ဆုံးနေတတ်ခဲ့သည်။ ဒီလောက်အလုပ်တွေရှုပ် ခေါင်းတွေနောက်နေရတဲ့ကြားက ကျွန်တော့်အတွက်ဆိုပြုံးပျော်နေခဲ့တာတဲ့လား။
အတွေးလေးတွေနဲ့ငိုင်ကျသွားတဲ့ ချမ်း။ အလုပ်စားပွဲ တစ်နည်းအားဖြင့်ကိုကို့စားပွဲပေါ်ရှိ ဓာတ်ပုံstandလေးဆီအကြည့်ရောက်ပြီးဖွဖွပြုံးမိပြန်သည်။ ကိုကို့အနီးပတ်ဝန်းကျင်မှာသူနဲ့ဆိုင်တဲ့ပစ္စည်းလေးတွေတစ်ခုမဟုတ်တစ်ခုရှိနေတတ်သည်။ အလုပ်စားပွဲပေါ်မှာကသူတို့မင်္ဂလာဦးဆွမ်းကျွေးတုန်းက ပိတောက်ပင်ကြီးနောက်ခံနဲ့ရိုက်ထားတဲ့ပုံလေး၊ ကိုကို့ကားထဲမှာက သူခွဲခန်းဝတ်စုံနဲ့ပုံလေး ၊ ကိုကို့ပိုက်ဆံအိတ်ထဲမှာကဒီမင်္ဂလာဦးဆွမ်းကျွေးပုံအသေးစားလေး၊ကိုကို့ဖုန်း wallpaper က သူဂျူတီကုတ်နဲ့ပုံလေး၊ ကွန်ဒိုခန်းလျှို့ဝှက်နံပါတ်ကလည်း သူ့မွေးနေ့ဂဏန်းတွေ၊ ပြီးတော့ ကိုကို့ဝဲဘက်ရင်ဘက်မှာကသူ့ပုံတက်တူးနဲ့ ဘယ်ဘက်လက်ကောက်ဝတ်မှာက သူ့ဆံပင်တွေနဲ့လုပ်ထားတဲ့လက်ပတ်ကြိုးလေး အားလုံး အားလုံးက သူ့အငွေ့အသက်တွေနဲ့ဖုံးလွှမ်းနေခဲ့ပါသည်။
ဖွဖွလေးပြုံးပြီး ပုံထဲရှိကိုကို့မျက်နှာကိုပွတ်သပ်နေတဲ့ ချမ်း,ဟာ သူ့အနီးဝန်းကျင်မှာတော့ကိုကိုနဲ့ပတ်သက်တဲ့အရာမရှိသလောက်နည်းသည့်အဖြစ်ကိုတွေးမိလေတော့ အားနာမှုတွေနဲ့မျက်နှာလေးဟာဖွဖွပြုံးနေရင်း တဖြည်းဖြည်းညှိုးကျလာခဲ့၏။
(ကိုကိုကျွန်တော့်ထက်ပိုချစ်တာဘဲ...)
တစ်စုံတစ်ယောက်ရဲ့တန်ဖိုးကိုသူမရှိတဲ့အခါမှသိလိမ့်မယ်တဲ့။ တန်ဖိုးဆိုတာဘာကိုပြောတာလဲ။ ကမ္ဘာကြီးအပေါ် ဆိုင်ရာဝန်းကျင်အပေါ်သူ့ရဲ့ကောင်းကျိုးပြုမှုလား၊ ချစ်ပေးတတ်မှုလား၊နားလည်ပေးတတ်မှုလား၊ သူကရော သူမရှိတော့တဲ့ အချိန်မှအသိ
အမှတ်ပြုခံရတဲ့အပေါ် ကျေနပ်နိုင်ပါ့မလား။ တွေးမိရသလောက် သူဆိုတဲ့အသိအမှတ်ပြုခံရသူတွေဟာ ပင်ကိုစိတ်ထားပြည့်ဝသူတွေမို့ နောက်ကျမှအသိအမှတ်ပြုလေခြင်းဆိုပြီးစိတ်မကွက်လောက်ဘဲ ရှိစဥ်အခါတုန်းကလိုဘဲကျေကျေနပ်နပ်နဲ့ပြုံးနေကြဦးမှာပါ။  ကျွန်တော်ကရော ??? ကျွန်တော်ကတော့ သူရှိနေစဥ်မှာဘဲသူ့တန်ဖိုးတွေကိုကောင်းကောင်းကြီးသိလာ သဘောပေါက်လာပြီဖြစ်တဲ့အတွက် သူပြန်လာတဲ့အထိကျေကျေနပ်နပ်ကြီးနဲ့ငြိမ်ငြိမ်လေးစောင့်နေဦးမှာပါဘဲ။ သူ့အငွေ့အသက်တွေရှိတဲ့ ဒီရုံးခန်းလေးနဲ့ သူအနားယူနေတဲ့အခန်းလေးထဲမှာဘေးကနေတိတ်တိတ်လေးသူ့ကိုငေးပြီးစောင့်နေဦးမှာပါဘဲ။ တစ်ခုဘဲ သူလမ်းမမှားဘဲအိမ်ပြန်လမ်းကို ဖြောင့်ဖြောင့်ဖြူးဖြူးရှာတွေ့ပါစေလို့ ဆုတောင်းရင်းနဲ့ပေါ့။
(ကိုကို ... ဒီမှာစောင့်နေတဲ့လူတွေရှိသေးတာမလို့အိမ်ပြန်ချင်စိတ်လေးပေါ်လာပေးပါနော်...)
"ဟင်းးးးးး"
သက်ပြင်းမောကြီးမှုတ်ထုတ်ပြီးတဲ့နောက် အခွန်ရုံးသွားဖို့ချမ်း,တစ်ယောက်ပြင်ဆင်ပြီးထွက်ခဲ့ပါတော့သည်။ အလုပ်တွေရှုပ်ပြီးအချိန်တွေမြန်မြန်ကုန်လည်း ကိုကိုနဲ့တွေ့ရဖို့တစ်ရက်နီးလာတာပေါ့။ တံခါးပိတ်သံလေးကျန်ခဲ့တဲ့ရုံးခန်းထဲမှာတော့ စားပွဲပေါ်က ပုဆိုးတိုက်ပုံဆင်တူနဲ့သတို့သားနှစ်ယောက်ရဲ့မျက်နှာလေးတွေဟာ အချိန်တိုင်းပြုံးနေဆဲပါ...။
==================================
၄၉၃ ရက်ကြာပြီးနောက်.....
၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၃၁ရက် ညနေ ၅ နာရီကျော်ကျော်.....
တီတီတီတီတီတီ.........
ရေချိုးခန်းထဲမှထွက်ထွက်လာချင်း တတီတီနဲ့ဆူညံစွာထွက်ပေါ်နေတဲ့စက်သံတွေနဲ့ ကုတင်ပေါ်မှာရှော့ခ်ရိုက်ခံနေရသလို တဖျတ်ဖျတ်ခါပြီးလူးလွန့်နေတဲ့ချစ်ရသူရဲ့ခန္ဓာကြောင့် ချမ်း,မျက်စိထဲပျာဝေသွားပြီး ရင်ခုန်နှုန်းကမောက်ကမနဲ့ထိုနေရာဆီအပြေးသွားလေ၏။ ဘာဖြစ်နေ၍ဘာလုပ်ရတော့မည်ဆိုတာသိနေပြီး တစ်ယောက်တည်းလုပ်လို့မရတဲ့ကိစ္စဖြစ်နေတာကြောင့်လည်ချောင်းထဲမှစိုးရိမ်စိတ်နဲ့ထိတ်လန့်စိတ်ပေါင်းစပ်နေတဲ့အော်သံတစ်ခုထွက်ကျလာခဲ့၏။
"မေမေ !!!!!"
အော်သံအပြီးမရှေးမနှောင်းဆိုသလိုပင် အခန်းဝရှေ့ပေါ်လာတဲ့ဒေါ်မေသူအောင်...အခန်းထဲမှစက်သံတွေနဲ့ ကုတင်ပေါ်မှတဖျတ်ဖျတ်လူးနေတဲ့သားကြီးခန္ဓာကိုယ်ကို အတတ်နိုင်ဆုံးငြိမ်အောင်ဖိချုပ်ထားပြီးသူမ,ကိုမျက်လုံးဝိုင်းကြီးတွေနဲ့အားကိုးတ
ကြီးကြည့်နေတဲ့ သားငယ်ရဲ့ပုံစံကြောင့် ထိုမြင်ကွင်းကိုတစ်ချက်မျှကြည့်လိုက်ပြီးကုတင်ဘေးမှဆေးပစ္စည်းတွေထားရာစားပွဲဆီခပ်မြန်မြန်လျှောက်သွားလိုက်ပါ၏။
သွေးကြဲဆေးရည်ထည့်ထားတဲ့ပုလင်းထိပ်ကိုချိုးပြီး ထိုအရည်တွေကိုဆေးထိုးအပ်မှတစ်ဆင့်ပြွန်ထဲကူးပြောင်းစေပြီးနောက် ဒေါ်မေသူအောင် လူးလွန့်နေတဲ့သားကြီး၏လက်ဖျံကိုထပ်မံချုပ်ကိုင်ပြီး သွေးကြောမှတစ်ဆင့်သွေးကြဲဆေးရည်များထိုးသွင်းလိုက်ပါ၏။ ဆေးရည်တွေပျံ့နှံ့သွားပုံရတာကြောင့် လူးလွန့်နေတဲ့ခန္ဓာဟာတဖြည်းဖြည်းငြိမ်သက်ခြင်းဆီရောက်လာခဲ့ပါသည်။ ပုံမှန်ကျလာတဲ့ စက်သံတွေနဲ့အတူသားကြီးခန္ဓာဟာလည်းအလုံးစုံငြိမ်သက်သွားခဲ့ပါသည်။
"ဟူးးးးး"
အသက်ရှုထုတ်ခြင်းနှင့်ရောပါသွားတဲ့သက်ပြင်းချသံသေးသေးလေးဟာ ကုတင်ပေါ်မှလူ၏သက်ဆိုင်သူဆီမှ။ သူ့ကိုကိုလုံးဝငြိမ်သက်သွားပြီဆိုမှဖိချုပ်ထားခြင်းကိုခွါလိုက်ပြီးဖြည်းဖြည်းချင်းထရပ်လာတဲ့ သားငယ်ပုံစံသည် မုန်တိုင်းပြီးသွား၍ပတ်ဝန်းကျင်ကိုစူးစမ်းဖို့အိမ်ပြင်ထွက်လာတဲ့လူတစ်ဦးပမာ။
ကိုကို ဒီလိုဖြစ်တာဒါနဲ့ဆိုခြောက်ကြိမ်ရှိပြီ။ ကုတင်ပေါ်မှာရှိနေတာ ရက် လ တွေကနေ နှစ် ဆီပါကူးပြောင်းလာတော့ စီးဆင်းလည်ပတ်နှုန်းနှေးလာတဲ့သွေးတွေဟာပိတ်ဆို့မှုတွေဖြစ်လာကြပြီးဒီလိုအခြေအနေတွေရောက်လာစေတော့တာပေါ့။ အဲ့ဒီတော့ ကိုကို့အတွက်လိုတဲ့ဆေးစာရင်းမှာသွေးကြဲဆေးတစ်မျိုးပါထပ်တိုးလာခဲ့တော့တာပေါ့။
"မေမေ~~~ သားတို့မှာနည်းလမ်းမရှိတော့ဘူးလား"
အစ်ကိုဖြစ်သူဆီမှအကြည့်မလွှဲဘဲပြောလာတဲ့သားငယ်ရဲ့စကား။အဲ့ဒီအတွက်သူမ,မှာအဖြေမရှိပါ။ တဖြည်းဖြည်းသေချာလာတဲ့ ကိုမာဆိုတဲ့အခြေအနေဟာကမ္ဘာပေါ်မှာရှိတဲ့ အတော်ဆုံးဆရာဝန်အကောင်းဆုံးဆေးဝါးဆိုသည့်အရာတွေကပါလက်မြှောက်ထားသည့်အရာ။ ကံကြမ္မာနဲ့ကာယကံရှင်ကိုယ်တိုင်သာအဖြေထုတ်နိုင်သည့်ပုစ္ဆာတစ်ပုဒ်လိုပါပင်။
ဒေါ်မေသူအောင် သားငယ်မျက်နှာကိုကြည့်နေရင်းဖြင့်သာသက်ပြင်းတိုးတိုးချမိပါသည်။ ထိုကလေးလည်းပင်ပန်းနေလောက်ပါပြီ။ အဖြေမရှိတဲ့မေးခွန်းအတွက်ထိုအခန်းထဲမှာရပ်နေနိုင်စွမ်းမရှိတော့တဲ့မိခင်ဟာရင်ကွဲပက်လက်ဖြင့်သာတိတ်တဆိတ်ထွက်လာခဲ့ပါ၏။
(ဒီနေ့ရုံးချုပ်မှာနှစ်ကူး staff party ရှိတယ်ကိုကို...ဖေဖေလည်းခရီးထွက်နေတော့ ကျွန်တော်မရှိလို့မရဘူး...ဘာလုပ်ရမလဲ)
ချမ်း,သူ့ဆံပင်တွေသူဆွဲဆုပ်ကုတ်ဖဲ့ပြီးအံတင်းတင်းကြိတ်မိ၏။
(အားးး ငါရူးတော့မယ် ကိုကိုရ!!! ခင်ဗျားအိပ်ရေးမဝသေးဘူးလား တဖြည်းဖြည်းကောင်းလာရမှာလေ ဘာလို့ဆိုးဆိုးလာတာလဲဗျ !!! ရူးတော့မယ် ရူးတော့မယ် ရူးတော့မယ်!! သောက်မယ် မူးအောင်သောက်မယ် သေအောင်သောက်မယ် မူးပြီးသေသွားလည်းခင်ဗျားကိုလာရှာလို့ရတာပေါ့)
ခြေလှမ်းကြဲတွေဟာအဝတ်လဲခန်းဆီဦးတည်သွားရင်း နှုတ်မှပွစိပွစိကလည်းစဥ်ဆက်မပြတ်...
"သွားမှာ သွားဦးမှာ မူးအောင်ကိုသောက်ဦးမှာ...အဟားး ခင်ဗျားဘဲပြေးနိုင်မလားကျွန်တော်ဘဲလိုက်ရှာနိုင်မလားကြည့်မယ်လေ..."
တတွတ်တွတ်ပြောနေရင်းအဝတ်အစားတွေလဲနေတဲ့သူဟာစိတ်နဲ့ကိုယ်နဲ့မကပ်သလိုအစီအစဥ်မကျတဲ့စကားတွေမှာလည်းအာရုံထားမိပုံမပေါ်ပါ။
"ဟင်း...၂နှစ်ကျော်တောင်နေနိုင်တယ်ပေါ့လေ ရတယ်ကျွန်တော်ကလည်းကွဲပြဲအောင်သောက်ပြီးဇယားလေးတွေခေါ်တင်ပြမယ်...ခင်ဗျားနေနိုင်မလားကြည့်ရသေးတာပေါ့ ဒီမှာ ဆေးလောကရော စီးပွားရေးလောကရော ဘုန်းပြည့်ချမ်းဟန်ဆိုငမ်းငမ်းတက်နေပြီနော် ခင်ဗျားသိလား...သောက်မှာ ခင်ဗျားလိုအအေးလောက်ဘဲသောက်တဲ့နှုတ်ခမ်းထက် ကျွန်တော့်လိုဝိုင်နံ့သင်းနေတဲ့နှုတ်ခမ်းကပိုစွဲမက်ဖို့ကောင်းမှာပေါ့ ဟုတ်တယ်မလား လူအိုကြီးရဲ့ ဟုတ်တယ် ခင်ဗျားကလူအိုဖြစ်သွားပြီ ၃၀ပြည့်ပြီးပြီလေ လူအိုဘဲဘာမှလာမပြောနဲ့...ခင်ဗျားကြည့်နေလိုက် sexyကျတဲ့ကျုပ်နှုတ်ခမ်းတွေနဲ့တခြားတစ်ယောက်ကိုနမ်းပစ်မယ် ခင်ဗျားအိပ်ပြီးဘဲကြည့်နေလိုက် !!! အဟားးး နိုးမလာနဲ့ ကြည့်ရဲရင်ကြည့်နေလိုက် !!!"
"ကျစ် !!!"
အဝတ်အစားလဲပြီးအခန်းထဲပြန်ရောက်လာတဲ့သူဟာ ကိုကို့နားစားပွဲအပုလေးပေါ်ရှိအလှပန်းအိုးနဲ့နှင်းဆီပန်းတွေကိုမြင်လိုက်ရတဲ့အခါအလိုမကျစွာဖြင့် စုပ်သပ်မိပါ၏။ ထို့နောက်....
"မဇာ !!!"
အပေါ်ထပ်မှထွက်လာတဲ့ဟိန်းခနဲအော်ခေါ်သံကြီးကြောင့် မီးဖိုခန်းထဲမှာဘူးသီးထိုင်လှီးနေတဲ့ ဇာဇာဆတ်ခနဲတုန်သွားပြီးနောက်...
"ရှင် !!! လာပြီ အကိုလေး!!!"
သူအော်ခေါ်ပြီးခဏအကြာသူ့နားရောက်လာတဲ့ မဇာကသူမပြောခင် သူ့ကိုအရင်ဆူပါ၏။
"အကိုလေးကလည်းအသံပြဲကြီးနဲ့ တော်ကြာကိုလေးဘုန်းလန့်သွားဦးမယ်"
"လန့်ပစေ လန့်ပြီးနိုးလာလည်းကောင်းတာပေါ့ ကျွန်တော်ပြောဦးမယ် ဟိုမှာ ဟိုပန်းတွေကဘယ်သူထိုးခိုင်းထားတာလဲ"
ကုတင်ဘေးရှိနှင်းဆီပန်းတွေကိုမေးငေါ့ပြပြီးပြောလာတော့ ဇာဇာလည်းထိုပန်းတွေဆီအကြည့်ပို့လိုက်ပါ၏။
"အော်...အဲ့ဒါ အန်တီမေထားထားခိုင်းတာလေ အကိုလေးရဲ့ ဘာဖြစ်လို့လဲ"
ချမ်း,စိတ်အလိုမကျစွာဖြင့်မျက်မှောင်ကုတ်လိုက်ပြီး မေမေ့ဆီထွက်လာခဲ့ပါသည်။ အနောက်မှာခေါင်းကုတ်ပြီးကျန်ခဲ့တဲ့ဇာဇာ...
"အယ်...ဘာမှလဲမပြောဘူး"
တံခါးခေါက်သံပေးပြီး အခန်းထဲဝင်လိုက်တော့တာလီနဲ့ပုတီးစိပ်နေတဲ့မေမေကသူ့ကိုပြုံးပြလာပါ၏။
"မေမေ..ကိုကို့အခန်းထဲကနှင်းဆီပန်းတွေမေမေထားခိုင်းတာဆို"
"အေးလေ ဘာဖြစ်လို့လဲသားရဲ့"
"သားဖယ်ခိုင်းမလို့...တော်ကြာပန်းရှိရင် ပျားတွေပိတုန်းတွေလာပြီးကိုကို့ကိုကိုက်နေရင်ဘယ်လိုလုပ်မလဲ...ဟိုအိပ်နေတဲ့လူကသူနာနေရင်လည်းနာလို့နာတယ်ပြောနိုင်မှာမဟုတ်လို့လေ အဲ့ဒါကြောင့်ဖယ်ခိုင်းမလို့ နော် မေမေ နော်"
ဒေါ်မေသူအောင် သားငယ်ရဲ့အကဲပိုမှုကိုအပြစ်မဆိုရက်ပါပေ။ ထိုအစားခေါင်းညိတ်ပြလိုက်ပြီးသာသူလုပ်ချင်နေတာကိုခွင့်ပြုလိုက်ပါ၏။
"သားသဘော...ဒါနဲ့သား ဒီနေ့နောက်ကျမှာလား"
"အဲ့ဒါပြောမလို့ မေမေ...သားဒီနေ့ပြန်မလာတော့ဘူး ရှောင်လို့မရဘဲသောက်ဖြစ်မှာဆိုတော့ အဲ့ဒီအနံ့အသက်တွေနဲ့ကိုကို့နားမနေချင်လို့ပါ သားဒီညကွန်ဒိုမှာဘဲ အိပ်လိုက်မယ်နော် မေမေ"
"အေးပါ ကိုကို့ကိုစိတ်ချ တစ်ခုခုဆိုဝင်းနိုင်လည်းရှိတယ်... သားတစ်ယောက်တည်းဆိုတော့ အများကြီးလည်းသောက်မနေနဲ့ဦး.."
"ဟုတ် မေမေ...  အဲ့ဒါဆိုသားသွားတော့မယ် ပန်းတွေမဇာကိုဖယ်ခိုင်းလိုက်တော့နော် မေမေ"
"အေး အေး"
ထွက်သွားတဲ့သားဖြစ်သူရဲ့ကျောပြင်ကိုကြည့်ပြီး ဒေါ်မေသူအောင် ခေါင်းသာယမ်းမိပါသည်။
"ဒီလောက်အလုံပိတ်ထားတဲ့အခန်း ဘယ်ပျားကဘယ်အပေါက်ကဝင်မှာလဲ ကိုအကဲလေးရယ်"
=================================
"19941006..အဲ့ဒီနံပါတ် ကိုညိုချော အေ့ !!"
ညိုချော,အကိုလေးပြောတဲ့နံပါတ်ကိုနှိပ်နေရင်း တစ်ဖက်မှလည်းအူရိုင်းကိုထိန်းထားရတဲ့ကြားက ဘီယာဘူးတွေထည့်ထားတဲ့အိတ်ကိုလည်းကိုင်ထားရပါသေး၏။
"ရပြီ ရပြီ အကိုလေး"
ထို့နောက် ညိုချောလည်း ချမ်း,ကိုထိန်းပြီးတွဲခေါ်လာရင်းဧည့်ခန်းကဆိုဖာဆီမှာထိုင်ခိုင်းဖို့လုပ်တော့..
"နိုး နိုး နိုး ကိုညိုချော ကျွန်တော့်ကိုဟိုဖက်ကဝရန်တာခန်းဆီပို့ပေးပါဗျ...အေ့!! အဟေးဟေးးး "
"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ"
ညိုချော,လည်းအူရိုင်းအလိုကျဝရန်တာခန်းဆီတွဲခေါ်ခဲ့ရပြန်၏။
"အင့်..."
ဝရန်တာခန်းဆီရောက်တော့ ကိုယ်တော်ကကုတင်ပေါ်အခန့်သားထိုင်ချပြီးပါးစပ်ကြီးပိတ်ကာပါးစုံများမို့တက်အောင်ပြုံးပြုံးကြီးလုပ်နေရင်းမတ်မတ်ထိုင်နေပါ၏။ မတ်မတ်ထိုင်သော်လည်း သူ့ရေချိန်ကလွန်နေသည်မို့မတ်မတ်ကြီးကနေကုတင်ပေါ်ပုံစံမပျက်လဲသွားပါ၏။ ညိုချောကထိုအူရိုင်းကိုပြန်ဆွဲထူပေးလိုက်ပြီး...
"အကိုလေး အကိုလေး ... တစ်ယောက်တည်းရရဲ့လား ကျွန်တော်ပြန်တော့မလို့..."
ထိုအခါ ပြုံးပြုံးကြီးထိုင်နေသူကသူ့ကိုမကြည့်ဘဲ လက်မထောင်ပြလာပြီး...
"သိုင်းကျူး..."
"ဟုတ် ဟုတ်...ဒါ ဒါဆိုကျွန်တော်စိတ်ချပြီးသွားမယ်နော်"
"အေ့ !! သိုင်းကျူး..."
ခြေဆင်းပြီးခါးကိုမတ်နေအောင်ထိုင်နေသူကပုံစံမပျက်။ ညိုချောလည်းသူ့ကိုလှည့်ကြည့်လှည့်ကြည့်ဖြင့်သာလာရာလမ်းအတိုင်းပြန်ထွက်လာခဲ့ပါသည်။
ခေတ္တအကြာမတ်နေအောင်ထိုင်နေသူက ဘီယာတစ်ဘူးလှမ်းယူလိုက်ပြီး ထိုဘီယာဘူးအားစိုက်ကြည့်ကာ...ဘူးပေါ်မှလက်ကိုင်ဖောက်ကွင်းလေးအားပွတ်သပ်ပြီးနောက်...
"All D ထွက်ထားတဲ့ဦးနှောက်ကအလွယ်လမ်းလိုက်ဖို့မှမဟုတ်တာ..အဟေးး အေ့!! ခဏလေးစောင့် ဖောက်ပေးမယ်"
ထို့နောက် ဒယီးဒယိုင်ထွက်သွားတဲ့အူရိုင်းဟာ တအောင့်အကြာမှာတော့ ဝရန်တာခန်းဆီတန်းတန်းမတ်မတ်ပြန်ရောက်လာပါ၏။
ဘီယာဘူးပေါ်ရောက်လာတာက ငါးသေတ္တာဘူးဖွင့်သည့်ဖောက်တံ...တစ်ဖက်မှကိုင်ကာ တစ်ဖက်မှအရစ်တိုင်းလှည့်ကာလှည့်ကာဖောက်နေရင်းနောက်ဆုံးမှာတော့....
ရှူးးးးးးးး.....
ဘီယာသည်အမြှုပ်များကန်ထွက်လာကာညာသံပေးထွက်ကျလာခဲ့ပါ၏။
"အင်းးး nice..."
ချမ်း,ငါးသေတ္တာဘူးဖောက်တံကိုဘေးနားချပြီး အမြှပ်တစီစီနဲ့ဘီယာဘူးအားကောက်ကိုင်ကာ တစ်ငုံမော့သောက်လိုက်ပါ၏။
"အဟွတ် !!! ဖူးးးး ခါးလိုက်တာ...နုံးနုံး(နေဦးနေဦး) ခါးတယ်ပေါ့ ငါနဲ့တွေ့မယ် smart brain ပိုင်ရှင်နဲ့တွေ့မယ် အေ့!!"
တစ်ဖန် ဒယီးဒယိုင်နဲ့ထွက်သွားပြန်တဲ့ ချမ်း, တအောင့်အကြာမှာတော့ သကြားဘူးနဲ့ဇွန်းတစ်ချောင်းကိုင်ပြီးပြန်ရောက်လာပါ၏။
သကြားဘူးဖွင့်ပြီးတစ်ဇွန်းခပ်ယူကာ ဘီယာတွေထဲလောင်းထည့်ပြီးအမှန်အကန်မွှေပါ၏။ ဘီယာဘူးနံရံနဲ့ဇွန်းထိနေတဲ့ကလောက် ကလောက်အသံဟာဝရန်တာအခန်းထဲမှာအတိုင်းသား။ ထို့နောက် အူရိုင်းဟာ သကြားခပ်ထားတဲ့ဘီယာကိုကောက်မော့လိုက်ပြန်ပါသည်။
"အွန်းးးး good....အေ့!!"
ဘာအရသာမှန်းမသိတော့တဲ့ဘီယာဟာစကားပြောတတ်လျှင်"ငါ့ဂုဏ်သိက္ခာကျတယ်ကွာ" ဟုထပြောမလားပင်။ ဘီယာကိုတမြမြသောက်နေသူဟာကျေကျေနပ်နပ်သောက်နေဆဲပါပင်။
"Nobody love meeeee...my youth is yours နိုးနိုးနိုး အေ့!! ကိုကို my ass is yours...အဟီ...ခွီးးးးဟီးးဟီးး ခစ်ခစ်ခစ် အဟစ် my ass is yours တဲ့ ငါ ိုးမချမ်း...ရှက်စရာကြီး...ဟားဟားဟား"
ပေါက်ကရစာသားတွေ ပေါက်ကရစကားတွေနဲ့မူးရူးနေတဲ့ချမ်း,ဟာခဏအကြာမှာတော့ ‌လက်ပတ်နာရီကိုတစ်ချက်ငုံ့ကြည့်လိုက်ပါ၏။ ထို့နောက် လက်ကိုပြန်ချပြီးရှေ့တူရှုကြည့်လိုက်ကာ...
" ၅ ၄ ၃ ၂ ၁....."
ထိုစဥ် ချမ်း,မြင်ကွင်းရှေ့ရှိမဟူရာကောင်းကင်ပေါ်ဆန့်တန်းတက်လာတဲ့ရောင်စဥ်ဖြာများ...ချမ်း,နားထဲတိုးဝင်လာတဲ့ အရပ်လေးမျက်နှာမှအော်သံများ...
!!! Happy new year !!!
"ဟွန်းးဟွန်း...Happy new ဘောမှမယားပါ အေ့!"
ညစ်ကျယ်ကျယ်ဖြစ်နေတဲ့ချမ်း,ဟာ လက်ကျန်ဘီယာကိုမော့သောက်လိုက်ပြီးနောက်...
(ကိုကို ခင်ဗျားအိပ်‌‌နေတဲ့နှစ်ကူးနှစ်ခါ ခင်ဗျားအိပ်နေတဲ့သင်္ကြန်နှစ်ခါ ခင်ဗျားအိပ်နေတဲ့သီတင်းကျွတ်နှစ်ခါ မွေးနေ့ရှင်အိပ်နေတဲ့ ၂၉ ၃၀ ခင်ဗျားအိပ်နေတဲ့ ကျွန်တော့်ရဲ့ ၂၅ ၂၆ ... သိပ်ပျော်လား ခင်ဗျားအဲ့ဒီမှာသိပ်ပျော်နေသလား ကျွန်တော်မပင်ပန်းဘူးလို့ပြောရင်လိမ်ရာကျမှာပေါ့...ပင်ပန်းတာပေါ့ ကျွန်တော်အရမ်းပင်ပန်းတယ် ထိုင်စောင့်နေရမယ့်အစား သတိရလာတဲ့ခင်ဗျားကိုအတိုးချပြီးပြုစုချင်တာ...ကိုကို ခင်ဗျားအိပ်နေတဲ့တတိယအကြိမ်တွေမလိုချင်တော့ဘူး ခင်ဗျားရဲ့ ၃၁နှစ်မှာ ကျွန်တော်ခင်ဗျားရဲ့နှုတ်ခမ်းကို ၃၁ခါနမ်းချင်တယ်...ခင်ဗျားအိပ်နေတဲ့ ကျွန်တော့်ရဲ့ ၂၇နှစ်ကိုလည်းမဖြတ်သန်းချင်တော့ဘူး...ကျေးဇူးပြုပြီး ပြန်လာပါတော့ ကျွန်တော့်အမျိုးသားရယ်...)
အတွေးလည်းအဆုံးအိပ်ရာပေါ်လဲပြိုသွားတဲ့ ချမ်း...။ ဝိုးတဝါးနဲ့ရီဝေဝေအမြင်တွေမှာ ကိုကိုကသူ့ကိုလက်ကမ်းပေးနေတာကြောင့် သူအစွမ်းကုန်ပြုံးပြီးလက်ပြန်ကမ်းလိုက်တော့ ဖမ်းဆုပ်မိတာကဗလာချည်းသက်သက်လေဟာနယ်တစ်ခုသာ။ လေထုကိုဘဲဖမ်းဆုပ်မိလိုက်တဲ့လက်ဟာရုပ်ပျက်ဆင်းပျက်ပြန်ကျလာပါ၏။ မဖွင့်နိုင်တော့တဲ့မျက်လုံးတွေကြောင့် ချမ်း,တစ်ယောက်အိပ်စက်ခြင်းဆီသို့သာ...။
"ခင်ဗျားကသိပ်ဆိုးလိုက်တာ..."
==================================
၂၀၂၁ ခုနှစ်  ဇန်နဝါရီလ ၁ ရက် သောကြာနေ့ နံနက် ၄:၅၀.....
အမှောင်ထုထဲလျှောက်သွားနေဆဲ...ခရီးဆုံးရင်ပန်းတိုင်တွေ့မယ်ဆိုတဲ့စိတ်ကအင်အားကြီးနေတော့ အမှောင်ထုထဲလည်းမကြောက်မလန့်နဲ့လျှောက်လှမ်းနေဆဲ...သို့သော် ဘယ်လောက်ကြာကြာလျှောက်လျှောက် အလင်းတစ်မှုန်တောင်မတွေ့ရတဲ့ခရီးဟာ ခိုင်မာပါတယ်ဆိုတဲ့သူ့စိတ်ကိုစတင်ဖျက်ဆီးနေသယောင်။ လွှတ်ချလိုက်ချင်ပြီ...ရပ်တန့်လိုက်ချင်ပြီ။ ဘယ်ဖြစ်မလဲ အဲ့လိုလုပ်လို့ဘယ်ဖြစ်မလဲ အောင်ဘုန်းဟန်ရဲ့...။ မင်းရဲ့ချမ်း,စောင့်နေတယ်။အဲ့ဒီကလေးကိုတစ်ယောက်တည်းစိတ်ချလို့လား။ စိတ်မချဘူးမလား အဲ့ဒီတော့ လျှောက်စမ်း...ဒီမှာလဲကျသွားရင်တောင် တရွတ်ဆွဲပြီးလျှောက်စမ်း ဘယ်လိုပုံစံနဲ့ဘဲလျှောက်လျှောက် ချမ်း,ဆီရောက်အောင်ပြန်ရမယ်။
ချမ်း,ဆိုတဲ့အတွေးနဲ့တင်ဘယ်ကမှန်းမသိတဲ့အားတွေဝင်ရောက်လာတဲ့ခြေလှမ်းတွေဟာ နှစ်ဆပိုသွက်လာ၏။ အသက်ရှုနှုန်းတွေမြန်လာ၏။ ထိုစဥ်...
"သား !!"
"ဟင် !!!"
တိတ်ဆိတ်မဲမှောင်နေတဲ့ခရီးမှာအချိန်အတော်ကြာဖြတ်သန်းလာရင်း ပထမဆုံးကြားလိုက်ရတဲ့အသံ။ သား,ဟုခေါ်လိုက်ပေမယ့် အဖေ့အသံလည်းမဟုတ်သလို အမေ့အသံလည်းမဟုတ်။ သို့သော် ရင်းနှီးနေတဲ့အသံကြောင့် ဘုန်းဟန်,နေရာမှာပင်တုံ့ခနဲရပ်သွားပြီး အသံပိုင်ရှင်အားအသည်းအသန်လှည့်ပတ်ရှာပါ၏။
" အမေ!! အမေမဟုတ်လား...အမေဘယ်မှာလဲ !ကျွန်တော့်ကိုကူညီပါဦး!!! အမေ့သားကျွန်တော့်ကိုစောင့်နေမှာ !! အဲ့ကောင်လေးငိုနေတော့မှာ ကျွန်တော့်ကိုလမ်းပြပါဦးအမေရယ်..."
"အမေသိပါတယ်...အမေ့သားလေးက သားကိုစောင့်နေတာ...အဲ့ဒါကြောင့် အမေလမ်းပြမလို့ရောက်လာတာ သား သား အမေဒီမှာ ဒီကိုကြည့်သား !!"
ဘုန်းဟန်,ထိတ်ခနဲဝမ်းသာသွားရပါ၏။ သူ့ကိုလမ်းပြမလို့တဲ့လေ။ချမ်း,မေမေကသူ့ကိုလမ်းပြမလို့ရောက်လာတာတဲ့လေ...နောက်ဆုံးတော့ ကျွန်တော့်ချမ်းဟန်လေးနဲ့တွေ့ရတော့မှာပေါ့...ဟား ဟား ချမ်းရေ...ကိုယ်လာပြီ...ကိုယ်မင်းဆီပြန်လာလို့ရပြီကွ!!!
ဘုန်းဟန်,အသံလာရာကိုအာရုံစိုက်နားထောင်ကြည့်လိုက်တော့ သူ့အောက်ဘက်မှဖြစ်နေတာကြောင့်ငုံ့ကြည့်လိုက်တဲ့အခါ...ဘယ်ဘက်လက်ကောက်ဝတ်မှ ဆံခြည်မျှင်လက်ပတ်လေးဟာအလင်းတန်းလေးများဖြာနေပြီးတလက်လက်ဖြစ်နေသည်အားတွေ့လိုက်ရပါ၏။ ထို့နောက် လက်ပတ်လေးမှဆံခြည်မျှင်အချို့ဟာဆန့်တန်းထွက်လာပြီး အလင်းထွက်နေသည့်ငွေရောင်လိပ်ပြာလေးအသွင်ပြောင်းသွားပါသည်။ ထိုလိပ်ပြာလေးဆီမှ...
"သား...လာ အမေ့နောက်ကလိုက်ခဲ့ သားကို အမေ့သားဆီပို့ပေးမယ်"
ဘုန်းဟန်,အစွမ်းကုန်ပြုံးရယ်လိုက်ရင်း သူ့ရှေ့မှာဝေ့ကာဝိုက်ကာပျံသန်းနေတဲ့လိပ်ပြာလေးနောက်ပျော်ရွှင်စွာလိုက်ပါသွားပါတော့သည်။ မှောင်မည်းနေတဲ့ပတ်ဝန်းကျင်ရဲ့လျှောက်လမ်းဟာ ယခုအကြိမ်မှာတော့လိပ်ပြာလေးဆီမှကြဲချပျံ့နှံ့လာတဲ့အလင်းမှုန်လေးတွေကြောင့်ရှင်းလင်းပြတ်သားစွာမြင်နေရပါ၏။
တဖြည်းဖြည်းလျှောက်လာရင်း လျှောက်လာရင်းတစ်နေရာအရောက်မှာတော့ ရှေ့တွင်ပိတ်နေသည့်တံခါးတစ်ချပ်အားတွေ့လိုက်ရပါတော့သည်။ လိပ်ပြာလေးလည်းထိုနေရာမှာဘဲရပ်တန့်သွားကာ...
"ရောက်ပြီသား...ဖွင့်ပြီးဝင်သွားလိုက်ပါ အမေ့သားလေးကိုစောင့်ရှောက်ပေးပါ"
ဘုန်းဟန်,တံခါးလက်ကိုင်ကိုကိုင်ထားပြီး လိပ်ပြာလေးကိုကြည့်လိုက်ပါ၏။ လိပ်ပြာလေးဟာသူကြည့်နေရင်းနဲ့ဘဲ ချမ်း,မေမေဖြစ်သွားပြီးနောက် ဆံပင်အညိုနဲ့အမျိုးသမီးကြီးဟာသူ့ကိုအရွှင်လန်းဆုံးပြုံးရယ်ပြလာပါသည်။
"ကျွန်တော် ချမ်း,ကိုအရမ်းချစ်တာအမေသိတယ်မလား"
ဆံပင်အညိုနဲ့အမျိုးသမီးကြီးကခေါင်းညိတ်ပြလာပြီး...
"အမေသိပါတယ်...အမေကသားတို့ဆီပြန်လာခဲ့မှာမို့ သားကအမေ့သားနဲ့အတူပျော်ပျော်ရွှင်ရွှင်ကျန်းကျန်းမာမာဖြစ်အောင်နေပြီးစောင့်နေပါ..."
ဘုန်းဟန်, ဒေါ်နှင်းစက်ပျိုကိုပြုံးကြည့်နေမိပါ၏။ မကြာပါ သူ့ရှေ့မှာဘဲရောင်စဥ်ဖြာတန်းတစ်ခုဟာကောင်းကင်ပေါ်တက်သွားခဲ့ပါသည်။ ဘုန်းဟန်,ထိုရောင်စဥ်ဖြာတန်းကိုလည်ပင်းတစ်ဆုံးမော့ကြည့်နေပြီး ရောင်စဥ်ဖြာတန်းကြီးသည်အလင်းစက်လေးဖြစ်သွားတဲ့အချိန်မှာတော့ သူ တံခါးဖွင့်ပြီးခြေလှမ်းလိုက်ပါ၏။
အေးခနဲဖြစ်သွားတဲ့ခံစားချက်နဲ့လေဟာနယ်ထဲပြုတ်ကျသွားတဲ့ သူ့ခန္ဓာ...။ လေထီးစီးနေရသလိုခံစားချက်မျိုးမှာသူဟာကြောက်တော့မကြောက်မိပေမယ့် မျက်လုံးတွေတော့မှိတ်ထားမိပါသည်။အချိန်တစ်ခုအကြာ တစ်ခုခုထဲဆွဲသွင်းခံရသလိုမျိုးခံစားလိုက်ရပြီးနောက်...
ဤအခန်းထဲဝယ် ၂နှစ်ကျော်အိပ်စက်နေတဲ့သူတစ်ယောက်ရှိပါ၏။ တစ်ခါမှမျက်လုံးတွေပွင့်မလာဘဲနဲ့ပေါ့။ ဒါပေမယ့် ၂၀၂၁ ခုနှစ်ရဲ့ပထမဦးဆုံးနေ့အရုဏ်ဦးမှာ ထိုအိပ်စက်နေသူရဲ့မျက်ဝန်းအစုံဟာဖျတ်ခနဲပွင့်လာခဲ့ပါလေတော့၏။ ဒီတစ်ကြိမ်မှာတော့ ကံကြမ္မာ နဲ့ကာယကံရှင်တိုက်ပွဲမှာ မေတ္တာတရားကြီးလွန်းတဲ့ကာယကံရှင်ဟာထိုက်တန်စွာအနိုင်ရရှိခဲ့ပါသည်။
ဖျတ်ခနဲပွင့်လာတဲ့မျက်ဝန်းတွေ..... ထိုသူရဲ့စကားသံတွေပျောက်ဆုံးနေတဲ့ဒီအခန်းမှာ ၂နှစ်ကျော်ကြာပြီးတဲ့နောက် စကားသံလေးတစ်ခုပဲ့တင်လာခဲ့ပါသည်။
"ချမ်း ~~~ "
ဘယ်လောက်ဘဲကြာကြာ ဒီအသံဟာ ဒီခေါ်သံဟာယခင်အတိုင်းမေတ္တာဓာတ်တွေပျော်ဝင်နေဆဲပါ။
________________________________________
𝙆𝙈𝙏-💜-
𝟐 𝙅𝘼𝙉,𝟐𝟎𝟐𝟐-♒-
ရီဒါတို့တော့မသိဘူး ကျွန်တော်တော့ ချမ်း,အမေလမ်းပြတဲ့အခန်းရေးတာကြက်သီးတွေထလာလို့ 😰
အများကြီးနောက်ကျသွားတဲ့အတွက်ဆောရီးပါဗျ🙏🙏🙏
Continue Reading
You'll Also Like
214K 24.8K 74
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
733K 29.6K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
76.5K 11.8K 53
၉ကြိမ်မြောက် ကြင်ဖက်တွေ့ခြင်း ကျရှုံးပြီးနောက် ရှန့်ဟန် အလုပ်တစ်ခုရလေပြီ။ ဆက်ဆံရေးကောင်း၊ လစာမြင့်၊ နေစရိတ် စားစရိတ်ငြိမ်းနဲ့ အခမဲ့ကမ္ဘာပတ်ခရီးသွားနိ...
1.5M 194K 158